Sunday, September 7, 2008

ဥတ္တရ ယဉ်စွန်းတန်းက ခွပ်ဒေါင်းတို့ရဲ့ မာန်ဟုန်ဝင့်သံ

မောင်မောင်ခင် (ရမ်ဘို)
မောင်မောင်ခင်(ရမ်ဘို) မှာ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တပ်ရင်း (၇၀၁)မှ ဖြစ်ကာ၊ ယမန်နှစ် ဒီဇင်ဘာလက ကမ္ဘာနှင့် အ၀ှမ်းဖြန့်ချီလိုက်သော ရမ်ဘို(၄) ဇါတ်ကားတွင် ဟောလီးဝုဒ် မင်းသား ဆီဗက်စတာ စတောလုံးနှင့် အပြိုင်သရုပ်ဆောင်ခဲ့ သော မြန်မာစစ်တပ်မှ ကာနယ်တင့် အဖြစ် သရုပ်ဆောင်ခဲ့သူ

- အချိန်ကား ၁၉၉၂ သြဂုတ်လ (၈)ရက်နေ့၊ ၈လေးလုံး ပြည်လုံးကျွတ် အုံကြွမှုကြီး အပြီး လေးနှစ် မြောက် ပေါ့၊ ကျောင်းသားတပ်မတော် မြောက်ပိုင်း ဗဟိုဌာနချုပ် ရှိရာ ပါဂျောင် ဒေသ၊ လိုင်စင်ဘွန်း၊ ဒေါင်း မိခင် ခမ်းမမှာ (၈) လေးလုံး နှစ်ပါတ်လည် အခမ်းအနား ကျင်းပ နေချိန်။

ကျနော်သည် ထိုအခမ်းအနား ကျင်းပရာ ဒေါင်းမိခင် ခမ်းမ၏ ထေါင့်တနေရာတွင် မလှုပ်မယှက် ငုတ်တုတ်ထိုင်နေလျှက်။ တော်လှန်ရေး အဖွဲ့အသီးသီးမှ ဧည့်သည်တော်များ နေရာယူပြီးကြသော အခါ အခမ်းနားမှူးမှ ခွပ်ဒေါင်း အလံတော် အလေးပြုရန် အားလုံး မတ်တတ်ရပ်ပေးကြပါ ခင်ဗျားဟု စကားသံ ထွက်ပေါ်လာသည်နှင့် ခမ်းမထဲတွင်ရှိနေသော သူများအားလုံး ကမန်းကတန်း မတ်တတ်ထရပ်ကြသည်။ ထိုအစဉ် အခန်းနားမှူးမှ -
“အားလုံးးးးးးးးးးးးးးးးသတိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော် အား အလေးးးးးးးးးပြု။
နေမြဲ……။
ဒီမိုကရေစီ တိုက်ပွဲတွင် ကျဆုံးသွားကျသော အာဇာနည် သူရဲကောင်းများအား ဦးညွှတ်အလေးးးးးးးးးးးးးပြု” ။

ဟုကြားရသည်နှင့် ကျနော့်ရင်ထဲ၌ ခံစားမှု တစုံတရာ ဖြစ်ပေါ်လာပြီး အတွေးပုံရိပ် အပိုင်းအစများသည် ဟိုအဝေး တနေရာဆီသို့ ခေါ်ဆောင်သွားသည့် နှယ် စိတ်လေတံခွန် လွှင့်လျက်…..လွင့်လျှက်။

သဘာဝတရားမှာ အရုဏ် အလင်း ရောက်ယင် တောရဲ့ သဘာဝအတိုင်း ကျေးငှက်တို့လည်း အိပ်တန်းမှ နိုးးထ ပြည့်ဝတဲ့ အင်အား တွေနဲ့ အနာဂါတ်တခုအတွက် မနက်ဖြန်များစွာကို ရင်ဆိုင်တိုက်ပွဲဝင်ဖို့  မြည်တွန်မြူးတူး အားဖြည့် နေကြလေပြီ ။

လက်ရေ တပြင်တည်း
ကျနော်သည် ခရီးပမ်းလာ၍လား မသိအိပ်ပျော်သွားသည်မှာ တုန်းကနဲ အသိချပ်တဲ့ အချိန်မတော့ ကျေးငှက်တွေရဲ့ အသံများသည် သံစဉ်မျိုးစုံဖြင့် ကျနော်အား ကလူဤသို့ မြူဤသို့ နိုးထရန် လာရောက် အချက်ပြ နေလေပြီ။ ကျနော်မျက်လုံး အစုံကို ဖွင့်ကြည့်လိုက်တော့ စိမ်းလန်းတဲ့တောအုပ် ကြီးထဲ ကျေးငှက်တို့ လှုပ်ရှား နေကြသလို ကျနော်တို့ ရဲဘော်တွေလည်း လှုပ်ရှားနေကြရသည်။ ကျနော့်မျက်စိရှေ့ တည့်တည့်က ရဲဘော် တယောက်သည် သစ်ရွက်များပေါ်တွင် ခင်းထားသော ထမင်းစား မိုးကာ (၂ပေ ၃ပေခန့် ဖြန့်ခင်းထား သောမိုးကားငယ်) ပေါ်သို့ ဟန်းကောထဲမှ ထမင်းများကိုခူး၍ ပုံနေသည်။ ထမင်းကို ဘယ်အချိန်က ချက်လိုက်သည် ကျနော်မသိ ထို့ကြောင့် သိလိုဇောနဲ့ “ အငယ်လေး ထမင်း ဘယ်တုန်းက ချက်လိုက်တာလဲ ” ဆိုတော့ ရဲဘော်အငယ်လေးက “ မနက်လေးနာရီက ထချက်တာ၊ မိုလင်းလာယင် မီးခိုး ရန်သူ မြင်မှာစိုးလို့ ကျနော့်အား ရှင်းပြပြီး ဟန်းကော(စစ်သုံး ထမင်းဘူး) အလွတ်များကို ဆေးကြောရန် ကျောက်ချောင်းလေးရှိရာသို့ ဆင်းသွားလိုက်တော့သည်။ ခဏအကြာတွင် ဟန်ကောအလွတ်များတွင် ရေခတ်လာပြီးသူတို့ တပ်စိတ်ထမင်းစားရန် လှမ်းခေါ်၍ ကျနော့်အား ထမင်းစားရန် လာခေါ်သည်။ ကျနော်လည်းမျက်နှာကို မြန်မြန်သစ်ပြီး ထမင်းစားဝိုင်းထဲသို့ ၀င်လိုက်သည်၊ ထမင်း၏ အလယ်တွင် ဟန်းကောအဖုံးများနှင့် ထည့်ထားသော ဟင်းနှစ်မျိုးကိုသာ တွေ့လိုက်ရသည် ဟင်းပျင်းလှော် နဲ့ ဟင်းပျင်း ဟင်းချိုရည်(ဟင်းပျင်း ဆိုသည်မှာ ကချင်ပြည်နယ်မှာသာ ရှိသော ဟင်းရွက်တမျိုးသာ) သူတို့ တပ်စိတ်တွင်(၆)ယောက်သာရှိသည် ရှေ့တန်းတပ်စိတ်များကို များသောအားဖြင့်(၅ယောက်၊၆ယောက်) သာ စုဖွဲ့ကြသည်။ တိုက်ပွဲက များသည်ဖြစ်လျှင် တနိုင်တပိုင် စီမံကွတ်ကဲနိုင်သည်။ ကင်းစောင့်နေသော ရဲဘော်တယောက်အတွက် ထမင်းနဲ့ ဟင်းကို ခွဲထားပေး၍ ကျနော်နှင့် ကျနှ်(၆)ယောက် ထမင်းဆက်စားကြသည် ။ လက်ရေ တပြင်တည်း ဆိုသော ရှေးထုံးစကားသည် ကျနော်တို့ တော်လှန်ရေးသမားတွေ အတွက် ရေးထားလေသလား မသိခဲ့ပါချေ။ ထမင်းစား မိုးကာနဲနဲမြင့်တဲ့ နေရာမှာ ရဲဘော်က ဟင်းရည်ကို လောင်းချလိုက်ရင် မိုးကာအနိမ့်ပိုင်းတွင် စားနေသောရဲဘော်များမှာ ဟင်းချိုရည်ကို ထပ်ထည့်စရာ မလိုတော့ပဲ စီးလာသော ဟင်းချိုရည်ကို ရွံရှာမှု အလျဉ်းမရှိဘဲ လက်ရည်တပြင်ထဲ စားသောက်ကြရသည်။ ကျောင်းသားရဲဘော်များသည် ဖြူစင်တဲ့ စိတ်ဓါတ်၊ ရိုးသားမှု အရင်းခံ ၊အာဏာရှင်ကို တော်လှန်လိုသော စိတ်တို့ကို အခြေတည်ကာ ညီရင်းအကိုပမာ အသက်ကိုပေး၍ ချစ်ကြသော ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။ ဟင်းပျင်းလှော်ထဲတွင် ကျောက်ချောင်းမှ ကျောက်ပုဇွန်လုံးလေးတွေ ပါနေသဖြင့် ဟင်းပျင်း၏ အချိုဓါတ် ပုဇွန်လုံးများရဲ့ အချိုဓါတ်တွေ ပေါင်းစပ်လိုက်တော့ ကျနော်တို့ရဲ့ တော်လှန်ရေးဟင်းလျာသည် ကြယ်ငါးပွင့်ဟော်တယ်တွင် မှာစားရသည့် (၁၂)မျိုးဟင်းချိုအလား အရသာရှိရှိနှင့် မြိန်ရည်ရှက်ရည် စားလိုက်ကြသည်။ (၅)မိနစ်အတွင်း အလယ်တွင် ပုံထားသော ထမင်းပုံကြီးမှာ ကျနော့်မျက်စိရှေ့အောက်က ပျောက်ကွယ် သွားတော့သည်။ ထမင်းစားပြီးသော် အခါတွင် ရဲဘော်များသည် သူ့နေရာကိုယ့်နေရာတွင် ပစ္စည်းများကို သိမ်းထုပ်ပြီး ကျောပိုးအိတ်ကို မှီကာခွဲတမ်းကျ ဝေထားသော ဆေးမှုန့်ထုပ် (သတင်းစာနှင့် လိပ်သောက်ရသော ဗာဂျီးနီးယားဆေး)ကို ထုတ်၍ လိပ်သောက်ကာ ထမင်းလုံးစီကြသည်။ ဤသည်ကား စနစ်ဆိုးတခုကို တော်လှန်နေတဲ့ တော်လှန်ရေးသမားတို့၏ လောကစည်းစိမ် မဟုတ်ပါလား။ တောထဲတွင် ခြင်ကိုက် ဖြုတ်ကိုက် ဒဏ်ခံနိုင်အောင် သောက်ရင်း ဆေးလိပ် မသောက်တတ်သော ရဲဘော်လည်း ဆေးလိပ်စွဲသွားတတ်ကြသည်။ ထမင်းစားပြီး ဆေးလိပ်တလိပ်ကို သောက်ရင်း ကျနော် စဉ်းစားနေမိသည် ဖိနှိပ်မှုတိုင်းကို တွန်းလှန်ဘို့ ကျနော်တို့ ကျောင်းသားတွေ နိုင်ငံအတွက် ဓါးစာခံ ဖြစ်ပေါ်လာ ရသလားမသိxxx ပေးဆပ်မှုတွေက မကုန်နိုင်သေး စွန့်လွှတ်မှု၊ အနစ်နာခံမှုတွေကလည်း ဒုနဲ့ဒေး များလှသည်။ ပထမတော့ ……

မိသားစုကိုစွန့်xxxxxx
စာသင်ခန်းကိုစွန့်xxxxxx
မြို့ပြကိုစွန့် xxxxxx
မိဘကိုစွန့် xxxxxx
ချစ်သူကိုစွန့် xxxxxxx
လ္ဘက်ရည်ဆိုင်ကိုစွန့် xxxxxxxx

အားလုံးကို စွန့်လွှတ်ပြီး ကြမ်းတမ်းတဲ့ ခရီးကြမ်းမှာ သေနတ်ကို ကိုင် ဦးတည်ချက် ကို မယိုင် လဲရအောင် ငှက်ဖျားနဲ့ စစ်ခင်း သေမင်းကို စိန်ခေါ် အစားဆင်းရဲ အနေဆင်းရဲ စိတ်ဆင်းရဲ ဆင်းရဲမှုတွေ အစုစုနဲ့ ပြည်သူလူထု အာဏာရှင်လက်အောက်မှ လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်နေ သူတွေပါလားဟု စဉ်းစားနေမိသည်။

၎ နှစ်မြောက် ၈ လေးလုံး အခမ်းအနားသို့ တက်ရောက်လာသော KIA မှ ဗိုလ်မှူးပန်းအောင် နှင့် မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် ဥက္ကဋ္ဌ ကိုအောင်နိုင်
ဆေးလိပ်တလိပ်ခန့် အကုန်တွင် ရဲဘော်တယောက်ရောက် လာကာ ကျနော့်အား အတွင်းရေးမှူး ကိုမျိုးဝင်း ခေါ်ခိုင်းသည်ဟု သတိဆွဲ၍ သတင်းလာပို့သည်။ ကျနော်လည်းထလိုက်သွားကာ အမ် (၂၀) သေနတ်အတိုကို အပ်ပြီး သေနတ်အရှည်တလက် ပြန်ထုတ်ပေးသည် ပြီးတော့မှ ကိုမျိုးဝင်းက “ငါတို့ ခရီးဆက်ထွက်ရမယ် အစည်းဝေးတခု လုပ်ဘို့ ရှိတယ် စစ်တပ်ကတော့ ညစ်ပတ်ပြန်ပြီဟေ့ ! ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာမလွှဲတဲ့ အပြင် လွှတ်တော် ကိုယ်စာလှယ်တချို့ကို လိုက်ဖမ်းလို့ တချိုလည်း တောခိုကုန်ပြီ။ အခုရောက်လာတဲ့ ကိုယ်စားလှယ်တွေနဲ့ ငါတို့ ဘာတွေ ဆက်လုပ်မယ်ဆိုတာ အစည်းဝေးဆက်ထိုင်မယ် ဟုရှင်းပြသည်” ပြီးတော့မှ သူ့လက်ကို သူစိုက်ကြည့်ပြီး “ ငါ့လက်က သွေးစွန်းသွားပြီ အဖွဲ့စည်းကို မင်းတို့ပဲဆက် ဦးဆောင်ကြပါဟု” လေးပင်းစွာ ငြီးတွားသလိုမျိုး ဆိုင်းမဆင့် ဗုံမဆင့် ပြောချလိုက်တော့ ကျနော်သည် သူဘာကို ဆိုလိုနေသည်ကို နားမလည် သူဘာများဆက် ပြောမည်ဟု ငံ့လင့် နားစွင့်နေမိသည်။ စကားတခွန်းမှ ထပ်မထွက်လာတော့ သောကြောင့် သဘောမပေါက်သည့် အလျှောက် ကိုယ့်နေရာကိုယ် ပြန်လာခဲ့တော့သည်။

သေကံမရောက် အသက်မပျောက်
ထိုစခန်းလေးတွင် ကျနော်တို့ တပါတ်ခန့် နေခဲ့ရသည်။ ကျနော်ရောက်ပြီး နောက်တရက်တွင် ကိုမျိုးဝင်းက ပြန့် (ခေါ်) နမ္မားသို့ ဆင်းသွားသည် သူ့ပြန်အလာကို စောင့်ရင်နဲ့ သေကံမရောက်တဲ့ အကြောင်းလေးတခုကို သွားသတိရမိသည်။ သုံးရက်မြောက်နေ့တွင် စားစရာ ဆန်နည်းလာ၍ ရွာမှဝယ်ထား သောဆန်များကို သွားထမ်းသောအခါ ကျနော်လိုက်သွားသည်၊လမ်းတွင်ကျနော်တို့၏ ဆလန်ကဘာ (စည်းရုံးရေးမှူး) ဦးစက်အောင်နဲ့ လမ်းတွင်ဆုံကြသည်၊ သူသည် နမ္မားဖက်မှ တက်လာသည် သူ့တွင် နမ္မားတွင် နာမည်ကြီးသည့် မက်စီကျို့(သစ်သီးစိမ်အရက်) ရဲဘော်များ သောက်ရအောင် ပါလာသည်။ ကျနော်လည်း နာမည်ကြီးတဲ့ မက်စိကျို့ကို တခွက်ြမည်းကြည့်လိုက်သည် အရသာတွေ့သွား၍ နောက်တခွက် ထပ်ချလိုက်ပြန်သည်။ အပြန်ခရီးတွင် မက်စီကျို့ အရှိန်လေးနဲ့ ဆန်လေးပြည်အပါအ၀င် သေနတ်ကို ထမ်းခဲ့သည်မှာ ပါလို့ပါမှန်းတောင် မသိ ပေါ့ပါးသွက်လက်၍ လေပေါ်တွင်မြှောက်ကာ မိုက်ကယ်ဂျက်ဆင်ရဲ့ မွန်းဝေါ့ခ် အကထဲကလိုမျိုး ပေါ့ပါးလျှက်ရှိနေသည်။ စခန်းအ၀င်လမ်းကို ကျနော်မမှတ်မိတော့ သတိရလို့ ကြည့်လိုက်သောအခါ အရှေ့ကရဲဘော်တွေလဲ မတွေ့ရ နောက်က ရဲဘော်တွေလည်း မတွေ့တော့ပါ။ ကျနော် လမ်းမှားလာသည်ဟု ချက်ချင်းသိလိုက်သည် လမ်းပြန်ရှာသည် မတွေ့တော့ပါ စခန်းနဲ့ သိပ်မဝေးသေးမှန်းတော့ သိသည်။ တနာရီခန့် ကြိုးစားရှာကြည့်သည် မတွေ့ ဆက်ရှာလျှင် စခန်းနဲ့ ဝေးတော့မည်။ ရောက်တဲ့နေရာမှ သေနတ်တချက် ဖေါက်လိုက်သည်။ (၁၀)မိနစ်ခန့် အကြာတွင် ရဲဘော်နှစ်ယောက် စိုးရိမ်ကြီးစွာဖြင့် လာကြို၍ စခန်းကို ပြန်ရောက်ခဲ့သည်။ စခန်းပါတ်လည်တွင် မိုင်များထောင်ထားကြောင်း ပြောပြီး မိုင်းတာဝန်ယူထားသော ရဲဘော်မှမိုင်းများကို သွားရောက်စစ်ဆေးကြည့်ရာ ကျနော်မိုင်းကြိုးများကို တိုက်ဖြတ်ထားသည်ကို တွေ့ရပြီး မိုင်းခလုပ်နေရာ လျှပ်စီးလိုက်မဲ့ နေရာတွင် ခြတွေ တောင်ဘို့ တည်ထားသောကြောင့် မိုင်းမကွဲဘဲ ကျနော် အသက်ချမ်းသာရာ ရခဲ့ကြောင်း ပြန်ပြောင်းတွေးမိတော့ ကြက်သီးမွေးညင်းများ ထောင်းလမောင်း ထဆဲ။ ခြတွေကယ်လို့ ကျနော်သေကံမရောက် အသက်မပျောက်ခဲ့ရသည်။ သုံးရက်ခန့် စောင့်ပြီးသောအခါ ကိုမျိုးဝင်းနဲ့ ရဲဘော်သုံးယောက် ပြန်ရောက်လာကြသည်။

နောက်တနေ့ မနက်စောစော မြေနုပို့(စ်)တွင် ရဲဘော်ထွန်းလွင် ဦးဆောင်တဲ့ တပ်စိတ်တစိတ် ချန်၍ ကျနော်တို့ ခရီးဆက်ထွက် ခဲ့ကြသည်။ တနေကုန် ဒေါင်းတောက်အောင် လျှောက်ခဲ့သည် ညနေစောင်းတော့ ကျနော်တို့ ခရီးတထောက်နားမည့် ဟိုပင်ပို့(စ်)ကို ရောက်ခဲ့ကြသည်။

မပစ် သေနတ်နဲ့ အမတ်ကြီးများ
ထိုပို့(စ်)တွင် ကျနော်တို့ကို အသင့်စောင့်နေသော ကျနော်တို့ရဲဘော်များနဲ့ မိုးညှင်မြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မောင်နဲ့ မိုးညှင်းမြို့နယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးကြာမြတို့ ကိုပါတွေ့ရသည်။ ဟိုပင်ပို့(စ်)က မြေနုပို့(စ်)နဲ့မတူတဲ့ ဟာတွေကတော့ စခမ်းကို အခိုင်အခန့် ဆောက်ထားသည်ကို တွေ့ရသည်၊ မြေနုပို့(စ်)ကတော့ မြို့နဲ့ နီးလွန်းသောကြောင့် မိုးကာတဲများသာ ထိုး၍နေကြသည်။ နယ်မြေခံရဲဘော်များ နေရာချထားရာတွင် အထုပ်အပိုး များချကာ နားကြသည်။ နောက်တနေ့တွင် ခရီးဆက်မထွက်ပါ လွှတ်တော်ကိုယ်စားလှယ်များနဲ့ အကြမ်းဖျင်း ဆွေးနွေးကြသည်။ ကေအိုင်အေမှ ပေးထားသော နိုင်းမမ ပစ္စတိုကို ခါးတွင်ချိတ်၍ လွှတ်တော်ကိုယ်စားလှယ်ဦးကြာမြ တက်ကြွနေသည်ကို တွေ့တော့ ရဲဘော်တယောက်က ကျနော့်ကိုလာပြောသည်။ “ ဆရာမပစ် သေနတ် မြင်ဘူးလားတဲ့ ” ကျနော်က “ တို့ ကချင်ပြည်နယ်မှာ မခုတ်ဒါးနဲ့ မထိုးလှံပဲ ကြားဖူးပါတယ် အဲဒါက ကချင်တွေ မိန်းမတောင်းရင် လိုတယ်လေလို့ ” ပြောတယ်၊ မပစ်သေနတ်ကို မြင်ဘူးချင်ရင် ဟောမှာ ကြည့်ဟုဆိုကာ ဦးကြာမြခါးက သေနတ်ကို လက်ညှိုးထိုးပြသည်။ သူ့သေနတ် ပစ်ရင်မထွက်ဘူး ခါးမှာချိတ်ထားတဲ့ သေနတ်ဆိုပြီး ဦးကြာမြ မကြားအောင် ပြောပြီး ကြိတ်ရယ်ကြသည်။ ရဲဘော်များသည် တောထဲတွင် ပျော်စရာဆိုတာ မရှိ၍ ကြံဖန်ပြီးပျော်ကြရသည်။ အပျော်အပျက်အဖြစ်သာ နောက် ကြသည် ပြည်သူက တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်တွေကို အသက်ပေး ကာကွယ်ရမည်ဆိုတာ ပြည်သူ့အတွက် တော်လှန်ရေးလုပ်နေသော ကျောင်းသားရဲဘော်တိုင်း၏ စိတ်ထဲတွင် နှလုံးသွင်းပြီးသား ဖြစ်သည်။
၁၉၉၂ ခုနှစ်က ကျောင်းသားတပ်မတော်(မြောက်ပိုင်း -ဗဟို) မှ ၈လေးလုံး အထိမ်းအမှတ် အခမ်းအနား
ကျနော်သည် တနေ့တာရဲ့ အချိန်တွေကို မတွေ့တာကြာ ပြီဖြစ်တဲ့ ရဲဘော်တချို့နဲ့ ရောက်တတ်ရာရာ စကားပြောခြင်းဖြင့် အချိန်ကာလက နိုင်င်ငံရေးအရ ကြီးမားသောကာလဟု ပြောလျှင်ရနိုင်သည်။ ပြည်သူ လူထု၏ နိုင်ငံရေးရေချိန် အမြင့်ဆုံးကိုရောက်နေသည်။ အာဏာရူးတဲ့ စစ်အုပ်စုက လူထုရဲ့ ဆန္ဒကို မျက်ကွယ်ပြုကာ အာဏာကို ဆက်လက်ချုပ်ကိုင်ဖို့ ကြိုးစားနေပြီ။ ကျနော်တို့ တော်လှန်ရေးသမား တွေကလည်း အာဏာရှင် သက်ဆိုးမရှည်ရအောင် နိုင်ငံရေး/စစ်ရေး ထိုးစစ်များ ကိုပြင်ဆင်ကြရန် ဖြစ်ပေတော့သည်။

ခရီးစပြီ
နောက်ရက်တွင်ကျနော်တို့အဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့များလူစုခွဲ၊ စစ်ကြောင်းများခွဲ၍ ကေအိုင်အေနည်းဗျူဟာအမှတ်(၄)သို့ စတင်ချီတက်ကြသည်။ နိုင်ငံရေး/စစ်ရေးထိုးစစ်များပြင်ရန် ကျနော်တို့ကျောင်းသား (ABSDF) ၊အန်အယ်ဒီ(NLD)၊ကေအိုင်အေ(KIA) သုံးဖွဲ့ပေါင်းကာ သုံးပွင့်ပူးပေါင်း စစ်ဆင်ရေးကို စတင်နေပြီ(သ.ပ.စ.က) ထိုအစည်းဝေးလုပ်ရန် ရှေ့တန်းအသီးသီးတွင် ရောက်နေကြသော သုံးဖွဲ့စလုံး၏ စည်းရုံးရေးမှုများ၊ တပ်တွေကို ကေအိုင်အေနည်းဗျူဟာ အမှတ်(၄)တွင် လုပ်ငန်းညှိနှိုင်းအစည်းဝေး ပြုလုပ်ကြရန်ဖြစ်သည်။ ထိုအစည်းဝေးသို့( ABSDF) နိုင်ငံရေးမှုနဲ့ စည်းရုံးရေးမှုများသာ တက်ရောက်ရန်နှင့် တိုက်ခိုက်ရေး တပ်တွေကိုတော့မြို့နဲ့ အနီးဆုံးတွင် ကပ်ထားရန် ကိုမျိုးဝင်းမှ ညွှန်ကြား ချက်ပေးထားသည်။

ငှက်တွေက ကျီစယ်လေသလား
ကျနော်တို့တွင် တိုက်ခိုက်ရေးတပ် အင်အားများများစားစား မပါလာပါ။ အတွင်းရေးမှူး ကိုမျိုးဝင်းရဲ့ လုံခြုံရေးတပ်စိတ် တစိတ်နဲ့ ရဲဘော်နိုင်ဦးနဲ့ ရဲဘော်ခွက်ကြီးတို့ ဦးဆောင်တဲ့ရဲဘော်သစ် တပ်စိတ်တစိတ် စုစုပေါင်းဖွဲ့စည်းပုံ မပြည့်တဲ့တပ်စိတ် နှစ်စိတ်သာဖြစ်သည်။ ထိုလမ်းကြောင်းများမှာ ရန်သူ၏ထိုးစစ်ဆင်သည့် စစ်ကြောင်းများ မရှိသဖြင့် လုံခြုံရေးတပ်များကို မခေါ်လာခြင်းဖြစ်သည်။ ရန်သူရဲ့ ထိုးစစ်မရှိပေမဲ့ ကျနော်တို့ကို တိုက်ခိုက်နေတဲ့ အမြဲတမ်း ရန်သူကတော့ရှိနေသည်။ ဒေသတခုတခုတွင် တမင်းတမူ ကြီးစိုးနေကြတဲ့ ငှက်ဖျားဖြစ်သည်။ ငှက်ဖျားသည် ဒေသတခုနဲ့ တခုမတူကြပါ။ သံလမ်းရိုးငှက်ဖျားသည် ကျနော့်အတွက် အသစ်အဆန်း မဟုတ်ပေးမဲ့ ဖားကန့်ဒေသတွင် တနှစ်ကျော်ကျော် နေလာသောကြောင့် သံလမ်းရိုးငှက်က သူစိမ်းဆန်ဆန်ဖြစ်ခဲ့ ရပြီပေါ့။ အခုတော့ သံရိုးလမ်းငှက်က ကျနော့်ကိုလာ ကျီစယ်နေကြပြီ ။ နားနားနေနေ လျှောက်ခဲ့ကြသော်လည်း ညကင်းစောင့်ကတော့ စောင့်ရသည် မည်မျှပင် အေးဆေးတယ်ပြောပြော တော်လှန်ရေး သတိဆိုတာ ကျနော်တို့မှာ အမြဲရှိကြရသည်၊ ညကင်းစောင့်၍ အိပ်ရေးပျက်လျှင် ငှက်ဖျားက၀င် သည်။ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွဲနေကြတဲ့ တော်လှန်ရေးသမားတွေမှာ ငှက်ဖျားဆိုတာ အထူအဆန်းမဟုတ်ပါ။ ဆေးရှိလျှင် ဆေးကိုသောက် ဆေးမရှိလျှင် မက္ကလောင်ခြစ် (ဒေသကုထုံးတမျိုး)့ ဆေးမရှိလို့ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေလည်း မှတ်တမ်းတင်လို့ပင် မနိုင်။ ဒီလို့နဲ့ပဲ ဖျားလိုက်၊ နားလိုက်၊ သွားလိုက်နဲ့ အာဏာရှင်ကို တော်လှန်နေကြရသည်။ ကျနော်တို့အဖွဲ့ နှစ်ရက်ကျော်ကျော် လျှောက်ပြီးသောအခါ တောင်ယာတခုသို့ ရောက်ခဲ့ကြသည်။


တောင်ယာပန်း နဲ့ ထမင်းဝိုင်း
ထိုတောင်ယာသည် ရင်း(၅)ဂွင်နဲ့ ရင်း(၁၁) ဂွင်ကြားတွင်ရှိသည်။ မိုးညှင်းမြို့နယ်ကို ရင်း(၅)ဂွင်းဟု သတ်မှတ်ထားပြီး မိုးကောင်းမြို့နယ်ကို ရင်း(၁၁)ဂွင်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် ကျနော်တို့ရည်မှန်းချက်ကို ရောက်ရန် သိပ်မဝေးတော့ပါ။ ထိုတောင်ယာတွင် မုဆိုးတယောက် ပြောင်သားခြောက်လာရောင်း သောကြောင့် (၁)နာရီခန့် နားပြီး ထမင်းချက်စားကြသည်။ ကချင်တောပုန်း ရွာများ၊ တောင်ယာများသည် ဟင်းသီးဟင်းရွက်များကို စုံလင်အောင် စိုက်ထားတတ်ကြသည်။ ထို့ကြောင့်ဟင်းကောင်းကောင်း စားရသောနေရာများ ဖြစ်သဖြင့် ရဲဘော်များမှာ တောင်ယာများတွင် နားချင်ကြသည်။ ထိုနေ့ နေ့လည်စာကိုတော့ ပြောင်းသားခြောက်မီးဖုတ်၊ ဟင်းချိုတမျိုးနဲ့ ခရမ်းသီးထောင်းထဲတွင် တောင်ယာပန်း ( ကချင်ပြည်နယ် တောင်ယာများတွင် စိုက်သည့် ဟင်းခတ်အမွေးအကြိုင် ) ထည့်ထောင်းထားသဖြင့် မြိန်ရည်ယှက်ရည် စားသောက်လိုက်ကြသည်။ စားသောက်ပြီးသောအခါ ရဲဘော်တယောက်သည် ဟန်ကောများကို ရေပန်းကျနေသော နေရာသို့ဆေး ကြောရန် ယူသွားရင်း သီးချင်းတပိုင်းတစ ဆိုသွားသည်ကို ကျနော်ကြားလိုက်ရသည်။ “ငါသည်တော်လှန်ရေး xxx လုပ်ရမယ်လေ xxx လူတိုင်းလူတိုင်း လူ့အခွင့်ရေးရှိရမယ် xxx လူတိုင်းလူတိုင်း လူ့အခွင့်ရေးရသင့်ပါတယ်” …. ကျနော်တို့ ရဲဘော်များသည် အသားထုတ်ပေးသောနေ့ ဟင်းကောင်းသောနေ့များတွင် တက်ကြွ၍ အထက်ပါ သီချင်းမျိုးကို ဆိုတတ်ကြပြီး ပင်ပမ်းပြီး ဟင်းမကောင်းရင်တော့ စိုင်းထီးဆိုင်ရဲ့….စိတ်ဓါတ်ကျတယ် ဆိုတဲ့ သီချင်းကို… ဆိုတတ်ကြတယ်လေ။

ထိုတောင်ယာမှ တညအိပ်နှစ်ရက် ဆက်လျှောက်ပြီးသောအခါ ကေအိုင်အေ နည်းဗျုဟာ (၄) တပ်စခန်းကို ရောက်ခဲ့ကြသည်။ ထိုစခန်းသည် ဆားမှော်ရဲ့ အရှေ့မြောက်၊ ထိုပူးရဲ့အရှေ့တည်တည်၊ မိုးကောင်းအရှေ့မြောက်အရပ်တွင် တည်ရှိပြီး စခန်း၏သုံးဖက်တွင် ဆက်စပ်နေသော တောင်ကုန်းများဖြင့် ကာရန်ထားသည် ကျန်တဖက်သည် မြေပြန့်ဖြစ်ပြီး ရွာဟောင်းဖြစ်သည်။ ကျနော်တို့ရောက်ပြီး နောက်နှစ်ရက်အတွင်းမှာ မိုးညှင်းဖက်မှ ခရိုင်မှူးကိုစိန်အေးအဖွဲ့၊ ဆားမှော်ဖက်မှ ဆလန်ကဘာ ဦးထွန်းဖေအဖွဲ့နှင့် NLD(L.A)အဖွဲ့၊ KIAမှလည်း အမှတ်(၅)(၁၁)(၁၅) တပ်ရင်းများနှင့် တပ်းရင်းအမှတ်(၂၅၁) (၂၅၄)အစရှိတဲ့ ဒေသအသီးသီးမှ တပ်များ နိုင်ငံရေး/စည်းရုံးရေးမှူးများ ရောက်လာကြသည်။ ကျနော်နဲ့အတူ ရဲဘော်သစ်များ တပ်စိတ်တစိတ်သည် ချောင်းကလေး၏ တဖက်ကမ်း ရွာဟောင်းလမ်းတွင် ရှေ့ကင်းအဖြစ် တာဝန်ယူနေရပေသည်။

အစည်းဝေးစပြီ
နည်းဗျူဟာ(၄) ကွတ်ကဲမှုဒေသ အသီးသီးမှ တပ်များစုံပြီး ဖြစ်သဖြင့် ၁၉၉၂ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့တွင် ရန်သူကို မည်သို့နိုင်ငံရေး/စစ်ရေးများ ထိုးစစ်ကို ဘယ်လို မြှင့်တင်ဆောင်ရွက်မလဲ ဆိုတာကို စတင်ဆွေးနွေးကြသည်။ ကရင်ပြည်နယ် ကေအန်ယူ ထိမ်းချုပ်ရာ မာနယ်ပလောတွင် နိုင်ငံရေးအရ အားကောင်းသော တပ်ပေါင်းစုကြီးကိုဖွဲ့ပြီး ဒီအေဘီ စစ်ကြောင်းများဖြင့် စတင်ထိုးစစ် ဆင်နေသော အချိန်လည်းဖြစ်သည်။ မြောက်ပိုင်းကျောင်းသားတပ်မတော် ခေါင်းဆောင် ကိုသံချောင်း၊ ကိုလဆိုင်းတို့ အဖွဲ့သည် မြစ်ကြီးနားမြို့ လေဆိပ်အနီး ဧရာဝတီမြစ်တဖက်ကမ်း စန်းကားဖက်သို့ ထိုးစစ်ဆင်ရာ အပြန်တွင် ရန်သူ့လက်နက် (၅)လက်ရခဲ့သည်ဟု စက်သတင်းဝင်လာသည်။ ထိုသတင်းကို ကြားတော့မြောက်ပိုင်း ကျောင်းသားတပ်မတော် အတွင်းရေးမှူးကိုမျိုးဝင်းသည် အားကျမခံ “ ငါတို့ဘက်ကလည်း အနည်းဆုံး (၆)လက်ရမှ ပြန်လာမည် ”ဟု ပြန်ပြောသည်။ ထိုစဉ်က တပြည်လုံးတော်လှန်မှ တပြည်လုံး အောင်ပွဲခံနိုင်မည်ဖြစ်ကြောင်း ဖြတ်ကနဲ တွေးမိနေသေးသည်။


ထမင်းရှာ ရန်သူတွေ့

၁၉၉၂ ဇူလိုင် (၁၂) အစည်းဝေး ဒုတိယနေ့အဖြစ် စတင်ကျင်းပနေသည်။ အစည်းဝေးကို နံနက်(၉)နာရီတွင် စနေကြပြီ ကျနော်တို့ ရှေ့ထွက်အဖွဲ့သည်လည်း နံနက်စာစားပြီး၍ မိမိအိမ်ပြန် ရောက်သည့်အလား စားပြီးဟန်းကေားများကိုပင် မသိမ်းသေး အိပ်ယာခြင်ထောင်များလည်း ဖရိုဖရဲနဲ့ စိတ်အေးလက်အေး ဆေးလိပ်လိပ်သောက် စကားဖေါင်ဖွဲ့နေကြသည်။ ထိုအချိန်မှာပဲ ရုတ်တရက် “ ဝုန်း ”ဆိုတဲ့ အသံနက်ကြီးတခု ကြားလိုက်သည်။ ကျနော့ လက်ပါတ်နာရီကို တချက်ဖြတ်ကနဲ ကြည့်မိလိုက်သည်မှာ နာရီလက်တန်သည် မနက်(၁၀)နာရီကို (၁၀)မိနစ်စွန်းစပြု နေပြီဖြစ်သည်။

ရဲဘော်တယောက်က သူ့ရဲ့ထင်မြင်ချက်ကို အခုလိုပြောနေသေးသည် “ ဒါတောကောင် တကောင် ကောင် မိုင်းနင်းမိတာပဲ ဖြစ်ရမယ် ညနေစာကိုတော့ အသားဟင်းစားရအုံးမယ် ထင်တယ် ” ကျနော်ကတော့ ရဲဘော်တွေကိုလှမ်း သတိပေးလိုက်သည်။ “ အိပ်ယာတွေတော့ သိမ်းထားကြဟေ့ ဘာမှန်းမသိဘူး ” ဟုပြောပြောဆိုဆို နောက်(၅)မိနစ်အကြာတွင် သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ကျနော်လည်း အဲဒီအခါကြမှ စကားပြောစက် ကမှန်းကတမ်း ကောက်ဖွင့်သည်။ ရဲဘော်တွေကို ပစ္စည်းများ အမြန်သိမ်းရန် လှမ်းပြောလိုက်သည်။ သိပ်မကြာပါ လက်နက်ကြီးအသံများ ဆက်တိုက်ကြားနေရသည်။ ဘယ်ကို ကျနေမှန်း ကျနော်တို့မသိ ကျနော်၏ စကားပြောစက်မှ ညွန်ကြားချက်ပေးသံထွက်ပေါ်လာသည်။ ကျနော်၏ တပ်စိတ်ကို သူ့နေရာသို့ အမြန်လာရောက်ပူးပေါင်းရန်ပြောနေသည်။ ကျနော်ရဲဘော်များ မကျန်အောင်စောင့်ခေါ် နေရသည်။ ကျနော်၏ စကားပြောစက်ထဲတွင် ကိုမျိုးဝင်းဆဲသံများ ဆက်တိုက်ထွက်လာသည် “ ဟေ့ကောင် မင်းသေနေပြီလား မြန်မြန်လာပါဆို ” ကျနော်နဲနဲ စိတ်တိုသွားသည်။ ကျနော် ရေချောင်းလေး ဖြတ်အကူးတွင် လက်နက်ကြီးအသံနဲ့အတူ လဲကြသွားသည် ရွံနဲ့ချော်၍ လဲကျသွားခြင်း ဖြစ်သည်။ ကျနော်ပြန်ထပြီး ပါတ်ဝန်းကျင်ကို အကဲခတ်လိုက်သည် ကျနော်တို့ တဲဖက်က ဝါးရုံများ ရန်သူရဲ့ လက်နက်ကြီးဒါဏ်ကြောင့် မြေကြီးတွင် ပြားပြားဝပ်ကာ ခံစားနေကြလေပြီ။

ကျနော်၏ တပ်စိတ်သည် ခဏအတွင်းမှာပင် အတွင်းရေးမှူး ကိုမျိုးဝင်း ဆီသို့ရောက်သွားကြသည်။ ထိုအခါတွင် ကိုမျိုးဝင်းသည် စောစောက သူမဆဲထားတဲ့ မျက်နှာမျိုးနဲ့ ကျနော့်ကို အပြုံးနှင့်ကြိုဆို၍ “ မင်းတို့ဖက်က လက်နက်ကြီးကျည်တွေ တအားကျနေတော့ ငါက စိုးရိမ်နေတာ ” ဟု မှတ်ချက်ပြု ပြောသည်။ နောက် ဆားမှော်ဖက် တာဝန်ယူရသည့် စစ်မြေပြင်ထောက်လှမ်းရေး ရဲဘော်ဗညားမှ ကျနော့်အား လှမ်းနုတ်ဆက်၍ ပလပ်စတစ်ခွက်ထဲမှ အရက်တခွက်ကို လှမ်းပေးသည်။ ကျနော်လည်း လှုပ်ရှားနေတဲ့ စိတ်တွေငြိမ်သွားအောင် အဖြေမပေးပဲ တချိုးထဲ မော့ချလိုက်သည်။ ပြီးမှ အခြေအနေ မေးကြည့်သည်။ “ စခန်းလုံခြုံရေးအတွက် ကေအိုင်အေ တပ်စိတ် တစိတ်တင်ထားတဲ့ ကုန်းဖက်ကို ရန်သူဝင်လာလို့ မိုင်းအရင် ထကွဲတယ် ကင်းစောင့်နေတဲ့ ရဲဘော်တယောက်က လွဲလို့ ကျန်တဲ့ရဲဘော်တွေမရှိ ကြဘူးတဲ့ ကင်းစောင့်တဲ့ ရဲဘော်လည်း အောက်ကိုပြေးဆင်းရော ရန်သူက အဲဒီကုန်ကိုယူပြီး အပေါ်စီးက ပစ်နေတာ လက်နက်ကြီးက ဒီကိုကျော်ပြီး မင်းတို့ဖက်သွား ကျနေလို့ အတွင်းရေးမှူးက စိတ်ပူနေတာ ”ဟု ရဲဘော်ဗညားမှရှင်းပြသည်။ အဲဒီအချိန်အထိ ကျနော်တို့ဖက်က သေနတ်သံ တချက်မျှ မထွက်သေးပါ။ ရန်သူစီးထားသော ကုန်းကိုပြန်တက်ထိုးဖို့ ပြင်ဆင်နေကြသည်။ ကျနော်တို့ ကျောင်းသားတပ်ဖွဲ့လည်း တိုက်ခိုက်ရေး အင်အားကို ထုတ်နုတ် ပြန်လည်စုဖွဲ့သည်။ ရဲဘော်မြအောင်နဲ့ ရဲဘော်တာတီး ဦးဆောင်တဲ့ တပ်စိတ်တစိတ်။ ကျနော်နဲ့ ရဲဘော်ဗညား ဦးဆောင်တဲ့ တပ်စိတ်တစိတ် စုစုပေါင်းတိုက်ခိုက်ရေး တပ်စိတ်(၂)စိတ်သာ ထုတ်နုတ်နိုင်သည်၊ ရဲဘော်နိုင်ဦးကိုတော့ ရဲဘော်သစ်များကို အုပ်ချုပ်ရန် NLD(L.A) အဖွဲ့နဲ့ ထားခဲ့ရသည်။ ကေအိုင်အေ တပ်တွေတော့ ကုန်းကိုဝိုင်း၍ စတင်တက်ထိုးနေပြီ ဖြစ်သည်။ ကေအိုင်အေမှ တဖွဲ့ လန်၍ဆင်းလာသည်ဟု သတင်းကြားသောအခါ ကိုမျိုးဝင်းသည် ဗျူဟာမှူးထံ ကျနော်တို့အဖွဲ့ တက်ထိုးမည်ဟု ခွင့်သွားတောင်းသည်။ အဲဒီအချိန်တုန်းက ဗျူဟာမှူးက ဗိုလ်မှူးလဇိန်ဘောက်နော် (လိုင်ဇာတွင် ဗုံးခွဲလုပ်ကြံခံရ၍ သေဆုံးသွားသူ)၊ ဒုတိယ ဗျူဟာမှူးက ဗိုလ်မှူးလဆမ်အောင်ဝါ(ယခု ကေအိုင်အေ ခွဲထွက်)။ ဗိုလ်မှူးလဇိန်ဘောက်၏ ခွင့်ပြုချက် ရသည်ဆိုရင် အတွင်း ရေမှူးမျိုးဝင်းသည် သူစိတ်ကြိုက်ရဲဘော်များနှင့် စိတ်ကြိုက်လက်နက် တပ်ဆင်ကာ တက်ထိုးရန် ထွက်သွားသည်။ ကျနော်နဲ့ ဗညားဦးဆောင်တဲ့ တပ်စိတ်က ပွိုင့်(5) လုံခြုံရေးအတွက် လက်နက်ကြီး ကုန်းတွင် နေရာယူရသည်။ ညနေပိုင်းရောက်မှ အပြင်းအထန်ပြန်လည်း တိုက်ခိုက်တော့ ရန်သူက ခံစစ်အနေအထားကို ပြန်ရောက်သွားသည်။ တတောလုံး တတောင်လုံး ကာဗိုက်ယမ်းငွေ့များနဲ့ ဖုံးလွှမ်းနေသည် ရန်သူဖက်မှ အော်သံ/ဆဲဆိုသံများ ထွက်ပေါ်နေဆဲ။
မောင်မောင်ခင်(ရမ်ဘို) လဲ စစ်သားကြီးလုံးလုံး ပေမဲ့ ဘုရား၊ တရားတော့ မမေ့ခဲ့ပါ
ညပိုင်းကို ၀င်ရောက်လာ သောကြောင့် အမှောင်ထုက တဖြေးဖြေး ဖုံးလွှမ်းစပြုလာသည်။ ကျနော်တို့ရဲ့ ပွိုင့်(5)စက်ကြီး ပစ်လျှင် မီးရောင်များ ပါတ်ဝန်းကျင် တ၀ိုက်လင်းလျက် သွားစေသည်။ စက်ကြီးသေနတ်ကို တာဝန်ယူ ပစ်ခတ်ရသော ကချင်ရဲဘော်မှာ လက်နက်ကြီးဆူညံသံကြောင့် နားအုံကွဲကာ နားမကြားရတော့ပါ့….ပြင်းထန်သည့် စက်ကြီးသေနတ်သံများကို ကာကွယ်ရန် နားကျပ်တို့ ဦးထုတ်တို့ စသည့် အကာအကွယ်များ မရှိမှုကြောင့် ထိုရဲဘော်၏ နားစည်သို့ပြင်းထန်တဲ့ စက်ကြီး သေနတ်သံများက ဖျက်စီးပြစ်လိုက်ပြီ ဖြစ်သည်၊ ရန်သူ၏(၆၀)မော်တာ ကျည်ဆံများလည်း တခါတရံ ကျနော်တို့ဖက်သို့ ရစ်ဝဲလာနေခြေပြီ။ ထို့ကြောင့် စက်ကြီးသေနတ်ကို နေရာရွေ့ရန် ညွန်ကြားချက်ဝင်လာသည်။ ပွိုင့်(5)သေနတ် ရွေ့ရန်သာ ညွန်ကြားချက်ပါပြီး ကျနော်တို့ တပ်စိတ်နေရာရွှေ့ရန် ညွန်ကြားချက်ပါမလာ။ ပွိုင့်(5)စက်ကြီးအဖွဲ့ ရွေ့သွားသောကြောင့် ကျနော်တို့ တပ်စိတ် ထိုနေရာတွင် ကျန်နေကြသည်။ တိုက်ပွဲကြားထဲတွင် နေရာယူ၍ စကားပြော ဖြစ်နေကြသည်။ ထိုတပ်စိတ်တွင်ကျနော်ရယ် ရဲဘော်ဗညား၊ ရဲဘော်ဝင်းရွှေ၊ ရဲဘော်ခွက်ကြီး၊ ရဲဘော်မြင့်ဝင်း၊ ရဲဘော်အငယ်လေး စုစုပေါင်း (၆)ယောက်ဖြစ်သည်။ မိုးချုပ်လာ၍ သေနတ်သံများက မစဲသေး ယမ်းငွေ့များကြားတွင် ယမ်းနံ့များကြောင့် ရဲဘော်တိုင်း ထမင်းစားချင်စိတ် သိပ်မရှိကြပါ။ သို့သော်လည်း ဗိုက်ထဲမှ အစာအိမ်ရဲ့ အချက်ပေးမှုကြောင့် ထမင်းစားရန် သိလာရပြန်သည်။

တွေ့ပြီ ထမင်း
တိုက်ပွဲဖြစ်လျှင် အနီးစပ်ဆုံးရွာများမှ ထမင်းဟင်းချက်၍ ထမင်းထုပ်များ ပို့ပေးကြသည်။ ရွာနဲ့က မနီး ထမင်းလည်း မချက်နိုင်သော တိုက်ပွဲများတွင် ရိက္ခာခြောက်ရှိလျှင်ရှိ မရှိလျှင် ဆန်ကိုဝါးစားပြီး တိုက်ကြရသည်။ ယခုတိုက်ပွဲတွင် ထမင်းထုပ်များ တိုက်ပွဲကြားထဲ လိုက်ဝေနေသည်။ ကျနော်တို့ဖက် မရောက်လာ၍ တောင်ကြောအတိုင်း သွားပြီး ထမင်းထုပ်နေသော နေရာလိုက်ရှာကြသည်။ လက်ပါတ်နာရီကို ကြည့်လိုက်တော့ ည(၈)နာရီ(၄၅)မိနစ် ရှိနေချေပြီ၊ သစ်ပင်ခြေရင်းတွင် ၀ပ်နေသော ကချင်ရဲဘော်များကို ကျနော်တို့ ကချင်လို မေးကြည့်သည် “ အေ့ခေါင် ရှပ်ဂရာကော့ ငါအီး ” (ယောက်ဖ ထမင်းက ဘယ်မှာလဲ )ဟု ရဲဘော်ဗညားမှ မေးလိုက်သည် “ရှောင်းတဲ့” (အရှေ့မှာ)ဟု ကချင်ရဲဘော်မှ ပြန်ဖြေသည်။ ကျနော်တို့ ရှေ့ကိုဆက်သွားပြီး မေးတော့ စောစောက အတိုင်းသာဖြေသည်။ တောင်ကြောအတိုင်း ကေအိုင်အေ ရဲဘော်များ ၀ပ်၍ နေရာယူနေကြသည် ကျနော်တို့(၆)ယောက်ကတော့ လမ်း လျှာက်ပြီး ထမင်းထုပ်သာ လိုက်မေးနေတော့သည်။ ဆက်မေး၍သာ လာခဲ့ရာ အရှေ့နားတွင် ထမင်းထုပ်ခြင်းတောင်ကြီးကို တွေ့သဖြင့် တယောက်ကို နှစ်ထုပ်စီယူပြီးသောအခါ အရှေ့ကို ဆက်သွားခိုင်းသောကြောင့် ကျနော်မေးလိုက်သည် “အရှေ့မှာ ဘာရှိလဲ ယောက်ဖ” ကချင်တပ်မှူးတယောက်က “အရှေ့မှာ ရန်သူပဲရှိတော့တယ်”ကျနော်ကြောင် သွားသည်။ ငါတို့ကို ဘာလို့သွားခိုင်းတာလဲလို့ မေးတော့ “မင်းတို့ တက်ထိုးမလို့ လာတာ မဟုတ်ဘူးလား ”“မဟုတ်ဘူး၊ ငါတို့ ထမင်းထုပ်လာယူတာ” မင်းတို့ တက်ထိုးပါဟု ပြောလာသည်။ အဲဒီအခါကြမှ ကျနော် သေသေချာချာ သိလိုက်သည်မှာ ကုန်းပေါ်ကို တက်ထိုးလိုက် ပြန်လန်ကျလာလိုက် ဖြစ်နေသောကြောင့် ကချင်ရဲဘော်များ တက်ထိုးရန် တုန့်ဆိုင်းနေကြသည် ဖြစ်သောကြောင့် ကျနော်တို့ကို တက်ထိုးခိုင်းခြင်း ဖြစ်သည်။

ထိုစဉ် လကလဲ မိုက်၊ ဗိုက်ကလဲ ဆာ၊ ဥတ္တရ ယဉ်စွန်းတန်း တနေရာဆီ မတော့ ညဦးယံကို ကာဗိုက်ယမ်း ရနံ့တွေနဲ့ သုတ်လူးထားလို့ နေတယ်။ ထမင်းထုပ်များကိုဖွင့်ပြီး လက်မဆေးနိုင်တော့ပါ၊ ထမင်းစားယင်း ရဲဘော်ဗညားနဲ့ ကျနော်တိုင်ပင်သည်။ ကျနော်တို့ ရင်ဆိုင်ကျားတက်ထိုးရန် ကျနော်တို့ တပ်စိတ်၏ လက်နက်များမှာ အကောင်းမရှိ တိုက်ပွဲဝင်အဆင့်ရှိသော လက်နက်မျာကို ရွေးယူသွားပြီဖြစ်သည်။

တက်မထိုးဘူး ပြောလျှင်လည်း ခွပ်ဒေါင်းသွေး မနီရာကြတော့မည် သွေးကြောင်သည်ဟု ထင်တော့မည်။ ကျနော်ကိုင်ထားသော ကာဘိုင်သေနတ်မှာ တိုက်ပွဲဝင်အဆင့် မရှိ ကျည်ဆံအတောင့်(၄၀)သာ ရှိသည်၊ ဗညားကိုင်ထားသော စတင်းဂမ်းက ပိုဆိုးသည်။ ထိုကြောင့်ကျနော်နဲ့ ရဲဘော်ဗညားတို့ ကချင်တပ်မှူးနဲ့ လက်နက်အလဲအလှယ် လုပ်ရန်ဆွေးနွေးသည် သူတို့တွင်လည်း မရှိကြောင်း သူတို့နဲ့အတူ တွဲ၍ ကျားတက်ထိုးရန်သာ ပြောနေတော့သည်။

ထို့ကြောင့် ရဲဘော်အငယ်နဲ့ ရဲဘော်ခွက်ကြီးကို နောက်သို့ ပြန်ခေါက်ခိုင်း၍ ကျနော်ရယ် ရဲဘော် ဗညား၊ ကျနော်နဲ့အတူ ဖားကန့်နယ်မြေမှ ပြန်လာသော ရဲဘော်ဝင်းရွှေ၊ ရဲဘော်မြင့်ဝင်း စုစုပေါင်း(၄)ယောက်သည် လက်နက်များ မကောင်းပေမဲ့ ရန်သူကို တပွဲတလမ်း အကဲစမ်းလိုသော သူများဖြစ်သောကြောင့် ကျားတက်ထိုးရန် နေခဲ့ကြလေတော့သည်။ ကျနော်တို့ လေးယောက်နှင့်အတူ ကေအိုင်အေ ရဲဘော်သုံးယောက်သည် ရန်သူနဲ့ အနီးဆုံးတောင်ကုန်း၏ အောက်ခြေတွင် ဖြန့်တက်ရန် နေရာယူထားပြီး ထမင်းထုပ်ကိုဖွင့်ယင်း ထမင်းစားရင်း တက်ထိုးရန် အမိန့်ကို စောင့်နေကြသည်။
၎နှစ်မြောက် ၈လေးလုံး အောင်းမေ့ဖွယ် အခမ်းအနားတုန်းက

တော်လှန်ရေး ဆိုတာ
ကျနော်နဲ့ ရဲဘော်ဗညား ကပ်လျက်ထိုင်နေကြသည်၊ ကေအိုင်အေမှ စကားပြောသံများ ကျနော်တို့စက်ထဲကို ၀င်လာသည်။ ကျောင်းသားတပ်မတော်မှ အရာရှိတယောက်ကျတယ်၊ အမိန့်စာ ပြန်တမ်းဖတ်ဖို့ ပြင်နေကြသည်။ မည်သူမည်ဝါ ဆိုတာတော့ အတိအကျမသိပါ။ ရဲဘော်ဗညားမှ ကျနော့်အားလှမ်းပြောသည် “ငါတို့ဆီက တယောက် ကျသွားပြီးတဲ့” လက်နက်ကိုင် တော်လှန်ရေး တရပ်ကို ဆငိနွှဲမှတော့ သေမင်းနဲ့ မိတ်ဖွဲ့ပြီးသားပဲကွာ ဘယ်တတ်နိုင်မလဲဟု ဖြေရင်း ခြင်နဲ့ဖြုတ် တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် ရက်ပီတိုခြင်ဆေးရည်ကို မျက်နှာနဲ့နားများကို လိမ်းပြီးအတွေးကိုယ်စီနဲ့ အမိန့်ကိုစောင့်နေကြ၏။

မိုးတွင်းဖြစ်သဖြင့် ယမ်းငွေ့များကိုဖြတ်သန်းပြီး ကျရောက်လာသော မိုးပေါက်များသည် ကျနော်တို့လိမ်းထားသော ခြင်ဆေးများကို အရည်ဖျော်ပစ်လိုက်ပြန်သည်။ ကျနော် ငုတ်တုတ်ထိုင်းရင်း တခါတခါ မှေးကနဲ မှေးကနဲ အိပ်ပျော်သွားသည်။ ကျနော်ရဲ့ ငိုက်မျဉ်းမှုကို မိုးဖွဲမိုးပေါက်များက မဖျက်ဆီးနိုင် သို့သော်လည်း ဖျက်ဆီးနေသော အရာများက ရှိသည် ခြင်နဲ့ဖြုတ်၏ အတင်းအဓမ္မ ထိုးစစ်ဆင်မှုနဲ့ ရန်သူကြေးစားတပ်၏ သွေးရူးသွေးတမ်း ပစ်ခတ်နေသည့် ဂျီဖိုးသေနတ်သံများ ဖြစ်သည်၊ ထိုကြောင့် မှေးကနဲ ငိုက်လိုက် လန့်နိုးလာလိုက်နဲ့ မနက်အရုဏ် အလင်းပိုင်းကို ၀င်ရောက်လာသည် တညလုံး တဖွဲဖွဲကျနေသော မိုးပေါက်မိုးဖွဲကလေးများလည်း ပျောက်ကွယ်သွားပြီ ပါတ်ဝန်းကျင်ကို ကြည့်လိုက်တော မှုံဝါးဝါးနဲ့ မြင်နေရသော သစ်ပင်များတောင်ရိပ်များကို တဖြေးဖြေးနဲ့ ထင်ထင်ရှားရှားမြင်ရလာပြီး………ကျနော်တို့ စကားပြောစက်ထဲကို အသင့်ပြင်ထားရန် ညွန်ကြားချက် တချို့ဝင်လာသည်။

ညဦးပိုင်း ကုန်းကို ကျားတက်ထိုးခဲ့တုန်းက ရန်သူမှ အပေါ်စီးက အမှောင်ထုကို အကာကွယ်ယူ၍ ကျနော်တို့မတက်နိုင်အောင် ပစ်အားကို သုံးပြီးကာကွယ်ခဲ့သည် ထို့ကြောင့် သုံးကြိမ်တိတိ ကျနော်တို့ဖက်မှ လန်ဆင်းခဲ့ကြရသည်။ ညတိုက်ပွဲကို ဆက်ဆင်နွဲလျှင် ကျနော်တို့ဖက် အထိနာတော့မည် မိမိအင်အားကို မိမိဖြုန်းတီးရာ ရောက်ပေတော့မည်။ ဗိုလ်မှူးလဇိန်ဘောက်သည် ထိုအချက်ကို သိသည် တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သူလည်းဖြစ်၍ ထိုကြောင့်မိုအလင်းကို စောင့်နေခြင်းသာ ဖြစ်သည်။
ဥတ္တရ စစ်မြေပြင်မှာ ကျား တက်ထိုးစဉ်

စိတ်ဓါတ်အင်အားနဲ့ ကျားတက်ထိုးပြီ

ကျနော်တို့ကို ကျားတက်ထိုးရန် ညွှန်ကြားချက် ၀င်လာလေပြီ။ သစ်ပင်အောက်တွင် တက်ရန် တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေသော ကချင်ရဲဘော်လေးကို တွေ့သောအခါ ရဲဘော်ဗညားမှ သူ့ စတင်းဂမ်းနှင့် ထိုရဲဘော်လေး ကိုင်ထားသော M(21) သေနတ်ကိုလဲ ယူလိုက်ပြီး ငါတို့တက်တော့မယ် မင်း ဒီမှာပဲနေခဲ့ဟု ပြောကာ တောင်ကုန်းလေးကို ဖြန့်တက်ခဲ့ကြသည်။ ၅မိနစ်ခန့် ဖြေးဖြေးတက်လာ ပြီးသောအခါ ကျနော်တို့ရဲ့ ဘယ်ဖက်တောင်ကုန်းမှ ဂျီ(4)ဖြင့် ရမ်းပစ်နေသည်ကို ကျနော်တို့ သိလိုက်ရသည်။ ကျနော်တို့ကို ညွန်ကြားချက်ပေးတာက ညာဖက်ကို ပစ်ရှင်းပြီး တက်ခိုင်းနေပြန်သည်။ စကားပြောစက်ဖြင့် ကချင်အရာရှိ ဗိုလ်ကို ကျနော်တို့ ပြန်ပြောသောအခါ ဘယ်ဖက်မှာ ကိုယ့်လူတွေရှိတယ် အချင်းချင်း ပစ်မိမည်ဟု ပြန်ပြောသည်။ ကျနော်တို့လည်း ပစ်လိုက် အော်လိုက် ဆဲလိုက် တက်လိုက်နဲ့ သိပ်မကြာလိုက်ပါ ကုန်းကြောထိပ်သို့ ရောက်သွားသည်။ ကျနော်လည်း အော်ဆဲပြီး ပစ်တက် တက်သွားသည် “မအေ-ိုးတဲ့ ခွေးတွေ ဘယ်ရောက်ကုန်ပြီလဲ ထွက်ခဲ့လေ” အော်သာအော်သည် ဘယ်ဖက်မှလည်း ပစ်ခတ်မှု မရှိတော့ချေ၊ ကုန်းပြောင်ပြောင် အလယ်တွင် ပစ္စည်းတွေကို စုပုံထားသည်၊ တောစပ်တွင် သေနေသော ရန်သူ့ရဲဘော် ကလေးစစ်သား အလောင်း(၂)လောင်းကို မဆွဲနိုင်ပဲ ပစ်ထားသည်ကိုသာ တွေ့ရသည်။

တချို့ နေရာများတွင် အလောင်းများကိုမြှုပ်ထားသော မြေစာပုံများနှင့် မကွဲသော ကေအိုင်အေ လုပ် လက်ပစ်ဗုံးများကိုလည်း တွေ့လိုက်ရသည်။ အခြေအနေကို ကျနော်သုံးသပ်လိုက်မိသည် ရန်သူလည်း တော်တော်အထိနာ သွားပုံရသည်။ ကျနော်သည် ကုန်းကြောပြောင်ပြောင်တွင် (၂)မိနစ်ခန့် ဟိုလျှောက်ဒီလျှောက်နဲ့ ကျနော့်ရဲဘော်များအား လှမ်းပြောနေသည် “ ဒီမှာ ပစ္စည်းတွေ ဒီကောင်တွေ သယ်တောင်မသွားနိုင်ဘူး ” ထိုအချိန်မှာ ကျနော်နဲ့(၅)လှမ်း အကွာတွင် သစ်ပင်အကြီးတပင် ခြေရင်းမှ ခေါင်းတလုံး ပြူထွက်လာပြီး ကျနော့်ကို လှမ်းမေးလိုက်သည် “မင်းတို့ ဘယ်အဖွဲ့ကလည်း” အခြေအနေကို သူစကားဆုံးတာနဲ့ တွက်ဆမိသောကြောင့် ကျနော်နောက်ကို ချက်ချင်းလှည့်၍ ကျန်သူများပါပစ်နိုင်ရန် “ရန်သူ”ဟု ကျနော်အော်လိုက်သည်နှင့် နှစ်ဖက်၏ ပစ်ခတ်သံများ ဆူညံသွားတော့သည်။ ရဲဘော်ဗညားမှ ကျနော့်အား လှမ်းပြောလိုက်သည် “ဟိုမှာ ၀င်းရွှေလဲနေပြီ ထိသွားပြီ” ဒါဆိုရင် မင်းနဲ့ငါသွားဆွဲမယ်။ ကျနော်တို့ နှစ်ယောက် ရဲဘော်ဝင်းရွှေဆီရောက်လို့ သူ့သေနတ်ကို ရဲဘော်ဗညားမှ ကောက်ကိုင်လိုက်ရင်ပဲ ရန်သူရဲ့သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ရဲဘော်ဗညားမှ ကျနော့်အားလှမ်းပြောသည် “ငါတော့ ထိသွားပြီ” ကျနော်လည်း သိချင်ဇောနဲ့ ဘယ်မှာထိတာလဲဟု မေးလိုက်မိသေးသည်။ “ငါမသိဘူး မင်းငါ့ကို ကာပစ်ပစ်ပေး ငါကုန်းအောက်ကို ဆင်းပြေးမယ်” ကျနော် ကာပစ် ပစ်ပေး နေသောအချိန်တွင် ရဲဘော်ဝင်းရွှေ သေနတ်ကိုကိုင်ပြီး ရဲဘော်ဗညား ပြေးဆင်းသွားသည်။ ကျနော်ဗညားကို တချက်လှည့်ကြည့်လိုက်သည် သူ …. ပြေးအဆင်းကို ရန်သူ၏ ကျည်များသည် သူ၏ ဘေးနားတွင်ရှိသော သစ်ကိုင်းသစ်ရွက်များကို တဖေါက်ဖေါက်မြည်သံနှင့် ထိုးဖေါက်ဖျက်စီး နေကြသည်။ ကျနော်တို့ သူတို့ရဲ့ပစ်ကွင်း၊ သတ်ကွင်းထဲကို ရောက်နေကြပြီ် ဆိုတာကို သိလိုက်ရသည်။ ရန်သူက သူတို့အင်အားခြင်း မယှဉ်နိုင်သည်ကို သိ၍ ပစ္စည်းများကိုပုံကာ နည်းပရိယာယ် ဆင်ထားခြင်းဖြစ်သည်။ ရန်သူရဲ့ လှည့်စားမှု စစ်နည်းဗျုဟာ အကွက်ထဲကို ကျနော်တို့ ရောက်နေခြင်းဖြစ်သည်။ ရဲဘော်ဗညားတော့ လွတ်သွားပြီ ကျနော်ပြားပြားဝပ်၍ ရန်သူ့ပစ်ကွင်းထဲမှာ ကျန်နေသည်၊ ခေါင်းထောင်၍လည်းမရ ရဲဘော်ဝင်းရွှေ၏ ဒါဏ်ရာ လိုက်ရှာကြည့်နေမိသည် ကိုယ်ပေါ်တွင် ဘာဒါဏ်ရာမှ မတွေ့ရပါ။ သူရဲ့ နောက်ဖက်သစ်ရွက်များပေါ်တွင် ဖြူဖြူအဖတ်များ ကိုသာတွေ့ရသည်။ ထိုကြောင့် သူမျက်နှာကိုကြည့်မိလိုက်သည်။ နဖူးတွင် မှန်ထားသောကြောင့် ဦးခေါင်းနောက်ပိုင်း ပွင့်ထွက်သွားသည်။ သစ်ရွက်ပေါ်တွင် တွေ့လိုက်သော ဖြူဖြူအဖတ်တွေက သူရဲ့ဦးနှောက်များ ထွက်နေခြင်းဖြစ်သည်။
ရေခဲပြင်ပေါ်က မြောက်ပိုင်း ကျောင်းသားတပ်မတော်

ဒဏ်ရာရပြီ

သေနတ်သံနဲနဲ ကျဲလာသောကြောင့် ရဲဘော်ဝင်းရွှေရဲ့ အီကွတ်မင့်ကို ဖြုတ်ရန် ခေါင်းထောင်လိုက်သောအခါ ရန်သူရဲ့ပစ်ခတ်တဲ့ သေနတ်သံနဲ့အတူ ကျနော်၏ဦးခေါင်းကို အလွန်မတန်မှကြီးမားတဲ့ တူကြီးနဲ့ အထုခံရသကဲ့သို့ ဖြစ်သွား၍၀ပ်လျက် မိချောင်းသွားကို နောက်ပြန်ဆုတ်သွားပြီး ၀ပ်နေလိုက်သည်။ သိပ်မကြာပါ ကျနော်ရဲ့ဆံစများမှ နေ၍ သွေးစက်ကလေးများ စတင် စီးဆင်းလာသည်။ ထိုအခါမှ ကျနော်အသိ ပြန်ဝင်လာပြီး ဦးခေါင်းကို လက်နဲ့စမ်းကြည့်သည် ရဲဘော်ဝင်းရွှေကဲ့သို့ ဦးခေါင်းတွင် အပေါက်ဖြစ်နေသည်ကို မစမ်းမိ သို့သော်ဦးခေါင်းမှ သွေးများစီးကျလာသည် တဖြည်းဖြည်းများလာသည်။ အတွေးတခု ကျနော်တွင်ဝင်လာသည် ထိထားသည့် ဒဏ်ရာမှာ သေလောက်တဲ့ ဒဏ်ရာ ဟုတ်မဟုတ် ကျနော်မသိနိုင် သွေးပူနေချိန်ဖြစ်သည်။ ငါသေရင်တော့ ဒီကုန်းပေါ်မှာ မသေချင် ရဲဘော်တွေရှိတဲ့ နေရာမှာသာ ပြန်သေချင်သည်ဟု စဉ်းစားမိသည်။ ကျနော်ဝပ်နေသည့် နေရာနှင့် နှစ်လှမ်းခန့်မျှ ဆင်းပြေးနိုင်လျှင် ပစ်ကွင်းက လွတ်သည်။ သို့သော် ကျနော်မှာ ခေါင်းထောင်ဖို့ကို အခြေအနေ မပေးဖြစ်နေသည်။

ကျနော်ငြိမ်ငြိမ် နေလိုက်သောကြောင့် ရန်သူက ကျနော်သေပြီဟု ထင်ပုံရသည် သေနတ်သံ ခဏရပ်သွားသည်။ ကျနော်သည် လူရွှင်တော်များ ပျက်လုံးထုတ်သည့် မဟာဇနက္က စကားသုံးခွန်း ဆိုတာကို သွားသတိရမိသည် သင်္ဘောရွက်တိုင်ပေါ်က မခုန်ချခင် စကားသုံးခွန်းပြောဘူးတယ် အဲဒါက တစ် နှစ် သုံးတဲ့ ကျနော်သေဘေးနဲ့ ကြုံတော့ မဟာဇနက္ကထုံးကို နှလုံးမူပြီး သေနတ်သံလည်း တိတ်ရော တစ်… နှစ်… သုံး ဆိုထပြေးတော့ ရန်သူကျည်ဆံများ ကျနော်နောက်ကို အပြေးအလွှား ဒလဟော လိုက်လာကြသည်။ သိုသော် ကျနော်ကိုမမှီ ကျနော်ပစ်ကွင်းက လွတ်လာတော့ ကျန်နေတဲ့ ရဲဘော်မြင့်ဝင်းကို ထပ်လှမ်းခေါ်လိုက်သည်။ “မြင့်ဝင်း ဆုတ်မယ် မင်းတယောက်ထဲ မနေခဲ့နဲ့” “ဟုတ်ကဲ့ ကျနော် လေးငါးချက်လောက်တော့ ပြန်ပစ်လိုက်မယ်”ဟု ပြန်ပြောပြီး ဆက်ပစ်နေသည်။

ပြီးတော့မှာ ကုန်းပေါ်တွင် စစ်တပ်မှ လည်းစည်းတခုကို ဖြုတ်ယူနေသည်။ အဝါရောင် လည်စည်းလေးကို ကြည့်လိုက်တော့ ခမရ(၂၅၉)စာတမ်းကို ထိုးထားသည်။ ထိုအချိန်တွင် ကျန်နေသော ကေအိုင်အေမှ ရဲဘော်များရောက်လာကြသည်။ ကျနော်က အေအိုင်အေ တပ်စိတ်မှူးကို “ငါတို့တော့ထိထားပြီ ပြန်ဆင်းတော့မယ် ဒီကောင်တွေ ပစ်အားက နှစ်ယောက်လောက်ပဲ ရှိတော့တယ်”ဟု ပြောပြီးဆင်းလာကြသည်။ ကုန်းအောက်နားတွင် သွေးတိတ်ဆေးနဲ့ အသင့်စောင့်နေသော ဆေးမှူးနှစ်ယောက်ကို တွေ့သည်။ ထိုဆေးမှူးနှစ်ယောက်သည် ကျနော်နဲ့ ရဲဘော်ဗညားကို လက်မောင်းကို အကျီမချွတ်ပဲ သွေးတိတ်ဆေးတချောင်းစီ ထိုးပေးပြီး။ ကျောင်းသားဆေးမှူး ဗြောက်သောက်(နံမည်ပြောင်)နဲ့ ကျန်ရဲဘော်တယောက် ခေါ်ဆောင်လာသည့် ကျောင်းသားနဲ့ NLD(LA) ရှိတဲ့ နေရာကို ပြန်လာခဲ့တော့တယ်။

အဆိုးထဲတွင် ကံကောင်းကြသူများ
ကျည်လွတ်ရာ ပြန်ရောက်မှ ကျနော်တို့ ဒဏ်ရာများကို ထုံးဆေးမပါ အစိမ်းချုပ်ကြသည်။ ကျနော်က ဦးခေါင်းထိပ်တွင် ရှပ်မှန်းပြီး ရဲဘော်ဗညားမှာ နောက်ကျောကို ကျောပိုးအိတ်နဲ့ကြားမှ ဖောက်ထွက်သွားပြီး အသီးသီး ရှပ်မှန်ကြသည်။ ကျနော်တို့ နှစ်ယောက် ကံကောင်းသည်လို့ ပြောရမည်။ ကျနော်ကို နောက်ထပ်(၀့ ၅) စင်တီမီခန့် ဒဏ်ရာအောက်ကျလျင် ကျနော်အသက်ရှင်စရာ အကြောင်းမရှိ။ ရဲဘော်ဗညားသည်လည်း နောက်(၀့ ၅ )စင်တီမီတာ လောက် ဒဏ်ရာအထက်ကို တက်လျှင် အာရုံကြောကိုထိ၍ အောက်တပိုင်းလုံး သေသွားနိုင် သည်။ ကျနော်၏ ကျောပိုးအိတ်ကြည့်လိုက်ရာ ကျည်ဆံဖောက်ထားသည့် အရာများကိုတွေ့ရသည်။ ကျောပိုးအိတ်အတွင်းမှ အ၀တ်အစားများတခုမှ အကောင်းမရှိ၊ မုတ်ဆိတ်ရိတ်တဲ့ဗူးကို ထိမှန်သွား၍ ဘရိတ်ဓါးများ ကော့လန် ကောက်ကွေးသွားသည်။ သို့သော်ကံဖယ်သည်ဟု ပြောနိုင်မည် ကျောပိုးအိတ်ထဲတွင် ထည့်ထားသော ယမ်းဘီလူး(တီအန်တီ)နဲ့ ကက်ကို ထိမှန်ခြင်းမရှိပေ၊ အကယ်၍များ ကက်နဲ့ တီအန်တီကို ထိမှန်လျင် ထပေါက်ပွဲပြီး ကျနော်၏ ခန္ဓာကိုယ်မှာ တစစီဖြစ်သွားမည် သေခြာသည်။ အခုတော့ ကံကောင်းသောကြောင့် သေဘေးမှလွတ်လာသည်။

တချို့ရဲဘော်များ ကျဆုံးသွားခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရသောကြောင့် စိတ်မကောင်းဖြစ်နေရသည်တော့ အမှန်ပင်ဖြစ်သည်။ ကျနော်တို့ဆင်းခဲ့ပြီး သိပ်မကြာလိုက်ပါ နံနက်(၁၀)နာရီကျော်ကျော်တွင် ကုန်းကိုအပြီး သိမ်းလိုက်နိုင်ပြီဟု သတင်းဝင်လာသည်။ နေ့လည်ပိုင်းရောက်တော့ အပြီးအပိုင် ရှင်းလင်းပြီး ရန်သူတပ်မှရသော လက်နက်ကြီး ကျည်ဆံများလက်နက်များ စားစရာရိက္ခာများ စသည်တို့ကို အများအပြား သိမ်းစည်းရမိသည်။ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ခဲ့သော စစ်ကြောင်းကို ဒုဗိုလ်မှူးကြီးတင်အုန်း ဦးဆောင်ပြီး ခမရ(၂၅၈)မှ တပ်ခွဲတခွဲနဲ့ ခမရ(၂၅၉)တပ်ခွဲတခွဲ ခြေမြန်တပ်များဖြင့် ကျနော်တို့ ဂွင်ကို ထိုးစစ်လာခြင်းဖြစ်သည်။ ခမရ(၂၅၉) ခံပစ်နေချိန်တွင် ခမရ(၂၅၈)မှ စစ်ကူသွားခေါ်ရန် လွှတ်လိုက်ခြင်းဖြစ်သည်။ ထိုအချိန် ကျနော်တို့ ကျောင်းသားများ မြန်မာစကားပြော၍ တက်သွားခြင်းကို သူတို့စစ်ကူလာခဲ့သည်ဟု ထင်ခဲ့သည်။ အပစ်ခဏရပ်ပြီး လှမ်းမေးသောကြောင့် ကျနော်တို့အား ကြောင်ပြီး ပက်ပင်း တိုးခဲ့ခြင်းဖြစ်သည်။ နယ်မြေတဝိုက် ရှင်းလင်းသောအခါ တချို့စစ်သားများသည် ငှက်ဖျားမိပြီး လမ်းဘေးတွင် သေနတ်များကိုချကာ ငုတ်တုတ်ထိုင်နေသည်ကိုသာ တွေ့ရသည်။ နောင် … ထိုသုံ့ပန်း စစ်သားများကို ဖမ်းမိ၍ဆေးကုပေးပြီး ပြန်လွှတ်လိုက်သည်ဟု သိရသည်။
ယဉ်စွန်းတန်းမှာ နေရစ်ပေတော့ ရဲဘော် ၀င်းရွှေ
ရန်သူတော့ တော်တော်အထိနာသွားသည် တပ်ခွဲ(၂)ခွဲလည်း ဖွဲ့စည်းပုံပျက်ပြီး တစစီဖြစ်သွားသည်။ ဒုဗိုလ်မှူးကြီးတင်အုန်းလည်း ဘယ်လိုထွက်ပြေးသွားသည်မသိ လွတ်မြောက်သွားသည်။ ကျနော်တို့ဖက်လည်း ၁၁ယောက်ကျဆုံး၍ သုံးဆယ်ကျော်ဒဏ်ရာရသည်။ ထိုတိုက်ပွဲတွင် ကျနော်တို့ ကျောင်းသားတပ်မတော်မှာ အတွင်းရေးမှူး ရဲဘော်မျိုးဝင်း နဲ့ ရဲဘော်ဝင်းရွှေနှစ်ယောက် ကျဆုံး၍ ကျနော်တို့နှစ်ယောက် ဒဏ်ရာရသည်။ ကျနော် ပြန်စဉ်းစားမိသည် တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးသွားသူများဟာ စနစ်ဆိုးရဲ့ သားကောင်များသာဖြစ်သည်။ စစ်ကိုမတိုက်ချင်ပဲ တိုက်နေကြရသည်ကို ကျနော်မျက်မြင်တွေ့ခဲ့ပြီး သေဆုံးကျဆုံးသွားသူများမှာ ဘာအပြစ်မှမရှိကြပါ မိမိအာဏာအတွက် စနစ်ဆိုးကို ဖန်တီးသူများသာ တာဝန်အရှိဆုံး ဖြစ်နေလေတော့သည်။

ရှေ့တန်း တောတွင်းဆေးရုံ
ကျနော့်မှာ ဒဏ်ရာသွေးထွက် များထားတာရယ် အိပ်ရေးပျက်ထားတာရယ် ယမ်းငွေ့များကြောင့်ရယ် ခေါင်းမူးနေသည်၊ ရဲဘော်ဗညားသည်လည်း ကျနော်ကဲ့သို့ဖြစ်နေလိမ့်မည်ဟု ကျနော်ထင်မိပါသည်။ ကျနော်တို့နှစ်ယောက်ရဲ့ ဒဏ်ရာတွေကို အသီးသီးချုပ်ပြီးသောအခါ ကျနော်တို့ရဲဘော်များမှ ထမင်းယူလာပေးသည် ဟင်းကတော့ အမဲသားဟင်းပေါ့ ထမင်းစားပြီးသောအခါတွင် အခါမှေးစင်းလာသော မျက်လုံးများကို အနားပေးရန် ကျနော့်တို့ တရေးစီ စိတ်ချလက်ချ အိပ်ပြစ်လိုက်ကြသည်။ အိပ်ယာမှနိုးသောအခါ ဆေးရုံမှာ ကျနော်တို့နှစ်ယောက်သွားနေရမည် ဆိုသောကြောင့် ဆေးရုံရှိရာဖက်သို့ လာခဲ့ကြသည် ဆေးမှူးများကို ကျနော်တို့နာမည်များ စာရင်းသွင်းပြီး သူတို့နေရာချထားပေးသော နေရာတွင်လှဲချလိုက်သည်။ ဆေးရုံဆိုပေမဲ့ မြို့ဆေးရုံများလို မထင်လိုက်နဲ့ လူနာများနေဖို့ တဲတန်းရှည်တခုသာဖြစ်သည်။

ဆေးရုံဆိုသောနေရာတွင် ဆေးမရှိပါ ကျနော်တို့ဒဏ်ရာ ကျက်ရန် ပယ်နယ်စလင် မထိုးပေးနိုင်ပါ။ ဒဏ်ရာပြင်းထန်သော သူများကိုသာ ပယ်နယ်စလင်းထိုးပေးသည် အဘယ်ကြောင့်ဆိုသော် ဆေးဝါးအလုံလောက် မရှိသောကြောင့်ဖြစ်သည်။ ဆေးရုံတွင် ကချင်တိုင်းရင်း ဆေးဆရာများလည်း ပူတွဲထားသည်။ ထိုတိုင်းရင်း ဆေးဆရာများသည် တောထဲတွင် သဘာဝတောတောင် တောဆေးမြစ်များနဲ့ လူနာများကိုကုသည်။ ရဲဘော်ဗညားကိုတော့ ဆေးရွက်တမျိုးထောင်းပြီး တိုက်သည် ကျနော့်ကိုတော့ ဆေးရွက်တမျိုးကို တရက် သုံးကြိမ်းဝါးစားရသည်။ ထိုတိုက်ပွဲတွင် ဒဏ်ရာရသူများထဲတွင် ကျနော်တို့နှစ်ဦးမှာ အသက်သာဆုံးဖြစ်နေသည်။ ကချင်ရဲဘော်များသည်လဲ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရကြသည်။ အနာရင်းမှာ ဆိုသောကြောင့်လား မသိ စားစရာကိုတော့ တခြားမကျွေးပါ၊ ဆွန်ထန်(မုန့်ညှင်းချဉ်ခြောက်) ဟင်းရည်တမျိုးတည်းသာ ကျွေးသည်။ စားစရာတခြား ဘာမှမရှိ တောထဲတွင် ဝယ်စား၍လည်း မရ၊ ဒါပေသိ ကျနော်တွင် နို့ဆီတဗူးပါလာသည်။ ထိုနို့ဆီးဗူးသည် ရန်သူ့ထံမှ သိမ်းဆီးပစ္စည်းများတွင် ပါလာ၍ ကျနော်၏ ရဲဘော်မောင်မဲ(ယခုသေဆုံး)ဲမှ ကျနော့်အား လာပေးထားခြင်းဖြစ်သည်။ ကျနော်တို့နှစ်ယောက် ထိုနို့ဆီဗူးလေးကို ဖျော်သောက်ပြီး အားမွေးနေကြရသည်။

နောက်တရက်တွင် ထိုဗျူဟာစခန်းတွင် တိုက်ပွဲနိဂုံးချုပ် သုံးသပ်ချက် အစည်းဝေးတခု ပြုလုပ်ပြီး ဗျူဟာစခန်းတခုလုံး ပြန်ဆုတ်ခွာမည်ဟု ညွန်ကြားချက် ရောက်လာသောကြောင အားလုံးပြင်ဆင်ကြရသည်။ လူနာတွေထဲတွင် လမ်းမလျှောက်နိုင်သူက များသည်၊ ထိုလူနာများကို ထမ်းစင်များနှင့် ထမ်း၍ခရီးထွက်ကြ ပြန်သည်။ လမ်းတွင် အင်းကြီးတခုကို ဖြတ်ရသည် ထိုအင်းကြီးသည် မိုးတွင်းဖြစ်နေသောကြောင့် ရေပြည့်နေသည်။ ကျနော်တို့ ဖြတ်ကြတဲ့အခါ ပခုံးထိရေမြုပ်နေသည်။ လူနာများကို ထမ်းရသော ရဲဘော်များမှာလည်း လူနာတွေကို ရေမထိအောင်မကြရသည် ထမ်းကြရသည်၊ တော်တော်ခက်ခက်ခဲခဲ နိုင်လှသည်။ ရဲဘော်ဗညားမှာ ကျောက ဒဏ်ရာမပြင်းသောကြောင့် လမ်းလျှောက်ရသည် လျှောက်လည်း လျှောက်နိုင်သည် ရေးကူးရမည်ဆိုသောအခါ အနာကိုရေမစိုအောင်းကူးဖို့ အခက်ခဲဖြစ်လာသည်။

ထိုကြောင့် ပလပ်စတစ်ရေပုံးကို လုံအောင်ပိတ်ပြီး ဝမ်းဗိုက်အောင်တွင် ထည့်ကာ ရေပြင်ကျယ်ကြီးကို ကူးရပြန်သည်။ အင်းကြီးဖြတ်ပြီးသောအခါ ကျနော်တို့ စစ်ကြောင်းကို အသင့်ကြိုဆိုနေသော ကိုင်းကွင်းကျယ်ကြီးကို တဖန်တွေ့လိုက်တော့ ကြည်နူးမိသလိုလို ဒီ… မျက်စိတဆုံး ဖြစ်နေတဲ့ ကွင်းပြင် ကြီးကိုကြည့်ပြီး ငါတို့ တော်လှန်ခရီးလမ်းဟာလည်း ဘယ်လောက်ကြာရှည်စွာ ဖြတ်သန်းကြရအုံးမလဲ မသိဟု တွေးတောရင်း ခံစားမှု ရင်မှာ မောဟိုက်လာပြန်သည်။ ထိုကိုင်းကွင်းကို တနာရီမျှ လျှောက်ပြီးသောအခါ ကွင်းထဲတွင် အင်ပင်များကို တစတစနှင့် တွေ့မြင်လာရပြန်သည်။ ထိုအခါ ကျနော်စိတ်တွေ နဲနဲတက်ကြွလာပြန်သည်၊ ကျနော့်အတွေ့အကြုံအရ အခုလို အင်ပင်တွေ စိတ်လာလျှင် မကြာသောအချိန်တွင် ကိုင်းကွင်းကြီး အဆုံးသတ်တော့မည်။ သိပ်မကြာလိုက်ပါ ကိုင်းကွင်းဆုံး၍ တောတန်းရှည်ကလေးကို ချဉ်းနင်းဝင်ရောက်လာ ခဲ့ကြပြီ။ ကျနော်တို့ စစ်ကြောင်းကြီးသည် လူဦးရေများသောကြောင့် ခရီးမတွင်လှပေ လူနာများကို တရုတ်နယ်စပ်ရောက်မှ ဆေးပြည့်ပြည့်စုံစုံနဲ့ ဆေးကုသရမှာ ဖြစ်သောကြောင့် ရည်မှန်းချက်ကို ရောက်ရန် နေ့ရော ညပါ ခရီးနှင်ကြသည်။

သဲတွေကလည်း ဒုက္ခပေးတတ်တယ်
ခရီးစထွက်လာပြီး နှစ်ရက်အကြာရောက်တော့ လမ်းလျှောက်သူတွေ စစ်ကြောင်းကို မှီရန်ကြိုစားပြီး လိုက်နေကြရသည်။ မိုးရာသီးတွင် ခရီးထွက်ရတော့ ခန္ဓာကိုယ် အောက်ပိုင်းသည် အမြဲစိုစွတ်နေသည် လမ်းခရီးတွင် ရေချောင်းငယ်ပေါင်းများစွာ ရေအိုင်ပေါင်းများစွာကို ဖြတ်ကျော် လျှောက်ခဲ့ရသောကြောင့် ကျနော်တို့၏ ခြေထောက်များကို သဲမှုန်ကလေးများ ၀င်ရောက်ဒုက္ခပေးလာသည်။ ကျနော်တို့စစ်ကြောင်းတွင် လူတိုင်းသဲဝဲစားခြင်းကို ခံကြရသည်။ နားသောအချိန်များတွင် စစ်ဖိနပ်ကိုချွတ်လိုက်လျှင် ခြေထောက်များသည် ပဲကြီးတွန့် တွန့်ပြီး နီရဲကာကိုက်နေတော့သည်။ မိုးတွင်းစစ်ဖိနပ်စီး၍ ခရီးရှည်ထွက်သောအခါ ကြုံတွေ့သည့် ဒုက္ခတမျိုးပင်၊ ထိုအချိန်မျိုးတွင် ဖိနပ်မပါဘဲလမ်းလျှောက်လျှင် မြက်ပင်ပဲဖြစ်ဖြစ် တခြားဘယ်အရာနဲ့ဖြစ်ဖြစ် ထိမိလျှင် အသည်းခိုက်နာကြရသည်။ ထိုအခါ ကျနော်သည် ခေါင်းကဒဏ်ရာက ပြည်စတည်နေပြီ ကျနော်တို့ နေ့ရောညပါ သုံးရက်ခရီး အပြင်းနှင်ခဲ့သောကြောင့် ဧရာဝတီမြစ်ကို ရောက်ခဲ့ပြီ။ နေရာကို စုံစမ်းကြည့်တော့ ဆင်ဘိုအထက်နားကနေ ဧရာဝတီမြစ်ကိုဖြတ်ရမည်။ အခုတော ဧရာဝတီရဲ့ အနောက်ဖက်ခြမ်း တောတွင်းတနေရာတွင် အိပ်ကြ၍ မြစ်ကူးရန် စီစဉ်မှုကို စောင့်ကြခြင်းဖြစ်သည်။

နံနက်(၃)နာရီတွင် ထ၍ မြစ်ကမ်းသို့ ရောက်အောင် လမ်းနဲနဲ ဆက်လျှောက်ခဲ့ကြသည်။ မြစ်ကမ်းနံဖူးကို ရောက်သောအခါ အမှောင်ထုကို အကာကွယ်ယူပြီး လက်ဖြင့်လှော်သောလှေ ငါးစီးဖြင့် ကျနော်တို့ လူတွေကို ခေါက်တုန့်ခေါက်ပြန် ကဲကြိုနေသောရွာသားများကို တွေ့ရသည်။ စစ်ကြောင်းက လူများသောကြောင့် ကျနော်တို့စီးရသော အချိန်သည် နံနက်ငါးနာရီးကျော် ခြောက်နာရီးနီးပါး ဖြစ်နေပြီး မိုးလင်း၍အရာရာကို ထင်ထင်ရှားရှား မြင်တွေ့နေရပြီ မြစ်အရှေ့ကမ်းရောက်တော့ ကျနော်တို့ လမ်းဆက်လျှောက်ရသည် မိုးကလေးက တဖွဲဖွဲရွာနေသည် ဧရာဝတီမြစ်ထဲသို့ စီးဝင်နေသော ချောင်းသေးလေးတခုကို ဖြတ်ကြရသည်။ ချောင်းကလေးမှာ ရေအနည်းငယ်သာရှိပြီး သူ၏ကမ်းပါးဇောင်းမှာ ဝါးတပြန်မျှ မြင့်နေသောကြောင့် ချောက်တခုကဲ့သို့ ဖြစ်နေပြန်သည်။
စနစ်ပြောင်းချင်လို့ တိုက်တဲ့သူတွေရဲ့ ၄နှစ်မြောက် အထိမ်းအမှတ်နေ့
ထိုကမ်းပါးဆောင်းလေးကို ဖြတ်ကူးရန်အတွက် သစ်ပင်ငယ်တပင်ကို လှဲထားပြီး ဘေးနှစ်ဖက်တွင် ဝါးဖြင့်လက်တန်းကလေး လုပ်ထားသည်။ တံတားလေးမှာ ကနွဲ့ကလျနဲ့ ကျနော်တို့စစ်ကြောင်းမှ သူများသွားလို့ရအောင် ကြိုးစားအားယူနေဟန်နှယ်။ ကျနော်ထိုတံတာလေးကို ကူးဖို့အလှည့်ရောက်လာတော့ အရှေ့က သူများသွားထားသောကြောင့် ထိုတံတားလေးမှာ ရွှံ့တွေနဲ့ချော်နေလို့။ ကိုယ်ပေါ်က ကျောပိုးအိတ်တလုံး အီးကွတ်မင့်နဲ့ သေနတ်ကို လွယ်ထားရ၍ မိုးဖွဲဖွဲကလေးရွာအချိန်မှာ ရွံများနဲ့ ချော်ပြီးမကျသွားအောင် ဝါးတန်းနှစ်ဖက်ကို သေသေချာချာ အားပြုထားရသည်။ ထိုအချိန် သတ္တဝါတမျိုးက ဒုက္ခပေးပြန်သည် အဲဒါကတော့ တခြားအကောင်ကြီးများ မဟုတ်ပါ “ဖြုတ်”များသာဖြစ်သည်။ ကျနော်၏အရေပြားသည် သူများနဲ့မတူ ခြင်နဲ့ ဖြုတ်ကိုက်ခံရလျှင် ပိုယားတတ်သည် အဖုများမှာ ပိုပြီးကြီးယောင်ကာ အဆိပ်တက်လွယ်သည်။ အခုတော့ သွေးဆာနေသော ထိုသတ္တဝါများ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်းကို ခံစားရပြီး လက်နှစ်ဖက်က ဝါးတန်းနှစ်ခုကို ကိုင်ထားရသည် ခြေထောက်က ချော်မကျ အောင်ရွေ့လျား ရပြန်သည်။ မျက်နှာနဲ့ နားရွက်များကို ပြွတ်သိတ်အောင် ကိုက်သဖြင့် လက်တဖက်က တခါခါလှုပ်ရှားကာ ဖြုတ်များနဲ့ပြွတ်သိပ်နေသော မျက်နှာကို လှမ်းပွတ်သပ်ရသည် ပြုတ်မကျအောင်လဲ ယိမ်းထိုးနေသော တံတားကိုထိန်းပြီး လျှောက်ရသေးသည်။

မျက်နှာကို သဲနဲ့ဆုပ်ပက် သကဲ့သို့ဖြစ်နေသည် ကျနော်ဘ၀တွင် ဤကဲ့သို့ ဆိုးဆိုးဝါးဝါး ဖြုတ်ကိုက်ခံရခြင်း မကြုံဘူးပါ ထိုတံတားလေးကို မိနစပိုင်းမျှ ဖြတ်ကူးပြီးသောအခါတွင် ကျနော့်မျက်နှာတခုလုံးမှာ ဖြုတ်ကိုက်ခံရသောကြောင့် ယားယံလွန်းလို့ မျက်နှာဆက်တိုက်ကို ပွတ်နေမိသည်။ အီကွတ်မင့်ထဲမှ မှန်ကလေးကို ထုတ်ကြည့်လိုက်တော့ မျက်နှာတွင် အပိန်းပိန်းတွေ ထပြီး ယောင်ကိုင်းနေသည်။ ကျနော်တို့မိနစ်(၃၀)ခန့် ဆက်လျှောက်ပြီးသောအခါတွင် တောင်ယာဟောင်းတခုသို့ ရောက်ခဲ့ကြသည် ထိုတောင်ယာဟောင်းတွင် အရှေ့မှာ ရောက်နှင့်သူများက နားနေကြပြီဖြစ်သည်။ နောက်ချန်အဖွဲ့များလည်း မြစ်ရဲ့ အရှေ့ခြမ်းသို့ ကူးလာပြီ ဖြစ်သောကြောင့် ထိုတောင်ယာဟောင်းတွင် နား၍ နံနက်စာ ချက်စားကြသည်။

အား မရှိတော့ဘူး
တောင်ယာဟောင်းတွင် ပါလာသော ရိက္ခာများဖြင့် ချက်ပြုတ်စားကြသည်။ သို့သော် ပါလာသောရိက္ခာတွင် အရေးအကြီးဆုံးဖြစ်တဲ့ ဆားက အလုံအလောက် ပါမလာ။ တောတွင်း တော်လှန်ရေးသမားများအတွက် အဓိက ရိက္ခာမှာဆန်နဲ့ဆားပဲဖြစ်သည် ကျန်တဲ့ဟင်းကိုတော့ သဘာဝက ပေးထားပြီးဖြစ်သည်နှင့် အမျှ ရှာဖွေစားသောက်ရသည်။ မြစ်ကိုကူးပြီး ဒုတိယနေ့ ကျနော်တို့တွင် ဆားလုံးလုံးပြတ်သွားသည် စစ်ကြောင်းတွင် ပါလာသော(NLD_LA)အဖွဲ့တွင် သွားရှာကြည့်တော့ သူတို့လည်း ကျနော်တို့နဲ့ အတူတူ ဆားပြတ်နေပြီ။ ဆားမပါတဲ့ဟင်းနဲ့ နှစ်နှပ်စားပြီး ခရီးဆက်ကြသည်။ လမ်းခရီးတွင် တောင်ကုန်းများကို ကျော်ဖြတ်ရသောကြောင့် တောင်တက်လျှင် ချွေးထွက်များ သည်။ ချွေးထွက်လျှင် ကျနော့်တို့၏ ခန္ဓာကိုယ်အတွင်း ဆားဓါတ်များချွေးနဲ့အတူ ရောပါသွားသည်၊ ခန္ဓာကိုယ်အတွင်း ကျဆင်းလာသော ဆားဓါတ်ကို ပြန်ဖြည့်စရာ ဆားမရှိသောကြောင့် ကျနော်အပါဝင် တခြားသူများလည်း နုံးပျော့လာကြသည် လမ်းလျှောက်ဖို့ အခက်ခဲဖြစ်လာသည်။ ထိုအချိန်မှာ အလယ်တန်းတွင် သင်ခဲ့ဘူးသော ကဗျာတပုဒ်ကို သွားသတိရလာသောကြောင့် ပါးစပ်မှ ရေရွတ်လိုက်မိသည်။ “ဝါးပြာထည့်ကြို အိုးနားတိုနဲ့ ဆောင့်ကြောင့်ထိုင်ကာ မွှေလိုက်မယ်၊ --- ချိုပေစွ ဟင်းချိုကို၊ု စလောင်းတို အခြေပဲ့နဲ့၊ အာခေါင်မှာ ပူအောင်ထည့်လို့၊ မြိုလှဲ့ကွယ်လေး” ဒီစာချိုးလို ဟင်းချက်တဲ့ အချိန်မှာ ဝါးအခြောက်များကို ထင်းအဖြစ်သုံးပြီး ကြွေကျလာသော ဝါးပြာများကို ချက်ထားသော ဟန်းကောအိုးထဲသို့ ဆားအဖြစ်ထည့် ရောမွှေလိုက်သည်။

ပြီးတော့မှာ ရဲဘော်တယောက်ကို “စားလို့ရပြီ မြည်းကြည့်” ဟုပြောလိုက်သည်။ ထိုရဲဘော်မှ ဟင်းဇွန်းနဲ့ ခပ်သောက်ပြီး ထွေးထုတ်လိုက်သည်။ ခါးတယ်စားလို့ မရတော့ဘူးဟု ပြောသောအခါ ကျန်သူများက ကျနော့်အားဝိုင်းရယ်ကြသည်။ ကျနော်လည်း အရှက်ပြေလိုက်ရယ်ပြီး ဟင်းကိုဇွန်းနဲ့ ခပ်သောက် ကြည့်ပြန်သည်။ ပြာတွေနဲ့ ရောနေသောဟင်းသည် စားလို့မရတော့ပါ။ ထိုကြောင့် သွန်လိုက်ရသည် ဆားမပါသောဟင်းကို ပြန်ချက်စားကြပြီး ခရီးဆက်ခဲ့သည်။ လေးလံသော ခြေထောက်များကို သယ်ဆောင်ရင်း တလှမ်းခြင်း လှမ်းခဲ့ကြသည် မိုင်ထောင်ချီသောခရီးကို ခြေတလှမ်းမှစရသည် ဆိုစကားမှန်သည်။ တရက်လျှောက်ပြီးသောအခါ ညအိပ်နားကြသည် နောက်ရက် နံနက်စောစောတွင် နားလုံရွာသို့ ရောက်လာကြသည် ရွာတွင်စားစရာများ ၀ယ်စားပြီး ဖျားနာသော ဒဏ်ရာရသော လူနာများကိုတင်ရန် လှည်းများကိုဆင့်ခေါ်သည်။ လှည်းများရသောအခါ ဖျားနာသူများနှင့် လူနာများကို လှည်းများဖြင့် တင်ဆောင်ပြီး ခရီးဆက်ရပြန်သည်။ လှည်းတန်းရှည်ကြီဖြင့် ကျနော်တို့စစ်ကြောင်း ဖြတ်သွားပုံမှာ အလှူလှည့်သကဲ့သို့ ဖြစ်နေသည်။ နားလုံရွာ ချောင်းတဖက်ကမ်းတွင် ရန်သူ့တပ်စခန်းတခုရှိသည် ထိုစခန်းသည် ကျနော်တို့ဖြတ်သွားတာမြင်တိုင်း လှမ်းပစ်လေ့ရှိသည်။
သို့သော်အခု ကျနော်တို့ အဖွဲ့များသောကြောင့်လားမသိ ပစ်ခတ်မှုတစုံတရာမှ ပြုလုပ်ခြင်းမရှိပါ။ နားလုံမှ တရက်လျှောက်လျှင် တရုတ်နယ်စပ်၊ လိုင်ဇာသို့ ညနေပိုင်းတွင် ရောက်ခဲ့ကြသည်။ လိုင်ဇာရွာထဲတွင် တအိမ်ကိုနှစ်ယောက် သုံးယောက်ခွဲ၍ တည်းခိုကြသည်။ နောက်တရက်မနက်တွင် လိုင်ဇာမှ ကျနော်တို့ တပ်စခန်းရှိရာ နောင်ရာပါစခန်းသို့ ရောက်လာကြသည်။ ကျနော်တို့ရောက်သောအခါ စခန်းတွင်ရှိနေသော ရဲဘော်ရဲမေများက လမ်းဝဲယာတွင် တန်းစီပြီး ပန်းစည်းများဖြင့် လက်ကမ်းကာ ကြိုဆိုနေကြသည်။ ရှေ့တန်းပြန်ကြိုဆိုပွဲတဲ …. ! စားသောက် ပျော်ရွှင်တဲ့သူတွေ ရှိသလို ကျနော့်စိတ်ထဲမှာတော့ ဆို့နင့်၍ ခံစားမှုတခုပြင်းထန် နေခြင်းမှာ တိုက်ပွဲတွင် ကျဆုံးသွား သောရဲဘော်များအတွက် ကျနော်၏ မျက်ဝန်းအိမ်မှ မျက်ရည်များအလို အလျောက်စီးကျလာတော့သည်။ ထိုစခန်းတွင် တရက်နားပြီး ကျနော်တို့ဗဟိုဌာနချုပ်ရှိရာ ပါဂျောင်ဒေသ၊ လိုင်စင်ဘွန့်ကို ခရီးဆက်ခဲ့ကြသည်။ကျနော်တို့ အခြေချရာ လိုင်စင်ဒေသ
ဌာနချုပ်ရောက်တော့ ရှစ်လေးလုံး(၄)ပြည့် နှစ်ပါတ်လည်အတွက် ကျောင်းသားရဲဘော်ရဲမေများ အလုပ်ရှုပ်နေကြသည်။ ထိုအခမ်းအနားသို့ တော်လှန်အဖွဲ့အစည်း တော်တော်များများကို ဖိတ်ကြာထားသည် တော်လှန်ရေးခေါင်းဆောင်အသီးသီး ထိုအခမ်းအနားကို ရောက်နှင့်နေကြပြီ အခန်းနားစတာနဲ့ တိုက်ပွဲခွပ်ဒေါင်းအလံကို အလေးပြုကာ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများကို အလေးပြုပြီး ခေါင်းဆောင်အသီးသီး မိန်ခွန်းများပြောကြားကြသည်။ တော်လှန်ရေးသီးချင်းများဖြင့် ဖျော်ပြေတင်ကြသည်။ ဖျော်ဖြေတင်ဆက်မှုတွေ ပြီးလို့ အသီးသီးထပြန်ချိန်တွင် ကျနော်အတွေးနှင့် ဆက်ထိုင်နေသောကြောင့် တပ်ထိန်း(MP) ရဲဘော်မြင့်ဇော်ဦးမှ “ ဘာထိုင်လုပ်နေတာလဲ မပြန်သေးဘူးလား” ဟု မေးမှ သြော်အေးအေး ကျနော်သတိပြန်ဝင်လာသည်။ ထိုအခါမှ ရဲဘော်မြင့်ဇော်ဦးနဲ့အတူ အိပ်ဆောင်သို့ ပြန်လာခဲ့တော့သည်။

ယဉ်စွန်းတန်းမှာ နေရစ်ပေတော့
အဆောင်ပြန်လာတော့ လမ်းခုလတ်မှာ ဘယ်လိုမှ ဖြေသိမ့်မရသလို ပုံစံမျိုးနဲ့ ၀ုန်းကနဲ ဒိုင်းကနဲ ရွာချလိုက်တဲ့မိုးက ကျနော်တို့ မြောက်ပိုင်းကျောင်းသားတပ်မတော်မှ ကျဆုံးသွားသော အတွင်းရေးမှူး ကိုမျိုးဝင်း အပါအ၀င် ရဲဘော် ၁၁ယောက်အတွက် ဖြေမဆယ်နိုင်လို့ ရွာတယ်လို့ကို စိတ်အစဉ်က ထင်နေမိတယ်၊ မိုးရွာထဲ လျှောက်ယင်း မိုးရေစက်တွေကျရာ ကောင်းကင်ကို စိတ်ထဲက အော်ပြောလိုက်တယ် “ ဥတ္တရယဉ်စွန်းတန်းမှာ တာဝန်ကျေစွာ နေပေတော့ ကိုမျိုးဝင်း နဲ့ ရဲဘော်တို့ရေ ”လို့ ဆိုပြီး မိုးရေစက်လက်ကြားက ရင်ထဲမှာ ငိုနေမိတော့တယ်။
မောင်မောင်ခင် (ရမ်ဘို)
(လူထုအသံ ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်။)

အပြည့်အစုံသို့...

မေ့လျော့ခံသူရဲကောင်းများ

အောင်သာငယ်
၈၈ အရေးတော်ပုံကြီး စတင် ကတည်းက အမိ ဗမာပြည်ကြီး အတွက် ပြည်သူ လူထု အားလုံး အတွက် ကျရာနေရာကနေ နိုင်ရာ တာဝန် တွေကို ထမ်းဆောင် လာခဲ့ကြ သူတွေ ထဲမှာ တချို့တွေလည်း လူသိ ထင်ရှား၊ တချို့တွေလည်း လူမသိ သူမသိနဲ့ သူတို့ ဘ၀တွေကို ပေးဆပ် နေခဲ့ကြ ရပါတယ်။

စင်ပေါ် မရောက်၊ ဂုဏ်ပြု မခံရ၊ ဆုတွေ မရ၊ လူမသိ သူမသိဘ၀နဲ့ ပေးဆပ်နေခဲ့ကြတဲ့ အမေ့လျော့ခံ သူရဲကောင်းများကို ကျနော်က မှတ်တမ်းတင်လိုခြင်းမျှသာ ဖြစ်ပါတယ်။ ကျနော့်ကို မှတ်တမ်း တင်ခွင့် ပြုပါ။ စိတ်မကောင်းစရာ ဖြစ်တာတခုကတော့ ကျနော် မှတ်တမ်းတင်လိုတဲ့ တချို့ သူရဲကောင်းများ အတွက် ကျနော့်မှာ ဓါတ်ပုံတွေ မရှိတာပါပဲ။

ကိုဇော်ထွန်း

ကိုဇော်ထွန်းဟာ အသားဖြူဖြူ၊ လူပုံက နွဲ့နွဲ့၊ စကားပြောလည်း အေးအေးဆေးဆေးနဲ့ စိတ်ဓါတ်ကတော့ တော်တော် မာတဲ့သူပါ။ ၈၈ အရေးတော်ပုံ ကာလတွေတုန်းက ရန်ကုန် တတိုင်းလုံးမှာ အထွေထွေ သပိတ်ကော်မတီ -GSC (General Strike Committee) ရဲ့ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန် ယူခဲ့တဲ့ ကိုဇော်ထွန်းဟာ ဆရာဝန် ဖြစ်တော့မယ့် ဆေးကျောင်းသားတဦးပါ။ GSC ဆိုတာက အဲဒီ အချိန်တုန်းက ရန်ကုန် ဧရိယာတခုလုံးမှာ အမြင့်မားဆုံး အဖွဲ့အစည်းပါပဲ။ GSC အလံအောက်မှာ အဖွဲ့အစည်း အားလုံး စုရပ်ခဲ့ကြတာပါ၊ ဗကသပါ ပါပါတယ်။ ၈၈ အရေးတော်ပုံ ကာလတွေ တလျှောက်လုံးမှာ အဖွဲ့အစည်း ပေါင်းစုံကို စုစည်း ထိန်းသိမ်းရတဲ့ ကြီးမားလှတဲ့ တာဝန်ကြီးကို ထမ်းဆောင်ခဲ့ ပါတယ်။ စက်တင်ဘာ ၁၈ ရက် အာဏာသိမ်းမှုပြီးတဲ့နောက်ပိုင်းမှာတော့ GSC ရဲ့ တာဝန်တွေကို လွယ်ပိုးပြီး တွဲဖက် အတွင်းရေးမှူးဖြစ်သူ ဆရာဦးမြင့်လှိုင်နဲ့အတူ လွတ်မြောက်နယ်မြေကို ကိုဇော်ထွန်း ရောက်လာ ခဲ့ပါတယ်။ ကျနော် ရောက်ရှိခဲ့တဲ့ ကရင့် အမျိုးသား အစည်းအရုံးရဲ့ ဒူးပလာယာခရိုင်၊ ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ တပ်မဟာ (၆) ထိန်းချုပ်ရာ သေ့ဘောဘိုးစခန်းမှာ သူတို့ ၂ ယောက်နဲ့ ကျနော် တခဏတာ ဆုံလိုက်ရပါသေးတယ်။ တယောက်နဲ့ တယောက် အသက်ရှင်လျက် ကျန်းကျန်းမာမာ တွေ့ရတာကိုက ၀မ်းသာစရာကောင်းကြောင်း သူကပဲ ပြောသွားပါသေးတယ်။

၈၈ နိုဝင်ဘာထဲမှာ ကျနော်တို့တွေလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) အေဘီအက်စ်ဒီအက်ဖ် (All Burma Students' Democratic Front) ဖွဲ့စည်း၊ တပ်ရင်း အသီးသီးမှာ ပျော်ဝင် လှုပ်ရှားနေကြရတဲ့ အချိန်မှာ ကိုဇော်ထွန်း ကလည်း GSC အနေနဲ့ DAB (Democratic Alliance of Burma) မှာ ပူးပေါင်း ဆောင်ရွက်နေတာကို သိနေခဲ့ရပါတယ်။ သူကတော့ အဖွဲ့အစည်းပေါင်းစုံရဲ့ ဗဟိုဌာနချုပ်တွေ ရုံးစိုက်ရာ မာနယ်ပလောမှာပဲ နေထိုင် လှုပ်ရှားရင်း ရှိရှိသမျှ အဖွဲ့အစည်းတွေကို သူ တတ်နိုင်သလောက် ဆက်စပ်နိုင်ဖို့ ကြိုးစားနေတာကို သိရှိနေခဲ့ရပါတယ်။ မဲဆောက်မှာ တခါတရံ သူနဲ့ ကျနော် ဆုံဆည်းခွင့် ရတတ်ပါသေးတယ်။ ဆုံခွင့်ရတိုင်း ဘုံရန်သူု န၀တကို တိုက်ဖို့အတွက် တပ်ပေါင်းစု လိုအပ်ကြောင်းလည်း တဖွဖွ သူ ပြောနေတတ်ပါသေးတယ်။

နောက်တော့ မာနယ်ပလောမှာနေရင်းနဲ့ မကဒတရဲ့ တပ်ရင်း (၂၀၈) မှာ ကိုဇော်ထွန်း ပါဝင် ဆောင်ရွက်နေတယ်ဆိုတာ ကြားသိနေရ ပါတယ်။ ဒီလိုနဲ့ အဖွဲ့အစည်းတွေမှာ ဖြစ်တတ်လေ့ရှိတဲ့ အတွင်းပဋိပက္ခတွေကို မကဒတလည်း ကြုံခဲ့ရပါတယ်။ တော်လှန် ကော်မတီ ဆိုပြီး မကဒတ သမိုင်းမှာလည်း ပေါ်လာခဲ့တာပါပဲ။ အဲဒီကာလတွေတုန်းက မဲဆောက်မှာ သူနဲ့ ကျနော်တွေ့တော့ သူက အဖြစ်အပျက်တွေကို အေးအေးဆေးဆေး စဉ်းစားဖို့ ကျနော့်ကို နားချပါတယ်။ ကျနော်ကတော့ ကျနော့် တပ်ရင်းက အခက်အခဲတွေနဲ့ ကျနော့်ဘာသာ ကျနော် ရှုပ်ထွေးနေလေတော့ သူ့စကားတွေလည်း နားထဲ မ၀င်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ လူချင်း မဆုံမိကြတော့ပါဘူး။

ဒီလိုနဲ့ တနေ့မှာတော့ ကိုဇော်ထွန်း ပျောက်သွားကြောင်း သတင်းဟာ ကျနော်တို့ အားလုံးကြားမှာ ပြန့်နှံ့လာနေပါတော့တယ်။ မာနယ်ပလောကနေ မဲဆောက်ကို ထွက်သွားကြောင်းနဲ့ မဲဆောက်ကို ရောက်မလာကြောင်း အားလုံး သိနေကြပါတယ်။ မာနယ်ပလောကနေ မဲဆောက်ကို မရောက်ခင် ခလယ်တလူခေါ်တဲ့ လှေဆိပ်ကို အရင် သွားရပါတယ်။ အဲဒီ လှေဆိပ်ကနေမှ မဲဆောက်ကို လာရတာပါ။ ကိုဇော်ထွန်းကတော့ မဲဆောက်ကို မရောက်လာခဲ့သလို၊ ခလယ်တလူကိုရော ရောက်လာရဲ့လားဆိုတာ ဘယ်သူမှ မသိပါဘူး။ ဘယ်နေရာမှာ သူဘာဖြစ်သွားလဲဆိုတာ သူနဲ့ ဘုရားသခင်ပဲ သိလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ အကယ်၍ ဘုရားသခင်ဆိုတာ ရှိခဲ့ရင်ပေါ့လေ။

ဘာပဲဖြစ်ဖြစ် ကိုဇော်ထွန်းကတော့ ပျောက်ဆုံးသွားခဲ့ပါပြီ။ အမိမြန်မာပြည်လွတ်မြောက်ရေးအတွက် သူတတ်နိုင်တဲ့ နေရာကနေ ပါဝင်ဆောင်ရွက်ရင်း ပျောက်ဆုံးသွားတဲ့ ကိုဇော်ထွန်းကို ကျနော် အလေးပြုလိုက်ပါတယ်။ အခုတော့ သူ့ကို အားလုံးက မေ့လျော့နေပါပြီ။

ကိုသိန်း
မကဒတ မှာတော့ ကိုသိန်းကို အားလုံး သိကြပါတယ်။ အခုတော့ သူခမျာ အမေ့လျော့ ခံနေရလေသလားလို့ စဉ်းစားမိရင်း သူ့ အကြောင်း ကျနော် ထိတွေ့ခဲ့ရသလောက် ဖော်ပြချင်တာပါ။

၁၉၈၉ စက်တင်ဘာလမှာ လွတ်မြောက်နယ်မြေက အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး စီမီနာတခုကို ထိုင်းနီုင်ငံ တနေရာမှာ လျှို့ဝှက် ပြုလုပ်ခဲ့ပါတယ်။ မကဒတရဲ့ စခန်းပေါင်းစုံက စေလွှတ်တဲ့ ကိုယ်စားလှယ်တွေထဲမှာ ကျနော်နဲ့ ကိုသိန်းလည်း အပါအ၀င်ပါ။ အဲဒီအချိန်က သူက တပ်ရင်း (၂၀၇)ရှိရာ ရေကျော်စခန်းရဲ့ဥက္ကဌပါ။ စီမီနာမှာ နိုင်ငံတကာက နိုင်ငံရေးကျွမ်းကျင်တဲ့ ပညာရှင်တွေလည်း ပါဝင်ပါတယ်။ ဆွေးနွေးကြရတဲ့ အကြောင်းအရာတွေကလည်း အစုံပါပဲ။ ကျနော်တို့ နိုင်ငံလို ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေး ပြသနာတွေဟာ ဆွေးနွေးပွဲတွေမှာလည်း အကြိတ်အနယ် ဆွေးနွေးရ၊ ထိုးကြကြိတ်ကြတဲ့ အထိပါပဲ၊ ဒါပေမယ့် ကျနော်တို့ မကဒတ ကိုယ်စားလှယ်တွေကတော့ ထိုးကြိတ်ကြတဲ့ပွဲတွေမှာ မပါခဲ့ပါဘူး။

စီမီနာက စက်တင်ဘာ လလည်ကနေ နိုဝင်ဘာထိ တလခွဲလောက် ကြာခဲ့ပါတယ်။ အဲဒီကာလတွေအတွင်းမှာ ကျနော်တို့ တည်းခိုရတဲ့ တည်းခိုဆောင်မှာ ကိုသိန်းနဲ့ ကျနော်က ကုတင်ချင်းကပ်လျက်။ နေ့တိုင်းအတူတကွ သွားလာစားသောက်ရင်း သူနဲ့ ကျနော် ခင်မင်ရင်းနှီးခဲ့ပါတယ်။ အသားညိုညို၊ အရပ်မြင့်မြင့်၊ ကြည့်ကောင်းတဲ့ ဥပဓိရုပ်နဲ့ စကားအေးအေး ပြောတတ်တဲ့ ကိုသိန်းဟာ ခင်မင်စရာ ကောင်းတဲ့ သူတဦးပါ။ မကဒတရဲ့ စခန်း ဥက္ကဌတဦးဖြစ်ပေမယ့် မသိရင် သာမန်ရဲဘော်တဦးလိုပဲ နေလေ့ရှိပါတယ်။ အနေရိုးရိုးနဲ့ စကားပြောရင် လေးလေး နက်နက် ပြောလေ့ရှိတဲ့ ကိုသိန်းကို ကျနော် တော်တော်လေးစားခဲ့ပါရဲ့။ ဘယ် အကြောင်း အရာကို ပြောပြော သူက တလေးတနက် ဆွေးနွေးလေ့ရှိပါတယ်။ သူ့မှာ ပေါ့ပေါ့တန်တန် သဘောထားတဲ့အရာ တခုမှ ရှိပုံ မရပါဘူး။

သည်လိုနဲ့ တနေ့သားတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ဖက်ဒရယ်တို့ကို ဆွေးနွေးရတဲ့ ရက်တရက်ကို ရောက်လာပါတယ်။ အဲဒီမှာ အခု UWSA (၀သပ) ထဲရောက်သွားတဲ့ ငတိတွေလည်း ပါပါတယ်။ သူတို့က ကျနော်တို့ကို ဘာပြောလဲဆိုတော့ မင်းတို့ ကျောင်းသားတွေက ဗမာပြည်နယ် တောင်းရမယ်-ဆိုပဲ။ ဒါပေမယ့် ကျနော်တို့ကတော့ ဟာသ မလုပ်ပါဘူး။ ဒါဆွေးနွေးနေတာပဲ၊ ဘာလို့ ကျနော်တို့က ဗမာပြည် တောင်းရမှာလဲပေါ့။ မကဒတ-ဟာ ဗမာပြည်နယ်တောင်းဖို့ လက်နက်ကိုင်တော်လှန်ရေး လုပ်နေတာမှ မဟုတ်ပဲ။ ပြီးတော့ မကဒတဟာ ဗမာ လူမျိုးတမျိုးတည်းကိုပဲ ကိုယ်စားပြုနေတဲ့ အဖွဲ့အစည်းမှ မဟုတ်ပဲ၊ ဒီလို ကျနော်တို့က ပြန်လည် ဆွေးနွေးပါတယ်။ ဒီမှာ ပြသနာ ထတက်တာကတော့ ကရင်နီပြည်နယ်က ကိုယ်စားလှယ်နဲ့ အဲငတိပါပဲ။ မင့်ကိစ္စ မင်း အရင် ရှင်းပါလားကနေ စလိုက်တာ ထိုးကြကြိတ်ကြတဲ့အထိပါပဲ။

နောက်တော့ အဲဒီ ၀ငတိနဲ့ ကျနော်တို့နဲ့ သိပ် မကြေမလည်တွေဖြစ်လာပါတယ်။ အဲဒီမှာ ၀ငိထိန်းခဲ့တာက ကိုသိန်းပါ။ အမှန်က ကိုသိန်းနဲ့ ကျနော်က အသက်ချင်းလည်း သိပ်မကွာပါဘူး။ ကျနော်က သဘောကောင်းပါတယ်။ အငြင်းအခုံ ၀ါသနာမပါဘူး။ ဘယ်တော့မှ မငြင်းဘူး။ ဒါပေမယ့် စိတ်မရှည်ဘူး။ ခုလို ငြင်းခုံရတာတွေများလာတော့ လက်ပါချင်နေပြီ။ ကိုသိန်းက ပွဲထိန်းပါတယ်။ ဒီလိုနဲ့ ပြီးသွားတယ်ဆိုပါတော့။ ကျနော့်အတွက်တော့ မှတ်မှတ်ရရပါပဲ။

ဒီလိုနဲ့ တောထဲကို ကျနော်တို့ ပြန်ရောက်သွားတယ်။ အချိန်ကာလတွေလည်း ရွေ့လျားလာတယ်။ ကျနော်လည်း ရွေ့လျားသွားတယ်။ တနေ့သားတော့ သတင်းတခု ကြားရတယ် ကိုသိန်းကို ရန်သူက ဖမ်းမိသွားတယ်။ လက်နက်တွေနဲ့၊ ရန်သူက သူ့ကို သေဒဏ်ပေးလိုက်တယ်။ ကြားရတာ ကျနော် စိတ်မကောင်းဘူး။ ဘယ်လိုဖြစ်ရတာလဲ ကိုသိန်းရယ်။ ခုနောက်ဆုံးတော့ သူ့ကို သေဒဏ်မပေးသေးပေမယ့် သာယာဝတီထောင်မှာ သူ့ကို ထားထားတယ်။ မျက်လုံးတဖက်ကွယ်သွားပြီ။ ကျနော် စိတ်မကောင်းဘူး။ ကြားရတာတွေက။ သူ တတ်နိုင်တာတွေကို အတတ်နိုင်ဆုံး ထမ်းဆောင်သွားခဲ့တဲ့ ကိုသိန်း။ သူဟာ သူရဲကောင်းတယောက်ပါပဲ၊ အခုတော့ သူ့ကို အားလုံးက မေ့လျော့နေလေပြီလား။

ဒေါက်တာမင်းသိမ်း

သူ့ကို ကျနော်တို့ သေ့ဘောဘိုးစခန်းမှာ တွေ့ကာစတုန်းကဆို ဆရာဝန်မှန်းတောင် မသိပါဘူး။ အဲလောက် အနေရိုးကုပ်တဲ့သူပါ။ သူ လုပ်စရာရှိတာကို သူလုပ်တယ်။ စကား အပို မပြောဘူး။ လူပုံက အရပ်ခပ်ပြတ်ပြတ်နဲ့ မျက်မှန်မထူတထူနဲ့။ စကားပြောရင်လည်း ခပ်လေးလေး ဒါပေမယ့် ပြတ်ပြတ်ပြောတတ်သူ။ ကျနော်တွေ့တွေ့နေတာကတော့ ပြင်ပက သတင်းထောက်တွေ လာရင် သူက စကားပြောနေသူဆိုတော့ အီးမေဂျာက တယောက်ယောက်ပေါ့လေ ကျနော်က ထင်နေတာ။ နောက်တော့မှ စခန်း ဆေးရုံမှာလည်း တွေ့တော့မှ သြော် ဆရာဝန်မှန်းသိရတော့တာ။

သည်လိုနဲ့ ကိုသိန်းနဲ့အတူ ကျနော် စီမီနာတက်တော့ သူလည်း ပါလာပါတယ်။ ကိုသိန်းလိုပဲ ကျနော် ခင်ရသူ။ ဒါပေသည့် စီမီနာမှာ Workshop တွေလုပ်တော့ သူက တခြား Group မှာချည်း။ ဒါနဲ့ စီမီနာ တလျှောက်လုံးမှာ သူနဲ့ တခါမှ မတွဲခဲ့ဖူး။ အမှန်ကတော့ ဒေါက်တာမင်းသိမ်းက ကျနော်တို့ စခန်းက မဟုတ် စောထစခန်းမှ လာသူ။

ကျနော်တို့ စခန်းမှာ သင်တန်းတွေမျိုးစုံပေးတော့ သူက အဲသည်မှာ ဆေးသင်တန်းမှာနည်းပြ။ သည်လိုနဲ့ သူနဲ့ ကျနော် စခန်းမှာ တတွဲတွဲ ဖြစ်လာတယ်။ အရက်အတူသောက်။ စကားတွေအတူပြော။ တခါတခါလည်း သူပြောတာတွေ ကျနော် နားမလည်ပါ။ ဒါပေမယ့် သူ့ကို ခင်ပါတယ်။

သည်လိုနဲ့ သင်တန်းတွေပြီးတော့ သူက သူ့ စောထစခန်း ပြန်သွားလေရဲ့။ နောက် ရှေ့တန်းစစ်မြေပြင်ဆင်းတဲ့ စစ်ကြောင်းမှာ ပါသွားတယ် ဆိုတာကိုလည်း ကြားလိုက်ရတယ်။ ယေဘူယျအားဖြင့် ဆရာဝန်တွေကို စစ်ကြောင်းထဲ မထည့်ပါဘူး။ ဆေးမှူးတွေသာ စစ်ကြောင်းထဲ လိုက်ကြလေ့ရှိတာကိုး။ သူကတော့ အတင်းတောင်းဆိုပြီး လိုက်သွားသည်တဲ့။

သိပ်မကြာပါဘူး။ မုပ္ပလင်နဲ့ ဘီးလင်းမှာ တိုက်ပွဲတွေ ဖြစ်တာကို ကြားရတယ်။ နောက်တော့ ဒေါက်တာမင်းသိမ်းကို ရန်သူက ဖမ်းမိသွားတယ် ဆိုတာကိုပါ ကြားလိုက်ရပါတော့တယ်။ သတင်း အတိအကျတော့လည်း မည်သူမျှ မသိရတော့။ ဒဏ်ရာနဲ့ ဆေးရုံမှာသေသွားသည်။ ရန်သူက မသေမချင်း နှိပ်စက်သည်။ ကျိမ်းသေတာကတော့ ဒေါက်တာမင်းသိမ်း ကျဆုံးသွားပါပြီ။

သူလည်း သူရဲကောင်းတဦး ဖြစ်ပါတယ်။ ခုတော့ လူတွေ သူ့ကို မေ့လျော့နေလေပြီလား။

(အောင်သာငယ် ဘလော့ဘ်မှ ပြန်လည်ကူးယူ ဖော်ပြသည်။)

အပြည့်အစုံသို့...

ရင်ဘတ်ထဲက ရဲဘော်ကြီး

သားချစ်(ဟစ်တိုင်)

ကမ္ဘာကျော် မာနယ်ပလော စစ်ပူစဉ်က ကျောင်းသားတပ်မတော်

သံလွင်မြစ်ကမ်းဘေးတနေရာ။ …… လူနှစ်ယောက် သံလွင်မြစ်ကို စူးစိုက်ကြည့်နေကြသည်၊ သံလွင်မြစ်ကြီးက တသွင်သွင်စီးဆင်း နေသည်၊ တချက်ချက် ဝေါကနဲ၊ ဝေါကနဲ မြည်သံကြားနေရသည်၊ လရောင်နှင့် ရေအလျင် ဆုံမိသွား သဖြင့် ရေပြင်ပေါ်၌ တဖြတ်ဖြတ် နှင့် ငွေကြယ်ပွင့်ကလေးများ ကွန့်မြူးနေသည်ကို ထိုသူနှစ်ဦးက ကြည့်နေမိသည်၊ မြစ်ပြင်ပေါ်မှ ဖြတ်တိုက်လာသော လေနုအေးလေး က အနာဂတ်အတွက် ကြံဆနေသော ထိုသူနှစ်ဦးကို ပွေ့ဖက်နေသည်နှယ်၊ မြစ်ကမ်းနဘေးတွင်မူ ရေအားကြောင့် ယိမ်းထိုးလှုပ်ခါ နေသော မိုးမခပင်များ၊ မိုးမခပင်ကို နှစ်ဦးသား သက်သေပြုနေကြသည်၊ "မိုးမခပင်တွေ … ဒို့ … သက်သေတည် … စိမ်းလဲ့သော အင်းလျားကန်သာမြေ"။

တချက်တချက်ဝေါကနဲ၊ ဟဲကနဲ မြည်ဟည်းသံကြားထဲမှ သူပြောလာမည့်စကားများကို ငံ့လင့်နေမိသည်၊ "သူငယ်ချင်း ငါတို့ အခြေခံဒေသ တခုရှိဖို့လိုမယ် ငါတော့ ဒီလုပ်ငန်းအတွက်ကို ဇောက်ချလုပ်တော့မယ်။ အဲဒီတော့ ဒို့ကလူထု ရှိရာကို သွားကြရမယ်"။ ထိုအတွေးခေါ်တရပ်ကို သူ့ထံမှကြားရသဖြင့် အံ့သြသွားမိသည် လူထု၊ အခြေခံဒေသ၊ ထိုးဖေါက်ရေး၊ တည်ဆောက်ရေးကိစ္စရပ်များ။ နားထဲ၌ ထူးဆန်းသလို ဖြစ်မိသွားသည်၊ သဲသောင်ပြင်ပေါ်၌ နှစ်ယောက်သား ထိုင်နေရာမှ ထလိုက်ပြီး မြစ်ပြင်ထဲသို့ ခဲနှင့်စိတ်ရှိလက်ရှိ အားကုန် လွှဲပေါက်ရင်း "ဒီကိစ္စ ငါ့ကိုနဲနဲပြန် ရှင်းပြစမ်းပါအုံး" တဟဲဟဲမြည်နေသော သံလွင်မြစ်ရေစီးသံကြား၌ အသံကိုမြှင့်ရင်း ကျနော်သူ့ကို ပြန်မေးမိသည်၊ သူက ရှင်းပြသည်၊"လူထုနဲ့ အတူတကွရှိပြီး လူထုနဲ့အတူ လက်တွေ့တိုက်ပွဲဝင်ရေးအပေါ်မှာ အခြေခံစဉ်းစားချက် ဖြစ်တယ်။ ဆွေးနွေးစရာတွေ အများကြီးရှိလာပါလိမ့်မယ်" ကောင်းကင်သို့မော့ကြည့်မိသည် ကြယ်စင်များက တလက်လက်တောက်ပနေလျက်၊ ထိုစဉ် … ကြယ်တလုံး ကြွေကျသွားသည်ကို ကျနော့် စိတ်အစဉ်မှာ ဘာရယ်မဟုတ် နှမျှောတမ်းတစွာ ဖြစ်လိုက်မိသလို။

ကျနော်တို့ မာနယ်ပလောဌာနချုပ်သို့ ရောက်ခဲ့သည်၊ ခရီးရှည်ချီတက်ပွဲ ထိုခြောက်လအတွင်းက ကျနော်တို့ကို သင်္ခဏ်းစာအများကြီး ပေးသွားခဲ့သည်၊ အကြီးမားဆုံး သင်ခန်းစာ ထိုတခုက တိုင်းရင်းသားနယ်မြေအတွင်းရှိ တိုင်းရင်းသားများအပေါ် စစ်အစိုးရ ရက်ရက်စက်စက် ဖိနှိပ်မှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသော အတွေ့အကြုံများပင်ဖြစ်ခဲ့သည်၊ ထိုအတွေ့အကြုံများက စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှသာလျှင် မုန်တိုင်းထန်နေသော မြန်မာနိုင်ငံအတွက် အောက်ကျနောက်ကျ ဖြစ်နေသော ဘ၀များအတွက် ခိုင်မာသည့် တိုင်းပြည်ဖြစ်ပေါ်ရေးဆိုင်ရာ အတွေးအခေါ်များကို ညွှန်ကြားပြသပေးခဲ့သည်။

မာနယ်ပုလောဌာနချုပ်သို့ရောက်ပြီ … သားက … အမေနှင့် အဖေကို ရှာနေတာမျိုးတွေလည်း တွေ့ကြရသည်၊ ဆက် လက် ပြီး တွေ့ရသည်က အလံတချောင်း၊ လူတယောက်၊ လောလောဆယ်တော့ မဲဆောက်မှာ … ခင်ဗျ။ အဲဒီမှာ အား လုံးရှိကြတယ် … ခင်ဗျ။ ထိုသို့ ဆိုရာ မဲဆောက်သို့ အပြေး အလွှား ခရီးရှည်ချီတက်ရပြန်ပြီ တွေ့ရသည်မှာကား အထက် အောက် စုန်ချီတက်ချီရှိနေသော ကျနော်တို့ရဲဘော်များ။ စစ်ပူသည့်ကာလ။ ရန်သူက ကျနော်တို့ရှိသည် ထင်သမျှ နေရာ မဲမဲမြင်လျှင် ထိုးစစ်ဆင်နေစဉ်ကာလ မဲဆောက်ဌာနချူပ်။ ကျောင်းသားတပ်မတော်ရုံးစိုက်ရာ တိုက်ထပ်ကြီးဆီသို့ ရောက် သွားခဲ့ကြသည်၊ အထုပ်ကလေးများ ကိုယ်စီကိုယ် စီနှင့် ယောင်ချာချာဖြစ်နေသော တောင်ပေါ်သားများ၊ ကျနော်တို့ကို ဖိတ်ကြားခဲ့သော စည်းရုံးရေမှူးကို ရှာဖွေ ကြည့်နေဆဲ၊ ပါလာသည့် အထုပ်ကလေးကို အိမ်သာဘေးနား ခင်းထားသော မျက်ဖျာပေါ်၌ ခဏချထားလိုက်သည်၊ ဗိုက်ကလည်း ဆာလှပေါ့၊ လူတွေက ပျား ပန်းခပ်မျှ၊ ၀င်လိုက်ထွက်လိုက် ထိုပျားများကား အဆိပ်ရှိသော ပျားများဟု ယခင်က ကျနော် သတိမထား မိခဲ့ချေ၊ စစ်သားဆိုသည်မှာ ခြေထောက်နှင့် မချီတက်၊ ဗိုက်နှင့် ချီတက်သည်ဟူသော စကားအရ စားဖိုဆောင်သို့သာ တန်းတန်း မတ်မတ် ခြေဦးတည်မိသွား လေတော့သည်။

"တန်းစီပါကြမောင်ရင်တို့၊ မလောကြပါနဲ့၊ ဒီမိုကရေစီရကြမှာပါ" ဟု ရွှတ်နောက်နောက်နှင့် အသားအရည် ညိုရင့်ရင့် ရုပ်အသွင်သဏ္ဍာန်ကို မြင်လိုက်မိသည်၊ တိုက်အောက်ထပ်၌စားဖိုမှူး၏ စကားသံ လဲ့လဲ့လွင့်ပျံ့လာသည်၊ ကျနော်တို့က ဗိုက်ဆာလှပြီ၊ ဆွဲယူလာသော ပန်းကန်တချပ်နှင့် ခံလိုက်သည်၊ ရလာသည်ကား ဘဲဥပြုတ်တလုံး၊ ဟင်းဝေနေသော သူ၏ မျက်နှာကို ဖြတ်ကနဲကြည့်မိလိုက်သည်၊ ဗြုတ်ထနေသောမျက်နှာ၊ တနေရာမှာ မြင်ဖူးသလိုလို၊ ပြီးမှ တိုက်ပွဲဝင်ရဲဘော် တယောက်၏ အသံကိုကြားလိုက်ရသည်၊ "ကိုမွန်းအောင် … ဟင်း အရည်လေးများ ထပ်ထည့်ပေးလို့ ရနိုင်မလား… ဗျာ"၊ ထိုစဉ်မှ အစပြု၍ ကျနော်တို့ တောင်ပေါ်သားများ ပြန်ဆုံမိကြသည်၊ ကိုမွန်းအောင်၊ ကျနော်၊ သူ၊ သူဆိုသည်မှာ ဆန်းလင်း၊ ကိုမွန်းအောင်ဆိုသည်မှာလည်း ၁၉၈၈ ကာလများတွင် မြန်မာနိုင်ငံတွင် လျှမ်းလျှမ်းတောက် နံမည်ကျော် စတီရီယို အဆိုတော် မြစ်ကြီးနားသား၊ ၈ မျဉ်းစောင်း ၈၂ အင်းလျားဖြင့် လူသိများလာပြီး "လွမ်းရတဲ့ ညတွေလွန်ပါစေ"ဆိုသည့် စီးရီး အလွန်နံမည်ကြီးနေချိန် စွန့်လွှတ်ခြင်းတွေဖြင့် တိုင်းပြည်မျက်နှာသာငဲ့၍ လွတ်မြောက်နယ်မြေမှ ယခုထက်တိုင် ပြည်သူ့အတွက် လွတ်မြောက်ရေးတေးသီနေသည့် ကချင်တေးဆို ဌက်ကြီး။

ထိုစဉ်ကာလက စခန်းများအတွက် ထောက်ပံ့ရေးကိုင်နေသူ … ဆန်လင်း၊ ရောက်ခါစ တပ်ရင်းနာမည်များ မတွင်ကျယ်ကြသေး စခန်းဟုသာပို၍ လူသိများသည်၊ စောထစခန်း၊ သေ့ဘောဘိုးစခန်း၊ ၀မ်းခါစခန်း၊ ရေကျော်စခန်း၊ မင်းသမီးစခန်း၊ သံလွင်စခန်း၊ မိုးတောင်စခန်း စသဖြင့် စသဖြင့်ပေါ့ စခန်းကော်မတီများ ဖွဲ့စည်းပြီး ကျောင်းသားတပ်မတော်ကို ထိုစခန်းကော်မတီများမှ စီမံခန့်ခွဲနေသည်၊ စခန်းများ၏ ထောက်ပံ့ရေးကိစ္စမှန်သမျှ စီမံခန့်ခွဲရေးတာဝန်သည် သူ့ တာဝန်၊ သူ … ကိုဆန်းလင်းက အမေက ကချင်၊ အဖေကအိန္ဒိယလူမျိုး၊ ကျနော်က ကချင်ပြည်နယ်မှ ဒေသခံတယောက်ဖြစ်သည့် အားလျော်စွာ မိတ်မဆက်ဘဲ ရင်းနှီးသွားရသူများထဲတွင် သူတယောက်အပါအ၀င်၊ အပြုံးချိုချိုနှင့် စတတ်နောက် တတ်ပျော်ရွှင်တတ်ခြင်းများကြောင့် လူချစ်လူခင်ပေါ များလှသည်၊ ကျနော်၏ အရင်းအနှီးဆုံးများထဲတွင် သူတယောက်က ထိပ်ဆုံးက အမြင်တူ အတွေးတူများ ဖြစ်ကြသဖြင့် ငယ်ပေါင်းကြီးဖေါ်ကဲ့သို့ ပြောမနာဆိုမနာ များ သူပြောနေသော စကားလေးတခုက ယခုထက်ထိ ရင်ထဲမှာ စွဲတသသ ကျန်နေဆဲ မှတ်မိနေဆဲ။

နိုင်ငံရေးသမားများအား ပြောတတ်သည်မှာ "ဒို့က တော်လှန်မြေအခြေစိုက်၊ သူတို့က ဘန်ကောက်အခြေစိုက်" တဲ့လေ။

ထိုစဉ်ကာလ နုနယ်စဉ်ကာလ၊ တော်လှန်ရေး၏ လေးဘက်တွား နေရသောကာလ၊ အတွေးသစ်၊ အမြင်သစ်၊ အတွေ့အကြုံသစ်များကို စုစည်း၊သိမ်းကြုံးယူငင်နေဆဲ၊ လေ့လာစရာများက တပုံတပင်၊ တော်လှန်ရေး အဘိဓမ္မာ၊ တော်လှန်စာပေ၊ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ စာပေများကို ရသမျှ အငမ်းမရ ဖတ်ရှုလေ့လာ မှတ်သားနေရသော အချိန်။ အရာရာအားလုံးသည် အသစ်အဆန်းများသည်သာ၊ နိုင်ငံရေးအခံဖြင့် ဘာကိုမျှ ကောင်းကောင်း မမြင်နိုင်ကြသေးသဖြင့် လေးဘက်တွားသော ကာလဟု ခေါ်ဆိုမိသည်၊ နုစဉ်ကာလ၌ ခိုင်မာသည့်။ ရင့်ကျက်သည့် လူထုအတွေးအခေါ်တခုကို ရလိုက်သည့်အတွက် သူ့ကို အံ့သြသွားရခြင်းဖြစ်သည်၊ အံ့သြခြင်းနှင့်အတူ အယူအဆ ရင့်ကျက်ခိုင်မာမှုအပေါ် ထိုစဉ်ကတည်းက ကျနော်သူ့အပေါ် အထင်ကြီးလေးစားခဲ့သည်။

ပကာသန မမက် ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ဖြစ်သလိုဝတ်တတ်သော ကျနော်၏ ရဲဘော်သူငယ်ချင်းသည် အယူအဆရေးရာ အတွေး အခေါ်ကြိုးဝိုင်း၌သူ၏ ဆွေးနွေးမှုများက ချွန်ချွန်စူးစူး၊ ရဲရဲမြမြ၊ ဆွေးနွေးလိုက်တိုင်း လည်ဆံမွေးတထောင်ထောင်၊ မာန်တဖီဖီဆွေး နွေးမှုမျိုး၊ အနေအထိုင် ကပိုကယိုရှိသော်လည်း သူ၏ ဦးနှောက်ထဲ၌ ရှိနေသော အတွေးအခေါ်နှင့် ခံယူချက်သည်ကား ကျစ်လစ်သိပ် သည်းခိုင်မာသည်၊ လူက သေးသွယ်သော်လည်း လက်တွေ့နှင့် သဘောတရားပေါင်းစပ်ရာ၌ ကြီးမာသူ၊ ခက်ခဲကြမ်းတမ်းသည့် စစ် မြေပြင်နေရာကိုသာ တမ်းတသူ၊ မွေ့ပျော်သူ၊ လက်နက်ကိုင် တော်လှန်ရေးနှင့် လူထုတိုက်ပွဲကိုသာ တစိုက်မတ်မတ် ယုံကြည်ခဲ့သူ၊ ကျောင်းသားတပ်မတော် ညီလာခံတိုင်း၌ တိုက်ပွဲသဏ္ဍာန်ဆွေးနွေးတိုင်း ကျနော်နှင့်သူ အတွဲညီလှသည်၊ မကဒတ သမိုင်းကလည်း တိုက်ပွဲသဏ္ဏာန်သမိုင်း၊ တချို့ကနိုင်ငံရေးတိုက်ပွဲ၊ တချို့က လက်နက်ကိုင်တော်လှန်ရေး၊ ဒီမိုကရေစီလေ …… ဟုတ်စ။

၁၉၉၂ ယာယီမုန်တိုင်းထန်သော ကာလအတွင်း တည်ငြိမ်စွာပင် စစ်ကြောင်းများဖွဲ့ကြသည်၊ ထိုသည်မှာ အခြေခံဒေသ ထိုးဖေါက် ရေးစစ်ကြောင်းများ၊ ရှေ့တန်းနယ်မြေများ၌ ခြေကုတ်ယူ၍ မိမိတို့ အခြေခံဒေသများကို ခက်ခက်ခဲခဲ ထိုးဖေါက်ရသော အချိန်ကာလ ဖြစ်သည်၊ ထိုအတွေ့အကြုံများကို ပြန်လည်နိဂုံးချုပ်သုံးသပ်ယင်း ရှေ့တဆင့်တိုးကာ ထိုမှတဆင့် အခြေခံဒေသ ထိုးဖေါက်ရေးဆိုင်ရာ အတွေးအခေါ်များ၊ လူထုစည်းရုံးရေး လမ်းညွန်နှင့် ဘာသာရပ်များ၊ လုပ်ငန်းစဉ်များ ပေါက်ဖွားလာခဲ့ရပေသည်၊ လူထုအခြေခံဒေသ ဖေါ်ထုတ်ရေးလုပ်ငန်းကို လူထုစည်းရုံးရေး လမ်းညွှန်နှင့် ပေါင်းစပ်နိုင်ခဲ့ကြပေသည်။

ထိုသို့ပေါင်းစပ်ရာ၌ တပ်ဦး၏ ခေါင်းဆောင်မှု ဆိုင်ရာအတွေးအခေါ်များကို ဦးဆောင်ချမှတ် ပေးခဲ့သူများ အနက် သူတဦးသည်လည်း ရှေ့မှ ပါဝင်ဦးဆောင်ခဲ့သည် ဆိုသည့်အချက်ကိုမူ မည်သူမျှ မငြင်းနိုင်၊ လွန်ခဲ့သော အချိန်ကာလ သံလွင်မြစ်ကမ်းနဘေး သူပြောခဲ့ သော စကားများက လက်တွေ့တော်လှန်ရေးနှင့် ဟပ်စပ်နိုင်ခဲ့သဖြင့် သူကိုပို၍ လေးစားခဲ့သည်၊ သူသည် ကျနော်အတွက်တော့ ဟော့ဒီ ရင်ဘတ်ထဲက ရဲဘော်ကြီး၊ ကျနော်ကို အလင်းတံခါး ဖွင့်ပေးနိုင်ခဲ့သူ။ အတွေးအခေါ်အရ ဦးဆောင်နိုင်သူ။

"ဒို့ လူထုရှိရာကို သွားရမယ်"

ဒေါင်းဂွင်ရှိစဉ် သူ၏ စောထစခန်းလေးသို့ ကျနော်မကြာမကြာ ရောက်ဖြစ်ခဲ့သည်၊ စောထစခန်းလေးက သံလွင်မြစ်ကမ်းနဘေး တနေရာ၌ တည်ရှိသည်၊ ကုန်းမြင့်လေးပေါ်တွင် တည်ရှိသောထိုစောထစခန်းသို့ ရောက်သွားတိုင်းသူသည် သူ၏ရဲဘော်များနှင့် အတူတူ စလား, နောက်လားနှင့် ရင်းနှီးဖေါ်ရွေစွာ ရှိနေတတ်သည်၊ သူသည်နိုင်ငံရေးအတွေးအခေါ် သဘောတရားများကို တသားတည်းဖြတ်သန်း၍ ညီအကိုမောင်နှစ်မများသဖွယ်၊ ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင်ဖြင့် သင်ကြားသွန်သင် ပေးနိုင်ခဲ့သည်၊ စားရင်းလည်း သင်သည်၊ နေရင်းလည်း သင်သည်၊ သွားရင်းလည်း သင်နေသူ၊ သူ၏ ရဲဘော်များကလည်း သူနှင့် အလွန်အဟပ် အစပ်မိသည်၊ ရဲဘော်များနှင့်လည်း ကျနော်က တသားတည်း။။ ရဲဘော်များ၏ ဆိုးသမျှ ပေသမျှဒါဏ်ကို အလွန်သည်းခံ နိုင်ရှာသူ၊ မိမိ၏ ရင်ဝယ်သားကဲ့သို့ သဘောထားသဖြင့် ရဲဘော်များကလည်း သူ့ကို အလွန်လေးစား ချစ်ခင် ယုံကြည်ခဲ့သည်မှာ ကျနော့်ဘ၀ တသက်တာ မေ့မရနိုင့်ခဲ့ပါ၊ ချစ်ကြောက်၊ ရိုသေသည်ထက် ချစ်ခင် လေးစား ရိုသေသည်က ရှေ့တန်းလို နေရာမျိုးမှာ စောထရဲဘော်များက အခြား မကဒတ တပ်ရင်းမှ ရဲဘော်များနည်းတူ ပိုသည်သာပိုမည် လိုသည် မရှိခဲ့ပါ၊ အခြေခံလူတန်းစားများမှ ပေါက်ပွားခဲ့သော သူ၏ ရဲဘော်များသည် ရှေ့တန်းလိုနေရာမျိုး၌ သူပေးခဲ့သော လူထုတာဝန်အတွက် အသက်ပေးဆပ် သွားခဲ့သူများက ဒုနဲ့ဒေး၊ စစ်မှန်သည့် တော်လှန်ရေးလုပ်ငန်းစဉ် တရပ်ဖြစ်သော လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုတိုက်ပွဲ ပေါင်းစပ်ရေးအတွက် အနစ်နာခံကိုယ်ကျိုးစွန့် သွားသူများကလည်း တပုံတပင်။ ဒါဟာ တကယ်တော့ ၂၀ရာစု မြန်မာနိုင်ငံ ကျောင်းသားများ ခေတ်သစ် ရာဇ၀င်သာတည်း။

သူသည် လေ့လာရေးကို အင်မတန်မှ ခုံမင်သူတဦးဖြစ်သည်၊ သူ၏ဘေး၌ စစ်ရေးခြောက်စောင် ဘုတ်အုပ်ကြီးသည် သူနဲ့မကွဲမကွာ အတူရှိလျှက်။ သူလေ့လာသကဲ့သို့ ရဲဘော်များကိုလည်း လေ့လာခိုင်းသည်။ တော်လှန်ရေးတွင် လေ့လာရေးသည် အသက်တမျှအရေးကြီးသည်၊ လေ့လာမှု မရှိလျှင် ခေါင်းထဲ၌ ဘာအချက်အလက်မျှ မရှိနိုင်။ ရန်သူက ဘယ်လိုပုံ ဘယ်လိုနည်းနှင့် လူထုကိုဖိနှိပ်နေသနည်း။ လူထု၏ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအခြေအနေများ မည်သို့မည်ပုံ ရှိနေသနည်း၊ စာတွေ့ လက်တွေ့ သိရှိနိုင်ရမည်၊ ကမ္ဘာ့တော်လှန်ရေးဖြစ်စဉ်များတွင် မည်ကဲ့သို့တော်လှန်၍ မည်သို့အနိုင်ယူ သွားခဲ့ကြသနည်း၊ တိုင်းပြည်အတွင်း ဘက်ပေါင်းစုံမည်သို့ မည်ပုံရှိနေသနည်း။ စသည်ဖြင့် စသည်ဖြင့် လေ့လာရေးစင်မြင့်ပေါ်သို့ မြင့်မြင့်တက်ခြင်းသည် တော်လှန်ရေးသမား၏ အရေးကြီးဆုံး တာဝန်တရပ်ဖြစ်သည်၊ ထိုအတွက် သူက သူ့ရဲဘော်များကို လေ့လာခိုင်းသည်၊ ဖတ်ခိုင်း မှတ်ခိုင်းသည်။ လေ့လာရေးလုပ်ရန် အမြဲတမ်း တွန်းအားပေးလေ့ရှိသည်၊ မရရသည့်နည်းနှင့် စာအုပ်များကို ဂျောင်ကြိုဂျောင်ကြားကနေ ရှာလာကာ ရဲဘော်များကို ပေးဖတ်သည်၊ ဒါ …. သူ့ရင်မှ စေတနာ အသီးအပွင့်များသာ …. ။

ဆိုးသည်ထက် နွဲ့သည်ဟု ဆိုရမည်ဖြစ်သော တော်လှန်ရေးဘ၀ မှတ်တမ်းလေးများမှာ ထူးခြားသည့် အတွေ့အကြုံလေးများက ကျနော့် အတွက်မမေ့နိုင်စရာ တခုတ်တရ ဖြစ်စေခဲ့သည်သာ များသာ။

မှတ်မှတ်ရရ ရဲဘော်လေးတဦး … သူသည်သူ၏ ကျောင်းသားတပ်မှူးစကားကို မြေ၀ယ်မကျ လေးစားလိုက်နာသူ၊ သူသည် အနုပဋိ လောမကို သဲကြီးမဲကြီးဖတ်သည်။။ ဗုဒ္ဓအဘိဓမ္မာကို အထူးလေ့လာသည်၊ အဘိဓမ္မာလေးစောင်ကို မှတ်သည်၊ ဖတ်သည်၊ တရက်သူနှင့်ကျနော်တွေ့ဖြစ်ရာ ဆွေးနွေးဘက်တဦး ရောက်လာသဖြင့်သူကပျော်နေ သလိုပင်၊ သူသည် စာဖတ်နာသူတဦးကဲ့သို့ပင် ဆွေးနွေး လာနိုင်သည်ဟု ကျနော်က ပကတိထင်မြင်နေမိသည် ကျနော်ကစစ်ရေးခြောက်စောင်ကို ဆွေးနွေးတော့ မည်လား၊ အနုပဋိလောမ ရုပ်ဝါဒကိုပဲ လှန်တော့မည်လား၊ ဗုဒ္ဓသာသနာ၏ အဆီအနှစ်တွေကိုပဲ ရှင်းပြရတော့မည်လား၊ ငံ့လင့်နေမိသည်၊ သို့သော်သူ၏ ဆွေး နွေးချက်ကို ကျနော်အံ့အားသင့်သွားသည်၊ သူ၏ ဆွေးနွေးချက်က ဤကဲ့သို့မျှသာ "အကို ပထမအရွယ်မှာ ပညာရှာတဲ့၊ ဒုတိယ အရွယ်မှာ ဥစ္စာရှာဗျ၊ တတိယအရွယ် ရောက်ရင် တရားရှာရမယ်လေ၊ ကျနော့်အရွယ်က ဒုတိယအရွယ်ရောက်နေပြီဗျ"၊ ကျနော်က စကားဖြတ်၍ တော်လှန်ရေးသမားဘ၀နဲ့ တော်လှန်ရေးအလုပ်လုပ်ရင်း လူထုကို အလုပ်အကျွေးပြုခြင်းသည် မွန်မြတ်သည့်ဘ၀ကို အကျိုးရှိရှိ အသုံးပြုရာ ရောက်ခြင်းဖြစ်ကြောင်း သူ့ကို ပြန်လည်ရှင်းပြရာ တဆက်တည်းမှာပင် "လူထုကို ငါ့ညီ ဘယ်လိုအလုပ် အကျွေးပြုမလဲ" ဟု ဖြတ်မေးရာ "ဆိုက်ကားနင်းရင်း အလုပ် အကျွေးပြုတော့မယ်အကို" ဟုဆိုကာ ထိုရဲဘော်လေးသည် ထိုအတွေး အခေါ်ကို ဆုပ်ကိုင်ကာ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။ ကျနော့် ရဲဘော်ကြီးဆန်းလင်းသည် တဦးချင်းစီ ဖြစ်တည်နေ သော စံလွဲအတွေးအခေါ်များကို တည့်မတ် ဆွေးနွေးပေးနိုင်သည့် အချိန် သူ့မှာလုံလောက်စွာ မရရှိခဲ့ချေ၊ လေ့လာသည်ဆိုရာ၌ နိုင်ငံ ရေးအခံမရှိ နိုင်ငံရေးစံတခုမရှိလျှင် လေ့လာမှတ်သားသည့် ၀ါဒီ အစ်ဇင်များ၊ တွေးခေါ်မှု ဖလော်ဆော်ဖီများကို ချိန်ထိုး၍ ဝေဖန်ပိုင်း ခြားနိုင်စွမ်း မရှိနိုင်ချေ၊ နိုင်ငံရေး ရင်ကျက်မှုဆိုသည်မှာ တထိုင်တည်းဖတ်ရူမှတ်သားရုံမျှ မရနိုင်၊ အချိန်ကာလများဖြင့် တိုက်စားဖြတ် သန်းသော အတွေ့အကြုံများကသာ ရင့်ကျက်မှုကို စေစားနိုင်သည်၊ ကျနော်ရဲ့ ရဲဘော်ကြီး၏ စေတနာသည်ကား သူ့ ရဲဘော်များကို အတွေးအခေါ်ရ ခိုင်မာသည့် ရဲဘော်များအဖြစ် ထိုစဉ်ကတည်းကစ၍ အမျိုးမျိုးအဖုံဖုံ ကျိုးစားတည်ဆောက်ခဲ့သည်။

နောက်တန်းတွင် ဖြစ်သလို နေတတ်ထိုင်တတ်ကြသော ရဲဘော်များ၊ နောက်တန်းအမိန့်များကို ကပိုကရို လုပ်တတ်သော ရဲဘော်များကို ကျနော်တွေ့ဖူးသည်၊ ကြုံရဖူးသည်၊ လူဆိုသည်ကား လွတ်လပ်စွာ နေထိုင်လိုတတ်သော သတ္တ၀ါ၊ ရည်မှန်းချက် ပန်းတိုင်ကြီးမားသောကြောင့် ထိုပန်းတိုင်အရ ပေါ်ပေါက်လာခဲ့ရသော စည်းမျဉ်းစည်းကမ်း များက သူတို့အတွက် ထောင်းတာလှသည်၊ "နောက်တန်းစခန်းထဲ၌ အရက်မသောက်ရ" အမိန့်ထုတ်သည်၊ နောက်တန်းစခန်းထဲတော့ သူတို့ လုံးဝမသောက် သူတို့သောက်သော နေရာသည်ကား စခန်း၏ ပြင်ပ စခန်းကို ကာရံ ၀န်းရံထားသော စည်းဝိုင်း ခြံစည်းရိုး အပြင်၌ ကျောခြင်းကပ်၍ အပြင်ဘက်ဘေးတွင် ၀ိုင်းဖွဲ့နေကြသည်ကို မြင်ရဖူးသည်၊ ဟုတ်သည်၊ မှန်သည်၊တပ်စည်းဝိုင်းအတွင်း၌ မမှီဝဲ တပ်အပြင်၌ သာမှီဝဲသုံးဆောင်သည်၊ ၀ိနည်းလွတ်ဖြစ်သည် သို့သော် သူတို့သည် လူဆိုးလူပေများမဟုတ်ကြ၊ ငယ်သူများမို့သာ သို့ရာတွင် နောက်တန်းယဉ်ကျေးမှုအရ ကပိုကရိုနေထိုင်မည် ဖြစ်သော်ငြားလည်း ရှေ့တန်းစစ်မျက်နှာများ၌မူကား အလုပ်ကိုလေးစားသည်၊ တာဝန်များကို ကျေပြွန်စွာ ထမ်းဆောင်သည်၊ အသက်ကို စွန့်လွှတ် တိုက်ပွဲဝင်ကြသည်၊ ရန်သူ၏ နောက်တန်း အခြေစိုက်တပ်စခန်းအတွင်း အထိကို ထိုးဖေါက်ဝင်ရောက်၍ တိုက်ခိုက်နိုင်ခဲ့ဘူးသည်။ ထိုတပ်အတွင်း၌ပင် စောထစခန်းမှ မကဒတ ကျောင်းသားတပ်ခွဲမှူးတဦးကျဆုံးခဲ့သည်၊ ထိုတပ်အတွင်း၌ ကျဆုံးသွားသော တပ်ခွဲမှူးကျောင်းသားရဲဘော်ကို မြေမြုပ်နှံသည့်အခါ ရန်သူတပ်မှူးကပင်လျှင် ဂုဏ်ယူအလေးပြုခြင်းကို ခံခဲ့ရသည်၊ ဤမျှလောက် သတ္တိရှိရှိ တိုက်ခိုက်ခဲ့သဖြင့် ရန်သူ၏လေးစားမှုကို ခံခဲ့ရခြင်းကို ထိုစခန်းရှိ မကဒတရဲဘော်များက အသက်ပေး၍ပြသခဲ့ကြသည်။

သူသည်ရှေ့တန်းက ပြန်ရောက်လာတိုင်း ကျနော်ရှိရာသို့ မကြာခဏ ရောက်လာတတ်သည်၊ ကျနော်သည် သူ၏ ရှေ့တန်းအတွေ့အကြုံများကို ကျနော့်အား လိုလိုလားလား ရှင်းပြလေ့ရှိသည်၊ ရှေ့လုပ်မည့် အနာဂါတ် လုပ်ငန်းစဉ်များအတွက်လည်း အကြံဥာဏ်ဖလှယ်ကြ၊ ဝေဖန်ကြသည်၊ နှီးနှောကြသည်၊ ကျနော့်၏ အကျင့်က သူများ၏ အတွေ့အကြုံ သင်ခန်းစာများအား နားထောင်ခြင်းပင်ဖြစ်သည်၊ သူ၏ နေရာမှာ ကျနော်ဆိုလျှင် မည်ကဲ့သို့ အကောင်အထည်ဖေါ်မည် သို့မဟုတ် ဘယ်လိုရင်ဆိုင်မည် ဘယ်လို ဖြေရှင်းမည်နည်း၊ စဉ်းစားသုံးသပ်လေ့ရှိခြင်းပင်၊ သူသည် လူထုစည်းရုံရေးမှူးကောင်းတယောက်၊ အနာဂါတ်အတွက် တောက်ပြောင်လာမည့် ကြယ်တပွင့်၊ ရည်မှန်းချက်အင်မတန်မှ ကြီးမားသူ လူထုလူမြောက်ရေးအတွက် လူထုအားစည်းရုံးနိုင်ရေး အခြေခံဒေသခိုင်မာရေး လက်နက်ကိုင် တော်လှန်ရေးကို အခြေခံကာ လူထုကိုစည်းရုံး၊ ကျေးရွာကို အခြေခံ၊ မြို့ပြကို ထိုးဖေါက်ဒီလို သူက၊ သူသည် ကျေးရွာအတွင်း လူထုများနှင့် တွေ့ဆုံကာ ဒူးတိုက်သည်၊ မြို့နေလူထု လူတန်းစားနှင့်ထိတွေ့သည်၊ ရန်သူကို ဘက်ပေါင်းစုံ လေ့လာသည်၊ မိမိရဲဘော်များ၏ အထွေထွေ ကိစ္စရပ်များကို ရင်ဝယ်သားကဲ့သို့ ပြုစုဆောင်ရွက်သည်၊ မိမိအဖွဲ့အစည်း၏ တိုးတက်ရာတိုးတက်ကြောင်း ကိစ္စများ ခေါင်းထဲတွင် ဦးလည်မသုန် အစီအရီရှိနေတတ်သည်၊ ဝေဖန်ငြင်းခုန် ဆွေးနွေးအဖြေရှာ လေ့ ရှိသည်။

ဤသို့နှင့်ရှေ့တန်းတွင်သာ လူထုလုပ်ငန်းနှင့် ပျော်မွေ့နေတတ်သော ကျနော်၏ သူငယ်ချင်းကြီးသည် ၁၉၉၃ခန့် တွင် နောက်တကြိမ်ကျနော် တောင်ပေါ်ကပြန်ဆင်းလာတော့ တွေ့ကြပြန်သည့် ထိုအခါ သူ့ရုပ်သွင်ကို ကျနော်က စူးနစ်စွာကြည့်နေမိသည်၊ သူသည် ချေဂွေဗားရား ပုံစံပေါက်လာသည် နှုတ်ခမ်းမွေး မုတ်ဆိတ်မွှေးများက ထူလပြစ်နှင့် မသပ်ခပ်အား ထူးခြားသည်က ဆေးအိုးတံတလုံးကို ပါးစပ်တွင်ကိုက်၍ မီးညှိလိုက်ဖွာလိုက်နှင့် သူစရိုက်တခုမှာမူ ရောက်လာတိုင်း တောင်ကြည့်မြောက်ကြည့် လုပ်လေ့ရှိပြီး ကျနော်ဆီမှ သူလိုခြင်သည့်ဟာများတွေ့ပါက ဆွဲယူသွားသည် မှာသူ့အကျင့်၊ သူ့ဝသီ ရှေ့တန်းတွင် ပင်ပင်ပမ်းပမ်းရှိသော ကျနော်၏ သူငယ်ချင်းအတွက် ကျနော်ကလည်း မငြိုငြင်မိချေ။

ယခုတွင်လည်း ကျနော်နားထောင်နေသည့် ရေဒီယိုတလုံးကို ရချင်သည်ဟုဆိုလာပြန်သည်၊ ရှားရှားပါးပါး ရထားသော ရေဒီယိုတလုံးသည် သူ့အတွက်ဆိုလျှင် ကျနော်မငြင်းနိုင်ရှာ၊ ဆေးတံဖွာရင်း မျက်လုံးကိုမှေးကာ ရှေ့တန်း အတွေ့အကြုံများကို ရှင်းပြနေပြန်သည်၊ ကျနော်က နားထောင်သမားသက်သက် ပြည်တွင်းသို့ မည်ကဲ့သို့မည်ပုံ ၀င်ရောက်ခဲ့ကြောင်း၊ မည်သို့ရုပ်ဖျက်ဝင်ရောက်ခဲ့ကြောင်း၊ ရန်သူနှင့် မည်သို့ထိပ်တိုက်တွေ့ခဲ၍ မည်သို့လှည့်ဖျားခဲ့ရကြောင်း၊ သူရှင်းပြခဲ့သော ထိုအကြောင်းဤအကြောင်းများသည် ကျနော့်အတွက်၊ တော်လှန်ရေးအတွက်၊ မိခင်အဖွဲ့အစည်းအတွက် ကြီးမားသော အတွေ့အကြုံများပင်ဖြစ်သည် မဟုတ်ပါလား ဒါ .. ဟောလီးဝုဒ်က ရိုက်သည့် ဇာတ်လမ်းတပုဒ် မဟုတ် သူက လူထုလမ်းစဉ်၊ လူထုအာဏာကို စွဲမြဲစွာ ကိုင်စွဲထားသဖြင့် လူထုအပေါ်၌ ယုံကြည်မှုကြီးမားကာ ပျော်ဝင်ခြင်းသက်သက်၊ လူထုသည် ရေ၊ တော်လှန်ရေးသမားသည် ငါး ဆိုသည့် အတွေးအခေါ်ပေါ်အခြေခံ၍ လက်တွေ့ကျင့်သုံးသူ။

၁၉၈၉ ခုနှစ်က သေဘောဘိုး စခန်းမှ ကျောင်းသားတပ်မတော်

ထိုရက်က ကျနော့်ကို ဆွေးနွေးလာသည် သူမြို့တွင်းသို့ ပြန်၍ ၀င်ရောက် ထိုးဖေါက်စည်းရုံးမည်ဖြစ်ကြောင်း။ အစီအစဉ် များက မည်သို့ဖြစ်ကြောင်း ကျနော့်အား ယုံကြည်စိတ်ချစွာ ဖွင့်ထုတ်တိုင်ပင်လာသည်၊ သူမြို့ကိုဝင်သည့်အကြိမ် စိပ်လာမိကြောင်း ကျနော် သတိထားမိသည်၊ စိုးရိမ်စိတ်ဝင်လာသောကျနော်က ဤကဲ့သို့ အကြံပေးမိသည်၊ လူထုစည်းရုံးရာတွင် အဓိက တပ်ဦးမကျွံရေးနှင့် လူထုနောက်မြီးဆွဲမဖြစ်ရေးကို ရှင်းပြတော့ သူက လေးနက်စွာစဉ်းစားတွေးနေသည်၊ ကျနော်က ဆက်လက်၍ လူထုအဆင်သင့် မဖြစ်သေးတဲ့အခါ အတင်းထိုးပြီးဆွဲခေါ်ရင် ဆင်ကန်းတောတိုးဖြစ်ပြီး ကိုယ်ကြီးပဲကျန်ပြီး လူထ နောက်ချန်နေခဲ့ လိမ့်မယ်၊ လူထုရဲ့ရေချိန်၊ ရန်သူအပေါ်ထားတဲ့ သဘောထားကိုကြည့်ပြီး လုပ်ငန်းစဉ်ချ လုပ်ရမယ်၊ နောက်တခု အရေးကြီးတာက လူထုနောက်မြီးဆွဲမဖြစ်ရေးဘဲ ဆိုလိုတာက လူထုပြောသမျှ လူထုခိုင်းသမျှ လူထုနောက်ကနေ တရွတ်တိုက်မလိုက်မိဖို့ အရေးကြီးကြောင်းပြောတော့ သူက ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ငြိမ်ပြီးနားထောင်နေခဲ့သည်၊ တခုလုံး အတိုင်းအတာရ လူထုကိုမှီခို၊ လူထုကြားမှာနေ၊ လူထုကိုလေးစားရမယ် ဒီအခြေခံပေါ်မှာ လူထုကို တစုံတခု အတိုင်းအတာရ ယုံကြည်ရမယ် ဒါပေမဲ့ တခုချင်း အတိုင်းအတာရ တော်လှန်ရေးသတိ အမြဲရှိနေရမယ်၊ အမြဲတမ်းသံသယကြီးဖို့တော့ မဟုတ်ဘူး တဦးချင်းဆီကို သတိထားနေရမယ် ဆိုတာကလည်း လူထုဆိုတာက အမျိုးမျိုးရှိတယ် ဥပမာကွာ … စီးပွားရေးအခြေခံပေါ်မှာ မူတည်ပြီး သူတို့အတွေးအခေါ်ကလည်း ပြောင်းလဲတတ်တယ်ဟု ဤကဲ့သို့ အကြံပေးတော့ သူကငြင်းချက်မထုတ်ခဲ့ ခါတိုင်းဆိုလျှင် ကျနော်နှင့် ဆန့်ကျင်ဘက် အတွေးအခေါ်များကို ဖေါ်ထုတ်ရင်း အဖြေမှန်ကို မရ ရအောင်ရှာလေ့ရှိသူ။

လက်နက်ကိုင်တော်လှန်ရေး အပေါ်တွင် သူမည်မျှ မာနကြီးကြောင်း ထိုရက်က သိလိုက်ရသည်၊ ထိုရက် တရက်----။ သူနှင့် ကျနော် မာနယ်ပလောသို့ ကိစ္စတခုဖြင့် သွားကြသည်၊ သူ့စခန်းမှနေ၍ စက်လှေကြုံဖြင့် လိုက်သွားကြရာ မယ်နယ်ပလောသို့ ရောက်သည်၊ ထိုစဉ် သူက ပျောက်ကျားယူနီဖေါင်းနှင့် ဦးထုပ်တော့မပါ မာနယ်ပလောရောက်တိုင်း ကျောင်းသားဘ၀က ပါလာသည့်အကျင့်က မပျောက် ထိုအကျင့်က လဘက်ရည်ဆိုင် ထိုင်သည့်အကျင့် "လာ … လဘက်ရည်ဆိုင်ထိုင်မယ် ကွာ" ဟုဆိုသဖြင့် "ဘယ်ဆိုင်ထိုင်မှာလဲ" ဟုကျနော်က မေးသည် ထိုစဉ်က မာနယ်ပလောတွင် လဘက်ရည်ဆိုင် သုံးလေးဆိုင် ရှိသည်၊ "ဟိုဘက်ကွာ" အန်အယ်လ်ဒီဘက်သွားရင်း ကဗျာဆရာပန်းခက်ဆိုင်မှာ ထိုင်ရအောင်ဟု ဆိုလာသည်၊ ကျနော်က မငြင်းမိ၊ ချစ်သူငယ်ချင်း သွားရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်လေ့ရှိသူ မိတ်ဆွေများကို သံယောဇဉ်ကြီးသူ ချိုစိမ့်မရှိ၊ ဖန်ချိုမရှိ သောဆိုင်၌ သူနှင့်ကျနော် ကော်ဖီမှာသောက်ကြသည်၊ ထုံးစံအတိုင်း သူ၏ စိတ်အစဉ်တွင် လွှမ်းမိုးနေသော လူထုစည်းရုံရေး လက်နက်ကိုင်တော်လှန်ရေး ဘ၀အကြောင်းများကိုသာ ကျနော့်ကို တတွင်တွင် ပြောနေသည်၊ ထိုစဉ်က ရှစ်လေးလုံးအရေးတော်ပုံကြီးက ပူပူနွေးနွေးပြီးခါစ တောခိုလာသည့် ကျောင်းသားများ ကလည်း လက်နက်ဖြင့် လူအင်အားဖြင့် တွန်းလှန်တိုက်ခိုက်ပြီး အမြန်ဆုံးအောင်ပွဲရရန် စိတ်အားထက်သက် နေကြသည့်အချိန် တော်လှန်ရေးကိုလည်း အချိန်တိုအတွင်းပြီးမည်ဟု ယုံကြည်နေကြသည်၊ တိုက်ခိုက်ရေး စိတ်ဓါတ်အရှိန်အဟုန် မြင့်မားနေသည့်အချိန်၊ ထိုစဉ် ပြည်တွင်းပါတီတခုမှ တောခိုလာသည့် ကျောင်းသားသုံးဦး လဘက်ရည်ဆိုင်ထဲသို့ ၀င်လာကြသည်၊ ကျနော်တို့၏ လက်မောင်း၌ တပ်ထားသော ဘက်တံဆိပ်ကိုကြည့်ကာ သူတို့ကို သူတို့ မိတ်ဆက်ပြီး ကျနော်တို့ ၀ိုင်းထဲသို့ ပူးပေါင်းလာကြသည်၊ ကျနော်တို့ ကလည်းသူတို့ကို လေးစားစွာ ဖိတ်မန္တကပြုသည်၊ ကျနော့် သူငယ်ချင်းက သူတို့ကို အကဲခတ်လေ့လာနေသည်၊ စကားသံများက တိတ်ဆိတ်လျှက် ထိုအရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ် ထိုပါတီလူငယ်က စကားစလာသည်၊ ကျနော်တို့ ဆိတ်ငြိမ်စွာ နားထောင်နေကြသည်၊ ထိုလူငယ်က ပြည်တွင်းတွင် သူ မည်သို့မည်ပုံ ထိုးဖေါက်လှုပ်ရှားခဲ့ကြောင်း၊ ပါတီကို လူဦးရေများများရအောင်မည်ကဲ့သို့ကြံဆောင်ခဲ့ကြောင်း ပါတီအတွေ့အကြုံများကို အာဘောင် အာရင်းသန်သန်ဖြင့် ကျနော်တို့ကို ရှင်းပြလာသည်၊ ကျနော်နှင့် သူကလည်း အတွေ့အကြုံယူနေကြသည်၊ စကားဝိုင်းက အချိန်ကြာလာသည်၊ သူလည်းအရှိန်တော်တော်ရလာသည်၊ ပြောပါများသဖြင့် ပါးစပ်ကအမြုပ်တစီစီဖြစ်တော့ မလိုလို ဘယ်လိုလုပ်သည်ထက် သူက သူများထက်ဘယ်လိုပိုလုပ် နိုင်ကြောင်းကို ကြွားလုံး ထေ့လုံး သန်သန်ဖြင့်ပြောလာသည်၊ သူကဘယ်လိုချလိုက်ကြောင်း။ သူ့ကြောင့် ဘယ်လိုဖြစ်သွား ကြောင်းစသည်ဖြင့် ပြောလာတော့ ကျနော်က နားကြားပြင်း ကပ်ချင်ချင်ဖြစ်လာသည်၊ ကျနော့်သူငယ်ချင်းကို ကြည့်တော့ သူ စိတ်အချဉ်ပေါက်နေပုံရသည်၊ ကျနော်၏ ပေါင်ကို သူက တချက်ကုတ်ပြီး အချက်ပြလိုက်သဖြင့် ကျနော် သတိထားမိလိုက်သည်၊ သူပြောတော့မည်၊ သူပြောမည့်စကားများကို ကျနော်က စောင့်စားယင်း အမြုပ်ထနေသော ထိုပါတီရဲဘော်လေးကို ကြည့်လိုက်စဉ် သူက … ခင်ဗျားပြောတာကောင်းပါတယ်၊ ဗဟုသုတရတာပေါ့ဗျာ … ခင်ဗျားတို့လိုတော မြို့ပေါ်နိုင်ငံရေးပါတီ အတွေ့အကြုံကတော့ ကျနော်တို့အားနည်း ပါတယ် … ဒါပေမဲ့ဟု အစချီက သူက ရေပက်အ၀င်မခံ ဆက်တိုက် ပြောလေတော့ ထိုပါတီလူငယ်လေးမှာ ပါးစပ် အဟောင်းသား သူပြောလိုက်သည်ကား သူတိုက်ခဲ့သည့် တိုက်ပွဲများအကြောင်း မာနယ်ပလော ခံစစ်တိုက်ပွဲများအကြောင်း၊ မည်မျှအချိန် ကြာသည် မသိတော့နိုင် ကျနော်က သူ့ ပေါင်ကို ကုတ်လိုက်သည်၊ သူသည်ဂရုမစိုက် ပြောမြဲပြော ဟောမြဲဟော ဆဲပင် ကြာတော့ ထိုပါတီရဲဘော်များက ကုတ်ကုတ် နှင့် ထပြန်သွားတော့မှ သူက ရယ်ကျဲကျဲနှင့် ကျနော့်အား ဟေ့ကောင် မင်းသိတယ်မဟုတ်လား ငါက သူတို့မလိုက်နိုင်တဲ့မမှီတဲ့ အာဂျင်ဒါနဲ့ ဆွေးနွေး လိုက်တာလေ၊ ဒီတော့ ၀င်ပြီးဆွေးနွေးလို့ မရတော့ဘူး သိပြီလား ပြောသည်ကို ကျနော်ကတော့ ကောင်းလေစွဟု ပြောယုံမှတပါး အခြားမရှိပါ၊ ကြည့်လေ … သူက အဲဒီလို မာကျောကျော ဂျွတ်ဆတ်ဆတ်၊ ခပ်ရွဲ့ရွဲ့ ခပ်စောင်းစောင်းလူမျိုး ထိုစဉ် ကျနော်က ထိုပါတီလူငယ်များကို အားနာမိနေသည်။

ဘန်ကောက်၌ ရဲအဖမ်းခံရစဉ် ကျနော်တို့အား နှစ်ယောက်တွဲလက်ထိပ်ခတ်၍ အိုင်တီစီ (လ.၀.က) အကျဉ်းစခန်း သို့အပို့ခံရသည်၊ ကျနော်၏ ရှေ့၌ရှိသော သူက ထိုင်းပုလိပ်ကို ဂျစ်ကန်ကန်မှုံတေတေနှင့် ကြည့်နေသဖြင့် ထိုပုလိပ်က သူ့ကိုကြည့်ရကောင်း မလားဆိုကာ လူအများကြား၌ ၀ါးလုံးထိုးပြေးလာပြီးသူကို ထိုးမည့်ဟန်ဖြင့် ခြိမ်းခြောက်သည်ကို သူကလည်း ပြန်ခံချရန်ပြင်ဆင်သည် အားလုံးက ပြောမှသူက ငြိမ်သွားသည်၊ အဲဒီလို ဆတ်ဆတ်အထိမခံ၊ အကြောမခံသည့် လူမျိုး၊ ထောင်ထဲတွင်လည်း ရဲက နာမည်မေးသည်၊ သူက သူနာမည်ကို "အဖေ" ဟုပြောသည်၊ ရဲကနာမည်ကို အကျယ်ကြီးအော်ခေါ်၍ အဖေ--အဖေ--အဖေ ဟုဆိုတော့ သူကမကြားခြင်ယောင်ဆောင်နေခဲ့သည်၊ ဟေ့ကောင် မင်းပေးထားတဲ့နာမည် မဟုတ်လားမေးတော့ သူကြာကြာခေါ်နေရအောင် ငါမကြားချင်ယောင်ဆောင်နေတာ ဟုဖြေကာ ကြာတော့မှ အဖေ … "ဟေ" ဆိုသော အာလုပ်သံဖြင့် အသံထွက်လာသဖြင့် အချုပ်ကား၌ ရောက်နေသော ကျနော်တို့ တသောသော တ၀ါးဝါးဖြင့် ပွဲကျခဲ့ရသည်၊ သူက အဲဒီလို ရွတ်သည်၊ရွဲ့သည်၊ဂျစ်သည် ထိုင်းပုလိပ်ဆိုလျှင် ကျနော်တို့ ကျောင်းသားများက သိပ်ပြီးဂရုစိုက်လေ့မရှိ။။ မောင်ကျောင်းတို့၏ ဒါဏ်ကိုလည်းသူတို့ တော်တော် ခံရသည်၊

၁၉၉၄နောက်ပိုင်းကျနော်နှင့် သူမဆုံဖြစ်ကြတော့၊ မဆုံဖြစ်ကြသော်လည်း သူအကြောင်းကို မေးမြဲ၊ စုံစမ်းဆဲ၊ ရှေ့တန်းရောက်နေသည့်အကြောင်း၊ လူထုစည်းရုံးရေးကို တစိုက်မတ်မတ်လုပ်နေကြောင်းကိုသာ ပြန်၍ကြားရသည်၊ အသေးစိတ်ကိုတော့ မသိခဲ့ရ။ နောက်တော့ သူအဖမ်းခံရသည်ဟု ကြားလိုက်ရသည်၊ ထိုသတင်း ကိုကျနော်မယုံကြည်၊ သူ … ကျနော်နှင့်အတူ တော်လှန်ရေးမှာရှိနေသည်ဟု ယုံကြည်နေဆဲ၊ ထိုသတင်းကြားစဉ်က ကျနော် နားထဲ သံရေပူတွေ ဖြတ်စီးဆင်းသွားသလိုခံစားမိလိုက်သည်၊ မဖြစ်ပါစေနဲ့ မဟုတ်ပါစေနဲ့ဟု အခါခါဆုတောင်းမိသည်၊ သတင်းက အမှန်ဖြစ်တော့ ကျနော်ယူကြုံးမရကြေကွဲရသည်၊ သူသည် ရှေ့တန်းသို့ လူထုစည်းရုံရေးလုပ်ငန်းအတွက် ရွာစဉ်ရွာနှံ့အပင်ပန်းခံ၍ လှည့်လည်သွားလာကာ တာဝန်ထမ်းဆောင်နေစဉ် ရွာသားတဦးကို ခေါ်ကာ သူ့ လုပ်ငန်း အတွက် လမ်းပြအဖြစ်တာဝန်ပေးခဲ့ရာမှ ရွာသားစည်းပေါက်ကာ သတင်းပေးသဖြင့် သူသည် တောင်ငူအနီးနားရှိ ရွာတရွာတွင် အိမ်တအိမ်၌ နားနေစဉ် စစ်ခွေးများကို သူနေသည့်အိမ်ကို အင်အားအပြည့်နှင့် ပိတ်ဆို့လိုက်ကြောင်း သူ့တွင် ကိုင်နေကြ အေကေတလက်ပါသည်၊ သို့သော်သူခံမပစ်ခဲ့ ခံပစ်ပါက အိမ်တွင်ရှိနေသော မဆိုင်သူ မိသားစုများ အားလုံး သေနတ်ကျည်ဆံသင့် သေဆုံးကြမည့်အရေးကို သူသိသည်၊ ထို့ကြောင့် သူက ထိုနေရာမှလွတ်မြောက်ရန် အားထုတ်တော့သည်၊ ထိုအိမ်ပေါ်မှနေ၍ အိမ်အောက်သို့ခုန်ချသည်၊ ထိုစဉ်အောက်၌ ရှိသော ၀ဲစားခွေးတပ်က အိမ်အောက်တွင်ရှိသော လှည်းကိုထောက်သည့် လှည်းဒေါက်နှင့် သူ့ ခေါင်းကိုရိုက်ခွဲပြီး တောင်ငူထောင်သို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်၊သူယုံကြည်သော သူ၏လမ်းမှာ သူကိုသစ္စာဖေါက်ကာ သူနေသည့်နေရာသို့ လက်ညှိုးထိုးပြခဲ့လေသည်၊ ထိုတောင်ငူ စစ်ကြောရေးစခန်းတွင် သူကို ဘ၀ပျက်အောင် နှိပ်စက်နည်းမျိုးစုံဖြင့် နှိပ်စက်ကြသည်၊ သူကိုစစ်ကြောရေးဝင်စဉ်သူသည် ဗမာစကားကို တလုံးမှပင်မပြောတော့၊ အင်္ဂလိပ်လိုသာပြောသည်၊ စစ်ကြောရေးဝင်သည့် ရဲဘော်များသည် အခက်တွေ့လာကာ အင်္ဂလိပ်စကားပြောတတ်သည့် ဗိုလ်မှူးတယောက်ကို ခေါ်၍ စစ်ကြောခဲ့ရသည်ဟု သိရသည်၊ ထိုမျှပင် စိတ်ဓါတ်ခိုင်ကျဉ်စွာ စစ်အစိုးရအား ရသလောက် အညှိုအငြင် ပေးသွားနိုင်သည့် ရင်ဘတ်ထဲက ရဲဘော်ကြီး ထိုအကျဉ်းစခန်းမှာပင်လျှင် ကျနော်၏ ရဲဘော်ကြီးကျဆုံးခဲ့ရသည်၊ သူသည် သူရဲကောင်းပီသစွာ ကျဆုံးခဲ့သည်၊ သူယုံကြည်သည့် လူထုကို အသက်နှင့်လဲ၍ ကာကွယ်ပေးခဲ့နိုင်သည်၊ သူရဲကောင်းစိတ်ဓါတ်နှင့် ကိုယ်ကျိုးစွန့်တိုက်ပွဲ ၀င်သွားခဲ့သော ရဲဘော်ကြီးဆန်းလင်း ကောင်းရာသုဂတိ လားပါစေ။

လာမဲ့နှစ် ၂၀၀၈ အတွက် မကဒတမှထုတ်ဝေသော ပြက္ခဒိန်ရသည်၊ ကျနော့် သူငယ်ချင်းသည် မြက်ခင်းစိမ်းစိမ်းကြား၌ ရောက်နေသည်၊ မြက်ခင်းစိမ်းစိမ်းကြားကို ကျော်ဖြတ်၍ ပိန်းပိတ်မဲမှောင်နေသော စနစ်များရှိရာ မြန်မာပြည်အတွင်းရှိ စစ်အာဏာရှင်များကို လက်နက်ကိုင်တော်လှန်ရန် ကျောင်းသားတပ်မတော် တပ်ရင်း၂၀၈၊ ၂၀၉၊ တပ်ရင်း ၂၁၀၊ ပါဝင်သော စစ်ကြောင်းများက ချီတက်တော်လှန်တိုက်ခိုက်တော့မည်၊ အချိန်တိုင်း အချိန်တိုင်းသူသည် ကျနော့်လွှမ်းမိုးနေဆဲ၊ သူသည် ကျနော် နှင့် အတူရှိနေဆဲ၊ ပြက္ခဒိန်ကို သေသေချာချာ ကျနော်ကြည့်တော့ သူ့ကကြည့်နေသည့်နှယ်၊ စေ့စေ့ကြည့်သည်၊ စူးစိုက်ကြည့်သည်၊ ကျောင်းသားတပ်မတော်ယူနီဖေါင်းနှင့် သူ … ရီနေသည်၊ နောက် သူ …ပြုံးနေသည်၊ ပြီးတော့ …. ။ သူ့ ကာဘိုင်သေနတ် သည် မိုးပေါ်သို့ထောင်လျှက် … မောင်းတင်လျှက် …. ။ သူ့ ၀ိညာဉ်သည်လည်း …. ဒီမိုကရေစီ စနစ်ဆီသို့ ဒေါင်းတင် မောင်းတင်လျှက် ……. ရှိနေမည်သာ။ ။

( ဆန်းလင်းနှင့် တပ်ရင်း(၂၁၀)မှ ရှေ့တန်းတနေရာတွင် ကျဆုံးသွားသော ရဲဘော်များနှင့် မကဒတရဲဘော်များ အားလုံးကို ဂုဏ်ပြုဦးညွတ် အလေးပြုလျှက်။ )

သားချစ် ( ဟစ်တိုင် )

ဟစ်တိုင် ၀က်ဘ်ဆိုက်မှ ပြန်လည် ကူးယူဖော်ပြပါသည်။

အပြည့်အစုံသို့...

 
/* EOT ----------------------------------------- */