ကိုဈာန်
ညနေမှောင်ရီပျိုးချိန် ပုဇွန်ဆီရောင်သန်းနေတဲ့ နေလုံးကြီးက လယ်ကွင်းပြင်စိမ်းစိမ်းတွေထဲကို တိုးဝင် ပျောက်ကွယ်တော့ မည်။ ညနေတိုင်း ညနေတိုင်းမှာ လယ်တဲထဲက နေပြီး နေ၀င်တာကို ထိုင်ထိုင်ပြီး ငေးရတာ လွမ်းသလိုလို ဆွေးသလိုလိုပင်။ ကိုယ့်မြေ ကိုယ့်မွေးရပ်ကို တမ်းတနေမိသည်။
ပုခက်ပေါ်က အင့်ခနဲ့ ကလေး ငိုသံကြားတော့ အတွေးစများ ပြတ်တောက်သွားခဲ့သည်။ ညနေပိုင်း ဆောင်းရာသီဥတုက အေးစပြုလာပြီ။ ကလေးကို ရင်ခွင်ထဲပွေ့ပိုက် နို့တိုက်ပြီး ဘေးနားရှိ ဖျင်ကြမ်း စောင်တထည်ကိုပါ ကောက်ခြုံလိုက်လေသည်။ အနီးအနားက လယ်တဲတွေစီက မီးရောင်တွေကို မြင်နေရပြီ။ မနေ့ကလက်ကျန် ဖယောင်းတိုင် အတိုလေးကို ထွန်းညှိလိုက်သည်။ မိမိရင်ခွင်ထဲက အငမ်းမရ နို့စို့နေတဲ့ သားလေးကို ကြည့်ပြီး ရင်ထဲ အေးမြသွားလေသည်။ တနေ့တာ ပင်ပန်းမှုတွေ ကွယ်ပျောက်သွားသလိုပင်။ သားလေးမှာ နို့စို့ရင်း လက်လေးနှစ်ဖက် မိမိရင်ဘက်ကို ပုတ်ပုတ်ပြီး ဆော့ကစားရင်း အိပ်ပျော်သွားပေသည်။
ညနေစာ… ဒီညအဖို့တော့ ကန်ဇွန်းရွက်ပြုတ်ရည်ပဲ သောက်ပြီးအိပ်တော့မည်။ ဒီနေ့ကောက်ရိတ်ခကို သူဌေးက မနက်ဖြန်မှ ပေါင်းရှင်းမည်ပြောသဖြင့် ညနေကတည်းက လယ်ကွင်းထဲမှာ ကန်ဇွန်းရွက်များကို ခူးခဲ့သည်။ သစ်ကိုင်းခေါက် သုံးလေးချောင်းကောက်ပြီး ကန်ဇွန်းရွက်ပြုတ်ထားရသည်။ ပိုပိုလိုလို ပိုက်ဆံဘတ် ၂၀ လောက်ကို ခြေဆောင့် လက်ဆောင့်ထားထားရမည်။ ဆန် ၀ယ်မစားရဲပေ။
ကန်ဇွန်းရွက်ပြုတ်ကို ငါးပိရည်နှင့် တို့စားလိုက်လေသည်။ ဘာမှမစားရတာနှင့်စာရင် နည်းနည်းခံသာလေသည်။ ခလေးကို ဘေးနားတွင် ချသိပ်လိုက်သည်။ မိမိလည်း အိပ်တော့မည် ဖျင်ကြမ်းစောင်လေးကို ကောက်ဆွဲပြီး သားအမိနှစ်ယောက်ခြုံလိုက်လေသည်။ တော်တော်နှင့် အိပ်မပျော်ပေ။ စဉ်းစားစရာတွေက ခေါင်းထဲဝင်ဝင်လာသည်။ လင်ယောက်ျားကလဲ ကလေးရှေ့ရေးအတွက် စုမိဆောင်းမိအောင် ဘန်ကောက်တက် အလုပ်လုပ်သည်မှာ ၂ လ လောက်ရှိပေမည်။ အဆက်အသွယ် မရသေးပေ။ ဘန်ကောက်ကို တောလမ်းက သွားမည်ပြောသည်။ ဘန်ကောက်ကို ချောချောချူချူ ရောက်ရဲ့လား၊ အလုပ်အကိုင်ကော အဆင်ပြေရဲ့လားမသိ။ မိမိယောက်ျားအတွက်လည်း ပူပန်ရသေးသည်။ ကလေးက ၉ လရှိပြီ နို့မဖြတ်ရဲသေးပေ။ နို့ဖြတ်ရင် ကလေးအတွက် စားစရာမတက်နိုင်သေးပေ။ ကလေးကို ထိန်းကျောင်းပေးမယ်သူ့မရှိ လယ်ထဲမှာ ကောက်စိုက်ရင်း ကလေးကို လွယ်ပိုးရင်းစိုက်ရသည်။ မိမိနဲ့အတူ နေပူခံရသည်။ နေ့ခင်းနေ့လည် လယ်တဲတွင် ပုခတ်နှင့်သိပ်ရသည်။ အတွေးပေါင်းစုံ၊ တော်တော်နှင့်အိပ်မပျော်ပေ…။
ရုတ်တရက် ကလေးရဲ့ ထငိုသံကြောင့်အတွေးစတွေ ပြတ်တောက်သွားခဲ့သည်။ နို့တိုက်ပြီး ပြန်ချော့သိပ်သည် ပြန်မအိပ်။ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားသည်။ ကလေး… ကလေးကိုယ်နဲ့ အထိအတွေ့…။ ခလေးအသားတွေ ကျစ်ကျစ်ပူနေသည်။ အခုမှ သတိထားမိသည်။ ဘာလုပ်ရမှန်းမသိ။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေမိသည်။ ဆေးပညာ ဗဟုသုတလည်း မရှိ။ ကလေး ကိုယ်ပူ သက်သာအောင် အနှီးလေးကို ပြေးယူ၍ ရေဘက်တိုက်ပေးနေမိသည်။ ကလေးကလည်း သည်းသည်းလှုပ်အောင် ငိုကြွေးနေသည်။ ထိုင်းဆေးတွေလဲ မ၀ယ်တက်။ ထိုင်းစကားလည်း မတက်။ လက်ထဲမှာလည်း ပိုက်ဆံ ဘတ် ၂၀ ပဲရှိသည်။ ဘယ်လိုလုပ်ရပါ့။ သြော်…. မြန်မာပြည်ကတည်းက လိုရမယ်ရဆောင်ထားတဲ့ တိုင်းရင်းဆေးတော့ရှိသည်။ ဆရာမောင်ဆေးနီမှုန့်… ကိုယ်ပူကျဆေး၊ ရှိတာလေးနဲ့ ကလေးကို တိုက်ကြည့်မည်။ ကိုယ်ပူတော့ ကျလောက်မည်ထင်သည်။ ကလေးအငိုရပ်သွားသည်။ ကိုယ်ပူလည်း နည်းနည်းကျသွားသည်။ နည်းနည်းတော့ စိတ်အေးသွားသည်။ မိမိလည်း မှိုန်းခနဲ့ အိပ်ပျော်သွားသည်။
* * * * *
မိမိလက်တဖက်အေးစက်သည့် အထိအတွေ့ကြောင့် ဖျတ်ခနဲ့ လန့်နိုးလာသည်။ ကလေးကို ကိုင်ထားသည့်လက်တဖက်… ဖယောင်းတိုင်တွင် မီးညှိပြီး ကလေးကို စိုးရိမ်ပူပန်စွာကြည့်မိသည့်။ ကလေး… ကလေး… နှုတ်ခမ်းတွေ မျက်နှာတွေပြာနေသည်။ အသားက အေးစက်နေသည်။ လုပ်ပါဦး… လုပ်ပါဦး သား… သား…။ ကလေးကို ပွေ့ပိုက်ပြီး အိမ်ပေါ်ကဆင်း အခြားတဲဘက်တွေကို အကူအညီရလိုရညား ပြေးလွှားမိသည်။ ကိုလှမောင်တို့ လယ်တဲဘက် အမောတကော ပြေးလာမိသည်။
အစ်ကိုလှမောင် ကျမသားလေးကို ကြည့်ပါဦး၊
ဘာဖြစ်လာတာလဲဟဲ မိချမ်းရဲ့… ၊
ကျမသားလေး တကိုယ်လုံးလဲ အေးစက်လို့ မျက်နှာတွေ နှုတ်ခမ်းတွေလဲပြာလို့ ဘာဖြစ်လဲမသိဘူး။ ကူညီပါဦး။ ကျမလည်း ဘာလုပ်ရမှန်းမသိဘူး။ သားလေး သား ထပါဦးသားရယ်…။ အမေ့နို့စို့ပါဦး…။ သားလေး ငိုတောင် မငိုတော့ဘူး။ သား… သား … ။
ပြစမ်းနင့်ကလေး ဘာဖြစ်လဲ…။ ဟင်…. နင့်ကလေးက အသက်မှ မရှိတော့ဘူး။
ရှင်… ဘယ်လိုပြောလိုက်တာ ကျမကလေးက ခုနတုန်းကတောင်ငိုနေသေးတယ်…။ အသက်ရှိပါသေးတယ်… သား … သား … ထပါဦးသားရယ်…။ အမေ့နို့စို့ပါအုံး…။ ဖြစ်မှဖြစ်ရလေသားရယ်။ သားလေးမသေပါဘူး…။ နော်သား…နော်။
စိတ်ဖြေပါ မိချမ်းရယ်…။
အစ်ကိုလှမောင်ရယ် ကျမမှာလည်း ပိုက်ဆံမရှိဘူး အသုဘစရိတ်တောင်မရှိဘူး…။ ကလေးအတွက်လည်း ဆွမ်းကြွေးလေးလဲလုပ်ချင်တယ်။
ကဲလောလောဆယ်တော့ ကလေးကို နင့်လယ်တဲအောက်မှာပဲ မြှုပ်ထားခဲ့…။ မဲဆောက်ကိုတက်ပြီး နင့်ရပ်ဆွေရပ်မျိုးတွေဆီက အသုဘစရိတ်နဲ့ ရက်လည်ဆွမ်းဖိုးလေးရမှ ပြန်လာပြီးကောင်းမှုလုပ်ပေါ့ကွယ်။
* * * * *
တောင်ယာ စိုက်ခင်းတွေဘက်ကို တရွေ့ရွေ့ သွားနေသည့် လိုင်းကားတစင်း….ဟိုင်းဝေး လမ်းပေါ်တွင် အပြင်းမောင်းနှင်နေသည်။ လိုင်းကားတဲ့တွင် လူများများစား သိပ်မရှိ။ အားလုံးပေါင်းမှ ၅ ယောက်ရှိသည်။ ထိုအထဲတွင် အသက်သုံးဆယ်နီးပါးခန့် အမျိုးသမီးတယောက်… လက်ထဲက ဘတ် ၁၀၀၀ ကျော်နီးပါးကို ကျစ်ကျစ်ပါအောင် စုပ်ကိုင်ထားသည်။ သူမစိတ်ထဲမှာ သူမနေခဲ့သည့် လယ်တဲကို မြန်မြန်ရောက်ချင်နေသည်။ မဲဆောက်တွင် ပန်းရံဝင်လုပ်ပြီး ရသည့်ငွေ စုခဲ့သည်။ မဲဆောက်တွင် တလနီးပါးခန့်ကြာသွားသည်။ ကားကလည်း နှေးလိုက်တာ…။ မြန်မြန်ရောက်ချင်နေပေသည်။ ကလေးကို ကောင်းကောင်းသဂြိုင်္လ်မည်။ တဲနားကလူတွေကို ခေါ်မည် ရက်လည်ဆွမ်းကြွေးမည်။ နောက်ဘ၀တွင် ယခုလို မကြုံရလေအောင်၊ ကောင်းရာမွန်ရာရောက်အောင် ဆုတောင်းမည်။ စိတ်ကူးတွေတသီတတန်းကြီးနဲ့ ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင် ထပ်စုပ်ကိုမိသည်။ ရောက်ပြီ…။
သူမ အံ့သြမှင်တက် သွားခဲ့သည်။ ကားပေါ်က ဆင်းဆင်းချင်း ထိုလယ်ကွင်းပြင်နေရာကို အတန်ကြာအောင် စိုက်ကြည့်နေခဲ့သည်။ သူမနေခဲ့သည့် လယ်တဲ…။ ကိုလှမောင်တို့ လယ်တဲ…။ အခုတော့ မြေတွေ ဖို့ထားသည့် ကွင်းပြင်ကြီးဖြစ်နေပြီ။
ကွင်းပြင်ကြီး… ကွင်းပြင်ကြီး
ကျမ… ကျမ… သားလေးကော။ လယ်တဲကော…။ သားလေး…. သား…..။ ရက်လည်ဆွမ်းကြွေးမည့် ပိုက်ဆံလိပ်လေးကို ကျစ်ကျစ်ပါအောင်စုတ်ပြီး လယ်ကွင်းထဲတွင် ပြေးလွှားနေသည်။ သူမ တယောက်ထဲ ကွင်းပြင်ကြီးထဲ လယ်တဲဖြစ်နိုင်မယ့်နေရာတွေကို လက်နှင့် ယက်နေသည်။ နေ့ဘက်လည်း ထိုလယ်ကွင်းထဲတွင် သူမကိုတွေ့မည်။ တခါတလေ ထိုင်ပြီးသူမ ငိုကြွေးနေသည်၊ ရယ်မောနေသည်။
* * * * *
မဲဆောက် အဝေးပြေးကားဂိတ်မှာ ကလေးအရုပ်ကလေးချီထားပြီး အရုပ်ကို စကားတတွတ်တွတ်ပြောနေသည့် အမျိုးသမီးတယောက်…။ နေပူတာ မိုးရွာတာကို သူမ မသိတော့။
တခါတလေ ကလေးအရုပ်ကလေးကို နို့ဘူးတိုက်သည်၊ ချော့နေသည့် အမျိုးသမီးတယောက်ကို တွေ့လိမ့်မည်။
တခါတလေ ငိုကြွေးနေသည်။ တခါတလေ ရယ်နေပေသည်။
လောကဓံ တရားက သူမပေါ်သက်ရောက်မှု မရှိတော့သလိုမျိုး…။ ဘ၀ရဲ့လှိုင်းပတ်ခတ်ဒါဏ်ကို သူမကြံ့ကြံ့ခံနိုင်သွားလေပြီလား….။
(မြင်သမျှလေးတွေရေးထားတာပါ လိုတာပိုတာ အမှားပါတာရှိရင် ခွင့်လွှတ်ပေးပါ)
Saturday, October 3, 2009
အရုပ်ကလေးရဲ့ မေမေ
Posted by
ကိုဈာန်
at
11:26 PM
0
comments
Labels: အက်ဆေး/၀တ္ထုတို
Wednesday, July 8, 2009
အသံ 'အ' သွားတဲ့ဆည်းလည်းကလေးတွေ
ကိုဈာန်
ထမင်းဖိုးလေး ပေးပါ။ သောက်လက်စ လဘက်ရည်တငုံက လည်ချောင်းဝတွင် တစ်ဆို့သွားသည်။ နံဘေးတွင် နှစ်နှစ်အရွယ် ကလေးလေးကို ခါးထစ်ခွင်တွင် တင်၍ အ၀တ်နှင့် လွယ်ထားသည့် ခလေးမလေး တယောက်။ မဲဆောက်ဈေးတန်းထဲက လဘက်ရည်ဆိုင်တန်းတွေမှာ လိုက်လံတောင်းရမ်းနေတာပါ။ နီကြောင်ကြောင် ဆံပင်၊ အသားအရည် မွဲခြောက်ခြောက် နွမ်းညစ်နေတဲ့ အ၀တ်အစားများက သူမရဲ့နေတဓူဝ ဖြတ်သန်းမှုကို ဖော်ပြနေသလိုပင်။
မနက်စောစော ထပြီး မဲဆောက်ကို မိသားစုလိုက် လာကြတာ။ ညနေပိုင်းဆိုရင် ပြန်တယ်။ မြ၀တီမှာနေတယ်။ ငှားထားတာက တဲလေးပဲ၊ တဲငှားခက တလကို တသောင်းနှစ်ထောင်ပေးရတယ်။ အိမ်မှာက မောင်နှမချည်းပဲ ၇ ယောက်ရှိတယ်။ အခုတယောက်က ၂ နှစ်ပဲရှိသေးတယ်။ ပြောရင်း ခါးထစ်ခွင်တွင် တင်၍ အ၀တ်နှင့် လွယ်ထားသည့် ကလေးလေးကို ပင့်တင်လိုက်သည်။ ကလေးက ဗိုက်ဆာလို့လား မသိ။ သူမနှင့်ကျနော် စကားပြောနေရင်းပင် ခါးထစ်ခွင်ထဲရှိ ကလေးက ငိုမဲ့မဲ့ ဖြစ်လာသည်။ သူမက သူမခါးကြားတွင်ထိုးထာသော နို့ဗူးလေးကို ထုတ်၍ မောင်လေး ကို တိုက်လိုက်သည်။ နို့ဗူးအဟောင်းလေးထဲတွင် နို့မရှိ...။ ကလေးလေးက နို့ဗူးလေးထဲက ရေများကို အားရပါးရ စုပ်သောက်နေသည်။
အရင်တုန်းက မြ၀တီမှာ နေတာမဟုတ်ဘူး။ စစ်ကိုင်းမှာနေတာ စစ်ကိုင်းကနေမှ မြ၀တီကို မိသားစုလိုက်ဆင်းလာတာ သုံးနှစ်လောက်ပဲရှိသေးတယ်။ စစ်ကိုင်းမှာပဲ ပျော်တယ်။ အဲဒီတုန်းက အခုလို မတောင်းစားရဘူး။ အဖေက လယ်လုပ်တယ်။ နောက်ပိုင်းမှ လယ်လဲမရှိတော့ဘူး။ လယ်တွေ ဘယ်ရောက်သွားလဲ မသိဘူး။ နောက်ပိုင်း မြ၀တီမှာ လယ်လုပ်သေးတယ် အဆင်မပြေဘူး။ အဖေက မဲဆောက်ဘက်သွားပြီး ပန်းရံလုပ်သေးတယ်။ သမီးတို့ မိသားစု တစုလုံးစားမလောက်ဘူး။
တနေ့ကို နေ့ခင်းပိုင်းဆိုရင် ဘတ် ၄၀၊ ၅၀ လောက်ရတယ်။ ညဘက် ညဈေးမှာ သွားတောင်းရင် ၁၅ ဘတ် ၂၀ လောက်ရတယ်။ ထမင်းက တခါစားရင် ၁၀ ဘတ်ကုန်တယ်လေ။ ဈေးထဲမှာပဲ ၀ယ်စားတယ်။ ဆိုင်ထဲမှာ စားလို့မရဘူး အထုပ်ကလေးတွေပဲ ၀ယ်ပြီး လမ်းဘေးမှာပဲစားတယ်။ ထမင်းတထုပ် ၅ ဘတ် ဟင်း ၅ ဘတ်လေ။ ရေသောက်တော့ တချို့ အိမ်အောက်က ရေဘုံပိုင်မှာသောက်တယ်။ တခါတလေ မောင်းထုတ်တဲ့သူတွေရှိတယ်။ စိတ်တော့ မကောင်းဘူးပေါ့။ ဒါပေမယ့်.....။
သမီးမဲဆောက်မှာ အခုလိုလာ တောင်းတာ သုံးနှစ်ကျော် လေးနှစ်လောက်ရှိပြီ။ အဖေရယ်၊ အဖေ့ မိန်းမရယ်၊ သမီးမောင်လေးရယ်၊ မောင်လေးက အမွှာပူးလေး လေ နောက်တယောက်က အဖေ့ မိန်းမဆီမှာ။ အဖေ့မိန်းမလား ဟုတ်တယ် မိထွေးပေါ့။ သမီးတို့တောင်း ရသမျှ ပိုက်ဆံတွေ သူ့ကို ပေးရတယ်လေ။
သမီးမောင်လေး ဖျားနေတယ်။ အက်ကွဲစူးရှစွာ အဖျားလှိုက်ခတ်ပြီး ထွက်လာတဲ့ သူမရဲ့အသံက ကျနော့်နားထဲကို တိုးညှင်းစွာ တိုးဝင်လာခဲ့သည်။ မောင်လေးက ၉ လပဲရှိသေးတယ်။ မောင်လေးက ဘာဖြစ်တယ် မသိဘူး အန်ပဲအန်နေတာပဲ။ အခု ကျောင်းသား ဆေးခန်းမှာလေ။ သမီးမိထွေးက သွားစောင့်နေရတယ်။ အခုမောင်လေးက ဖျားနေတော့ ညဘက် ညဈေးမှာ သွားတောင်းနေရတယ်။ ပိုက်ဆံပိုရအောင်လို့ပါ။
ကျောင်း....ကျောင်းလား.... ကျောင်းဆိုတဲ့စကားလုံး မပြောခင်မှာ သူမနှုတ်မှ တွန့်ဆုတ် ဆွံ့အသွားခဲ့ သလိုပင်။ စက္ကန့်အနည်းငယ်ကြာမှ ပြောဖို့စကားကို ပြန်ပြီး ဆက်ပြောလေသည်။ သုံးတန်းနဲ့ ကျောင်းထွက်လိုက်တာ။ စားဖို့ မရှိလို့လေ။ သူမမျက်ဝန်းထဲမှာ မျက်ရည် အနည်းငယ် စို့လာသည်။ ၀မ်းနည်းရိပ်ပြေးသွားတဲ့ မျက်ဝန်းထဲမှာ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေသလိုပင်။
သူမဘေးမှာ ရပ်ပြီးနားထောင်နေတဲ့ သူမနှင့် အိမ်နီးနားချင်းကောင်းလေးက ၀င်၍ သားဆိုရင် ၁ တန်းအောင်ပြီးထွက်လိုက်တာ အိမ်က အဖေက အကူမပါရင် လမ်းမလျှောက်နိုင်ဘူးလေ။ သားက အကောင်နည်းနည်းကြီးပြီဆိုတော့ အဖေ့ကို ကူရတယ်။ လမ်းလျှောက်ရင် အရှေ့ကတွဲပြီးခေါ်ရတယ်။ မလှမ်းမကမ်းမှာရှိတဲ့ သူ့ရဲ့အဖေကို လက်ညှိုးထိုးပြသည်။ မျက်စိနှစ်ဖက်က သည်းကွဲစွာမမြင်၊ ခြေထောက်တဖက်ကမရှိ ချိုင်းထောက်နှင့် သူ့အဖေ့ကိုတွေ့ရသည်။ အဲဒီ ကလေးလေးကို ကြည့်လိုက်တော့ အသက်က ၆ နှစ်ကျော်လောက်ရှိမည်။ နောက် သူ့အဖေကို တွဲရင် ထွက်သွားသည်။
သူမက ကျောင်းဝတ်စုံနဲ့ ကျောင်းသွားနေတဲ့ ရွယ်တူကလေးတွေကို မြင်ရင် ကျောင်းတက်ချင်စိတ်တွေ ပေါ်လာတယ်။ အရင် ကျောင်းတက်တဲ့ အချိန်တွေ ပြန်သတိရမိတယ်။ ဒီဘက်မှာ ရှိတဲ့ကျောင်းတွေတော့ တက်ချင်တယ်။ ၀မ်းသာစွာ ပြောပြီး မဖြစ်နိုင်ပါဘူး...ဟု သူမဘာသာပြောနေပြန်သည်။ သမီးမောင်လေးတွေလဲ ထိန်းနေရတယ်။ စားဖို့လဲရှာရတယ်လေ။ ကျောင်းတက်ဖို့ အ၀တ်အစားလဲ မရှိဘူး။ သူမက မျှော်လင့်ချက်ကုန်ဆုံးနေတဲ့ စကားလုံးတွေကို ထပ်ကာထပ်ကာပြောရင်း... အဝေးကို လှမ်းကြည့်နေသလိုလို တခုခုကိုပဲ တွေးတောနေသလိုလို ရီဝေငေးမောရင်း...။
Posted by
ကိုဈာန်
at
1:59 AM
2
comments
Labels: အက်ဆေး/၀တ္ထုတို
Wednesday, April 8, 2009
၂၀၀၉ ကို တောင်းဆိုခြင်း
မောင်လွမ်းဏီ
မဟာမှိုင်းက
ကဗျာတိုင်းကို
နယ်ချဲ့ရာဇ၀င်နဲ့
နှိုင်းသလိုပ
သမိုင်းမှာ
အောင်ဆန်းလည်းအရိုင်းဖြစ်ခဲ့တယ်
အရိုင်းအောင်ဆန်း၊ သမိုင်းလမ်းကို
ထမ်းရွက်သယ်ပိုး
နောင်လာနောက်သား မျိုးဆက်ဆီ
ဖက်ဆစ်ကို
ကြွက်ဖြစ်စေခဲ့တာ
လူထုသည်သာ သူရဲကောင်းပေါ့
လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
မဆလတပါတီ
အာဏာနီကို
မထီရဲသွေး၊ ရှစ်ရှစ်သွေးက
တော်လှန်ရေးကို တေးညည်းဆိုခဲ့ကြပြန်တယ်
လှုပ်ရှားမှုအဆက်ဆက်
အသက်သွေးချွေး
အရေးတော်မဟာ
ဂန္တ၀င်ထဲက တို့ဧရာ။
ရွှေဝါရောင်ဟာ
လေသာဆောင်က ဖန်မီးအိမ်မဟုတ်
ငုတ်တုတ်အငတ်မခံသလို
ဆွမ်းရေဆီမီး ဓာတ်မီးတိုင်မှာ
မေတ္တာပေးယူ အလှူမခံခဲ့တာပေါ့။
ဘာကိုချင့်တွေး
စဉ်းစားပေးရမှာလဲဟေ့
တနေ့တော့
တကွေ့ကွေ့မှာ တို့လူထုရဲ့ တရားသစ္စာ။
Posted by
ကိုဈာန်
at
2:07 AM
0
comments
Labels: ကဗျာ
Friday, January 9, 2009
ကမ်းတတ်တိုက်ပွဲ
ညိုထက်(လမ်းသစ်ဦး)
လောကဓံကလည်း အနိုင်ကျင့်တယ်
ဘ၀ကလည်း အဖိတ်အစင်များတယ်
ပဋိပက္ခတွေဟာ ဆီလိုအပေါက်ရှာပြီး ထွက်လာကြတယ်။
စားကြတယ်
လူကို လူချင်းစားကြတယ်။
ဘာဖြစ်လို့
ငါ့ချောတိုင်လေးကိုမှ
ဝတ်ဆီတွေ တဗြန်းဗြန်း ပတ်နေရတာတဲ့တုန်း။
အဖတ်ဆယ်မရတဲ့
ခေတ်ကာလကလည်း အရည်ကျဲလွန်းလှတယ်
အဲဒီလို ခေတ်ကာလမှာမှ
အလံစိုက်ဖို့ လူဖြစ်လာရတာဆိုတော့
“ဆကပ်တိုတိုဝတ် အောက်စလွတ်ရင်ဖုံး။”
ဘယ်သူ့ကိုမှ
မြူဆွယ်ဖျားယောင်းတာ မလုပ်ခဲ့ဘူး
ဘယ်သူရဲ့
မြူဆွယ်ဖျားယောင်းတာကိုမှလည်း မလုပ်ခဲ့ဘူး
ငါ့အဓိပ္ပါယ်ကိုငါ ထွန်ယက်တယ်
နေပူမရှောင်
မိုးရွာမရှောင် ထွန်ယက်တယ်။
မက်မက်စက်စက် စိုက်ပျိုးခဲ့တယ်
ငါ့ရဲ့ ယုံကြည်ခြင်းတွေ
ယုံကြည်ခဲ့တယ်
လွန်ခဲ့တဲ့ အနှစ် ၂၀ ကလည်း ယုံကြည်ခဲ့တယ်
ယခုလည်း ယုံကြည်ခဲ့တယ်
အရိုင်းစိုင်းဆုံး ယုံကြည်ခဲ့တယ်
ငါ့သွေးတွေထဲ ၀င်ရောက်နေတဲ့အထိ ယုံကြည်ခဲ့တယ်။
ငါ ပစ္စုပ္ပန်တည့်တည့်မှာပဲနေတယ်
တော်လှန်ရေးဆိုတာ တဦးချင်းကိစ္စပဲတဲ့လား
တကိုယ်တော်ဝါဒနဲ့ တော်လှန်ရေးလုပ်မယ်တဲ့လား
ငါ ဒါကို ရယ်သွမ်းသွေးမိတယ်
တော်လှန်ရေးဆိုတာ စည်းရုံးစုဖွဲ့ခြင်းဖြစ်တယ်
ပစ္စုပ္ပန်ကိစ္စလည်းဖြစ်တယ်
ငါပစ္စုပ္ပန်တည့်တည့်မှ နေတယ်။
ဘာတဲ့ …
ပန်းရောင်ဆိုပါလား
ငါ ဘယ်တော့မှ အနီကို အနက်အစွန်းမခံဘူး
ငါဘယ်တော့မှ ကြက်သွေးရောင် မဖြစ်ခဲ့ဘူး
တရားသေမဟုတ်ဘူး လမ်းညွှန်။
တရားမျှတမှုတွေ မိုးလိုရွာ
အေးချမ်းကြပါစေ
အမှန်တရားတွေ နေလိုသာ
နွေးထွေးကြပါစေ
လူအချင်းချင်းသွေးစုတ်ခြင်း
ကင်းရှင်းကြပါစေ။
သမိုင်းကို မျက်ရည်ခံထိုးလိမ့်မယ်ထင်သလား
ငါ့ရိုးသားမှုကို ငါယုံကြည်တယ်
ပြက်ပြက်သားသားကို ယုံကြည်တယ်။
ဘယ်သူတွေ
အကုန်အစင် ရိုးသားခဲ့ကြသလဲ
အကုန်အစင် ရိုးသားသူသာ
အကုန်အစင် ရရှိပေလိမ့်။
ကြေမွရမှာတဲ့လား
ဒီလိုပါပဲ
အထုအထောင်းတွေကြားက
သံမဏိသားကျလာကြတဲ့
ငါ့ရှေ့က ငါ့ချစ်သူတွေကို ငါချစ်တယ်။
ဒါ
ငါတို့ခေတ်တဲ့လား
မဟုတ်ဘူး
ဒါ
ငါတို့ခေတ်မဟုတ်သေးဘူး
ငါတို့ခေတ်ဟာ ဒီလိုဖြစ်ခွင့်မရှိဘူး
ငါတို့ခေတ်ကို ရောက်ဖို့ ငါတို့ထူထောင်ရဦးမယ်။
ညိုထက်(လမ်းသစ်ဦး)
Posted by
ကိုဈာန်
at
7:58 AM
0
comments
Labels: ကဗျာ
Thursday, November 20, 2008
“နေလို လ လို ရဲဘော် နေလ”
လင်းနွေးအိမ်
ဂုရုရေ
အိပ်မက်တွေပိုက်ပြီး လျှောက်ခဲ့ကြတဲ့
တော်လှန်စစ်အနှစ်နှစ်ဆယ် ကာလမှာ
ဌာနတွေမတူခဲ့ကြပေမယ့်
ဝါဒတွေတူခဲ့ကြတယ်။
ဂုရုရေ
ဆေးလိပ်တိုလက်ကြားညှပ်ပြီး
အဆိပ်ငွေ့တွေရှုရှိုက်ရင်း
အသက်ပြင်းပြင်းရေးခဲ့ကြတဲ့ကဗျာတွေထဲမှာ
ပါဒတွေတူခဲ့ကြတယ်။
ဂုရုရေ
မဲဆောက်က ဆရာလွမ်းရဲ့ ကဗျာစခန်းမှာ
သူရာနဲ့ ဝရုဏကို ဂုဏ်ပြုကြတုန်းကလဲ
စရဏတွေ တူခဲ့ကြတယ်။
အခုတော့
ရဲဘော်ရေလို့ အော်ခေါ်လိုက်တဲ့အခါမှာ
ချွန်မြနေတဲ့ကလောင်တချောင်းက
မြင့်ဇေဘလောက်ထဲက ထွက်လာတယ်
အဲဒါ ဂုရု ဖြစ်တယ်
အဲဒါ ပွင့်သစ်ကရိန်ကန် ဖြစ်တယ်
အဲဒါ ရဲဘော်မြင့်အောင်ဖြစ်တယ်
အဲဒါ ကိုနေလ ဖြစ်တယ်
အဲဒါ ၈၈ ရဲ့ ရင်သွေးတယောက်ဖြစ်တယ်
အဲဒါ စစ်အုပ်စုနှလုံးသားမှာ စိုက်နင်ခဲ့တဲ့ ကျည်ဆန်တတောင့်ဖြစ်တယ်။
ရဲဘော်ဂုရုရေ
စိတ်ချလက်ချသွားပေတော့
ခင်ဗျားချစ်တဲ့ ရဲဘော်တွေရှိနေသမျှ
ခင်ဗျားပွင့်စေချင်တဲ့ပန်းတွေ ဝေဆာလာလိမ့်မယ်။ ။
လင်းနွေးအိမ်
(၂၀ဝ၈ နိုဝင်ဘာ ၂၀ မှာဘဝကူးသွားတဲ့ သူငယ်ချင်းရဲဘော်သို့)
Posted by
ကိုဈာန်
at
11:23 PM
0
comments
Labels: အက်ဆေး/၀တ္ထုတို
Wednesday, November 19, 2008
မုန်တိုင်းလာသွားခဲ့တယ်
မြင့်ဇေ
သတိရမိတယ်
ဆားချက်တဲ့လက်က
တံငါသည်ဘ၀ကို နူးညံ့ခဲ့ပုံများ။
မင်းလည်း မမြင်နိုင်
ငါကလည်း မင်းကို
မပွေ့ထွေးနိုင်ခဲ့
ဆားချက်သမလေးရေ…။
မုန်တိုင်းက
ေ ရာ က် လာ တ ယ် ။
အခုတော့
ကမ်းမမြင် လမ်းမမြင်။
စီးမျောသွားပုံက
ကောင်းကင်တခုလုံး
ချက်ချင်း
ပျက်သွားသလို
ရုန်းရင်းဆန်ခတ်။
ခေတ်တွေ စီးဆင်းသွားတော့
ပင်လယ်က
ပြာစိမ်းလို့
ဘာမှမပတ်သက်သလိုမျိုး
သူစိမ်းဆန်ဆန်ကြည့်လို့ ။ ။
ကိုဖိုးဇေ (ခ) ကိုဂုရု နောက်ဆုံးရေးခဲ့တဲ့ ကဗျာလေးပါ...
Posted by
ကိုဈာန်
at
11:27 PM
0
comments
Labels: ကဗျာ
Monday, October 6, 2008
ချေ (သို့မဟုတ်) ရဲဘော်ရဲဘက်
ရွှေအိမ်စည်
(၁၉၆၇ခုနှစ် အောက်တိုဘာလ ၉-နေ့တွင် ကျဆုံးခဲ့သည့် ပျောက်ကျားစစ်သူကြီး ရဲဘော် ချေဂွေဗားရားအား ဂုဏ်ပြုရေးဖွဲ့သည်)
(၁)
မြေ၀သုန်သည် ဂုဏ်ပြုအပ်သည့် ဧည့်သည်တယောက်အား ဆီးကြို၍ထွေးပွေ့ထားခဲ့သည်မှာ ကြာပြီ။ သူ....ကျဆုံးခဲ့သည့် ၁၉၆၇ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့ မှ ....။ နှစ်ပေါင်း (၄၁) ရှိလေပြီ။
သူကား....ဆရာဝန်တဦး ...။ သို့သော်...သူကား မောင်းပြန်ရိုင်ဖယ်သေနတ်ကိုသာ ကိုင်၏။ "လူတယောက်ချင်း
ခံစားရတဲ့ ရောဂါတွေကို ကုရတာထက် လူ့အဖွဲ့အစည်းအလိုက် ခံစားရတဲ့ ဝေဒနာတွေကို ကုသပေးရတာ ပိုအကျိုးရှိပါတယ်"
သူပြောခဲ့သည့်စကားဖြစ်၏။ ၁၉၅၉ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့က ကျူးဘားနိုင်ငံ ဟားဗားနားမြို့၌ ပြောခဲ့ခြင်းဖြစ်၏။
(၂)
၁၉၆၇ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် သူကွယ်လွန်ခဲ့ပြီဟူသည်အား အတည်ပြုနိုင်သည်က ... အောက်တိုဘာလ (၁၅)ရက်နေ့မှဖြစ်သည်။
ကျူးဘားသမ္မတ ဖီဒယ်ကက်စထရိုမှ အတည်ပြုထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။ သူ၏ရုပ်အလောင်းမှ ဖြတ်၍ယူလာခဲ့သည့် လက်မောင်းရင်းမှ ပြတ်နေသည့် လက်နှစ်ဖက်အား ကြည့်၍ သူကွယ်လွန်ခဲ့ပြီဟု အတည်ပြုခဲ့ရခြင်းဖြစ်သည်။ သူ၏အလောင်းကိုမူ မတွေ့ခဲ့ကြရ။ နှစ်ပေါင်း (၃၀)အထိ ပျောက်ဆုံးနေခဲ့၏။ ၁၉၉၇ခုနှစ် ဇူလိုင်လ (၁၂)ရက်တွင်မှပင် သူ၏ရုပ်အလောင်းအား မြေ၀သုန်အတွင်းမှ ပြန်လည်တူးဖော်ရရှိတော့၏။
ဘိုးလီးဗီးယားနိုင်ငံ " ဗယ်ရီဂရန်ဒေသ" လေ ယာဉ်ကွင်းငယ်လေးအနီးမှဖြစ်သည်။ ကျင်းငယ်အတွင်း၌ ရုပ်အလောင်းအရိုးစု (၇)စုအား တွေ့ရ၏။
အရိုးစုအမှတ် (၂)က လက်မောင်းရင်းမှနေ၍ လွှနှင့်တိုက်ဖြတ်ထားခြင်း ခံရသဖြင့် လက်နှစ်ဖက်စလုံးမရှ္ဇိ္ဇ။ ဒီအင်အေ စစ်ဆေးမှု ပြု၍ အတည်ပြုနိုင်ခဲ့၏။
သူ .... ။
သူကား ... နှစ်ပေါင်း (၃၀) ကြာမှပင် ကျူးဘားနိုင်ငံ " ဆန်တာကလာရာမြို့" ရှိ သူ၏ ဂူဗိမာန်အတွင်း ကိုယ်အင်္ဂါ စုံလင်စွာနှင့် လဲလျောင်းရတော့၏။
(၃)
သူနှင့်ပါတ်သတ်၍ သူ့ဝန်းကျင်၏ မှတ်ချက်အမြင်များမှ သူ့အား တွေ့ရမည်။ ပြင်သစ်အတွေးအခေါ်ပညာရှင် " ယန်ပေါဆတ်" က သူ့အား ...
"ကျနော်တို့ခေတ်ရဲ့ အပြီးအပြည့်အစုံဆုံး လူသား" ဟူ၍ မှတ်ချက်ပေး၏။ အမေရိကန်နိုင်ငံ မေရီလင်းအင်စတီကျူ က သူ့အား " ကမ္ဘာပေါ်တွင် နာမည်အကျော်ကြားဆုံး ၂၀-ရာစု ၏ သင်္ကေတတစ်ခု " ဟု သတ်မှတ်၏။ ဖီဒယ်ကက်စထရိုကမူ သူ့အား .... " သူဟာ သူ့ရဲ့အကျင့်စာရိတ္တ၊ သူ့ရဲ့စိတ်ဓါတ်၊ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ အလုပ်လုပ်ရာမှာ စိတ်အားထက်သန်မှုတွေကို ထားရစ်ခဲ့တာဖြစ်တယ်။ တခွန်းတည်းအတိုချုပ်ပြောရမယ်ဆိုရင် သူ့ရဲ့ စံနမူနာတွေကို ကျနော်တို့အတွက် ထားခဲ့တာဖြစ်တယ်"
(၄)
သူ့အား အားဂျင်တီးနားနိုင်ငံ၏မြို့တော် " ဗွေနိုဇာရီမြို့" မှ မိုင်၁၀၀-ကျော်ဝေးသည့် " ရိုစာရီယို မြို့" တွင် မွေးဖွားခဲ့၏။ " ရိုစာရီယို မြို့" က " ပါရာနာ" မြစ်၏ မြစ်ဝကျွှန်းပေါ်ဒေသတွင် တည်ရှိသည့် မြို့ဖြစ်သည်။ စိုစွတ်၏။ အစဉ်အမြဲအေးခဲ၍နေသည်။
သူကား .... ၁၉၂၈ခုနှစ် ဇွန် (၁၄)ရက်နေ့ဖွားဖြစ်သည်။ မောင်နှမ ၅-ယောက်အနက် အကြီးဆုံးဖြစ်သည်။ ဖခင် အာနက်စ်စတိုဂွေဗားယာလင်(ခ်ျ)က အင်ဂျင်နီယာတဦးဖြစ်ပြီး မိခင်က စီလီယာဆာနာဖြစ်၏။ သူကား ငယ်စဉ်က ချူချာ၏။ ပန်းနာရင်ကျပ်သည်တဦး ....။ အေးလျှင် ပန်းနာဝေဒနာက ထပြီ။ ပန်းနာရင်ကျပ်ရောဂါရှိပေမယ့် သူကား အားကစားဖက်တွင်လည်း ထူးချွှန်ခဲ့၏။ " ရဂ္ဂဘီ" ပွဲ များတွင်ခပ်ကြမ်းကြမ်းကစား တတ်သည်။ ဖခင်က သူ့အား
ငယ်စဉ်ကပင် သေနတ်ပစ်သင်ပေး၏။
စစ်တုရင်ကစားနည်းသင်ပေး၏။ သူသည် စစ်တုရင်ကစားရာတွင်လည်း ထူးချွန်သူတဦးဖြစ်ခဲ့သလို သေနတ်ပစ်ရာတွင်လည်း .... ။
(၅)
သူက ငယ်စဉ်ကပင် စာအုပ်ပုံအကြား၌ ကြီးပြင်းခဲ့ရသူဟု ဆိုရမည်။ ဖခင်၏ကိုယ်ပိုင်စာကြည့်ခန်းတွင် စာအုပ်ပေါင်း ၃၀၀၀-ကျော်ရှိ၏။
စာကြည့်တိုက်ငယ်လေးတခုပမ္ဇာ၏၏။ "ဂျက်လန်ဒန်" ၊ ""ဂျူးလဘန်း"၊ "ဆစ်ဂမန်ဖရိုက်"၊ "ဘာထရန်ရပ်ဆဲလ်"
တို့အား ငယ်စဉ်ကပင် ဖတ်ခဲ့ရ၏။
သူက ကဗျာကိုလည်း အရူးအမူးစွဲလမ်း၏။ "ပက်ဘလိုနီရူးဒါ" ၏ ကဗျာများအား အာဂုံဆောင်နိုင်သည်အထိ ဖတ်ခဲ့၏။
ဖခင်က လက်ဝဲ၀ါဒီတစ်ဦးဖြစ်၍ သူ့ဖခင်၏ စာကြည့်ခန်းတွင် ကားမတ်ခ်၏ ကျမ်းများက ရှိပြီးဖြစ်သည်။ သူ ... လေ့လာခွင့်ရခဲ့၏။
(၆)
၁၉၄၇ခုနှစ်တွင် သူ ... " ဗွေနိုဇာရီး"တက္ကသိုလ်တွင် ဆေးပညာသင်ယူခဲ့သည်။ထိုတက္ကသိုလ်မှပင် ဒေါက်တာဘွဲ့ ရရှိခဲ့၏။ ၁၉၅၁ခုနှစ်တွင် သူသည်
ဆေးတက္ကသိုလ်တတ်နေရင်း ခွင့်ယူ၍ သူငယ်ချင်းတဦးနှင့်အတူ မော်တော်ဆိုင်ကယ်တစ်စီးနှင့် လက်တင်အမေရိကတိုက်တလွှား ခရီးနှင်၏။
ချီလီသို့ရောက်၏။ ချီလီမှသည် ပီရူး ၊ အီကွေဒေါ ၊ ကိုလံဘီယာ ...ထိုမှ ဗင်နီးဇွဲလား ....။
ဤခရီးစဉ်မှ သူသည် လက်တင်အမေရိကရှိ ပြည်သူတို့၏ ဆင်းရဲမွဲတေမှု ၊ လူတန်းစားမညီမျှမှုများအား တွေ့ခဲ့မည်။ ဤခရီးစဉ်အကြောင်းအား
သူကိုယ်တိုင် စာပြန်ရေး၏။ " မော်တော်ဆိုင်ကယ်ဒိုင်ယာရီ" ဟူ၍ စာအုပ်အဖြစ် ထုတ်ဝေခဲ့၏။ စရေးသည်မှာ စပိန်ဘာသာနှင့်ဖြစ်သည်။
နောက်ပိုင်းတွင်မူ အင်္ဂလိပ်ဘာသာသို့ ပြန်၍ ထုတ်ဝေခဲ့သည်။ ၂၀၀၄ခုနှစ်တွင် ထိုစာအုပ်အား မှီ၍ ရုပ်ရှင်ပြန်ရိုက်၏။
(၇)
၁၉၅၃ခုနှစ်တွင် အာဂျင်းတီးနားအစိုးရက ဆရာဝန်များအား အတင်းအကျပ်အမှုထမ်းခိုင်း၏။ သူက လူတယောက်ချင်း ခံစားနေရသည့်ဝေဒနာအား မကုသချင် ....။ ဤတွင် သူသည် အာဂျင်းတီးနားမှ တိမ်းရှောင်ထွက်ခဲ့တော့၏။
ပီးရူး ၊ အီကွေဒေါ၊ ပနားမား၊ ကော်စတာရီကာ၊ နီကာရာဂွား၊ ဟွန်ဒူးရပ်စ်၊ အဲလ်ဘာလဗာဒို၊ ဂွာတီမာလာတို့မှ မက္ကဆီကိုသို့ရောက်၏။
မက္ကဆီကိုတွင် သူသည် ကျူးဘားမှ ဖီဒယ်ကက်စထရိုတို့ အုပ်စုနှင့်တွေ့၏။ ပေါင်းမိ၏။ ထိုစဉ်က ဖီဒယ်ကက်စထရိုတို့ အုပ်စုအား " ၂၆ဲ " ရဲဘော်များဟု ခေါ်ကြသည်။ ဖီဒယ်ကက်စထရိုတို့၏ " ၂၆ " ရဲဘော်များက ကျူးဘားအာဏာရှင် " ဖူလ်ဂျင်စီယိုဘာတစ္စတာ" အစိုးရအား လက်နက်ကိုင် ပုန်ကန်ရန် ကြိုးပမ်းနေကြသည့် တော်လှန်ရေးသမား လူငယ်များ ....။
မက္ကဆီကိုတွင်ပင် " ၂၆ဲ " ရဲဘော်များနှင့် အတူ သူ .... ၏စစ်သင်တန်းတတ်ခဲ့၏။ သင်တန်းဆရာက မက္ကဆီကိုမှ ဗိုလ်မှူးကြီးဟောင်းတဦး
....။ သင်တန်းမှူး ဗိုလ်မှူးကြီးဟောင်း " အယ်ဘာတိုဘေးယို" က မှတ်ချက်ပြု ၏။ " သူသည် သင်တန်းသားများအားလုံးအနက် အထူးချွန်ဆုံး ဖြစ်သည်" ဟူ၍ ....။
(၈)
၁၉၅၆ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့တွင် " ၂၆ " ရဲဘော်များနှင့်အတူ သူသည် ကျူးဘားနိုင်ငံသို့ ၀င်ခဲ့ကြ၏။ Gramma အမည်ရှိ
မော်တော်ငယ်တစီးနှင့် .... ။ မိုင် ၁၃၀-ကျော်ဝေးသည့် ပင်လယ်ခရီးအား နှင်ကြ၏။ ရဲဘော်ရှစ်ကျိပ်နှင့် တယောက် ...။ ဓါးကောက်သဏ္ဍာန်
ကျူးဘားကျွှန်းပေါ်သို့ ရောက်၏။ မကြာ .... ကျူးဘားအာဏာရှင်တပ်များနှင့် တိုက်ပွဲများ ဖြစ်သည်။ တိုက်ပွဲအဖြေက မကောင်း။ သူတို့ဘက်မှ ရဲဘော် ၆၉-ယောက် ကျဆုံးကုန်၏။ သူ ..... ၊ ဖီဒယ်ကက်စထရိုနှင့် ရဲဘော် ၁၂-ယောက်သာကျန်တော့၏။ အငတ်ငတ်အပြတ်ပြတ် ....။ ကြံခင်းများအတွင်း ပုန်းနေကြ၏။ ကြံများစုတ်ရင်းသာ အဟာရဖြည့်နေကြရသည်မှာ ရက်သတ္တပတ်ခန့်ကြာ၏။ ဤမှ .... သူတို့ အာဏာရှင်အား ပြန်တိုက်၏။
မောင်းပြန်ရိုင်ဖယ် ၁၂-လက် .... ။
လူ ၁၂-ယောက်နှင့် .... ။
(၉)
ကျူးဘားနိုင်ငံ "ဆီအဲယားမေထရာ" တောင်တန်းများပေါ်မှ သူတို့ လွတ်မြောက်နယ်မြေ တည်ဆောက်၏။
သူပုန်စခန်းဖွင့်၏။ အောင်မြေ .... ။
သူသည် .... ထိုဒေသမှစ၍ လူထုအတွင်း ဆေးခန်းများဖွင့်၏။ စာသင်ကျောင်းများ တည်ထောင်၏။ ဤတွင် .... သူသည် မောင်းပြန်ရိုင်ဖယ်အား လက်မှကိုင်းရင်း လူထုအား ဆေးကုသ၏။ လူတယောက်ချင်း၏ဝေဒနာအား သက်သာစေရန် ဆောင်ရွက်သလို လူ့အဖွဲ့အစည်း၏ခံစားနေရသော ဝေဒနာကိုလည်း ကု၏။ လူထုမှ ထောက်ခံလာသည်။ တော်လှန်ရေးသည် မြင့်တတ်၍လာ၏။ ဒီလှိုင်းများသဖွယ် .... အားနှင့်မာန်နှင့် .... အဆုံး၌ ကျူးဘားအာဏာရှင်အစိုးရ ကျဆုံးရ၏။
(၁၀)
ကျူးဘားတော်လှန်ရေးတွင် ကျူးဘားမဟုတ်သော သူသည် ရဲဘော်ကြီး ဖီဒယ်ကက်စထရိုပြီးလျှင် ဒုတိယသြဇာအာဏာအရှိဆုံးဖြစ်လာ၏။
ကျူးဘားနိုင်ငံ၏ ပြန်လည်ထူထောင်လုပ်ငန်းများတွင် အဓိကတာဝန်ယူခဲ့သည်။ လူတန်းစားမဲ့ လူ့အဖွဲ့အစည်းသစ်ဆီသို့ ချီတတ်ရာတွင် သူသည် စီးပွားရေးရာအပိုင်း၌ အဓိက ပဲ့နင်းကြီးအဖြစ် မောင်းနှင်ခဲ့ရသည်။ ကျူးဘားနိုင်ငံသုံး ငွေစက္ကူပေါ်၌ သူ့လက်မှတ်ထိုးပေးရ၏။
ထိုစဉ်က ..... GATT (ကုန်သွယ်ရေးနှင့်အခွန်အကောက်ဆိုင်ရာ အထွေထွေသဘောတူညီ
ချက်အဖွဲ့) အစည်းအဝေးပွဲများသို့ သူတတ်ရောက်ခဲ့ရသည်။ သံလွင်ရောင်စစ်ဝတ်စုံ ၊ပြောက်ကျားယူနီဖောင်းနှင့် .... ။
(၁၁)
၁၉၆၂ခုနှစ်ကား.... စစ်ရေးတိုက်ပွဲအရှိန်၏ အမြင့်မားဆုံးကာလဟု ဆိုရမည်။ ဆိုဗီယက်တို့၏ ဒုံးကျည်များအား ကျူးဘားတွင် တည်ဆောက်မည်။ အမေရိကန်က သဘောမတူ။ ဤတွင် တင်းမာမှုက ကြီးမား၍လာ၏။ နူးကလီးယားစစ်ပွဲများ ဖြစ်လေမည်လား ..... ။ ကက်စထရိုနှင့် ခရူးရှော့ ဆက်ဆံရေးက အထူးကောင်းမွန်၏။
(၁၂)
၁၉၆၄ခုနှစ် ဒီဇင်ဘာလမှ ၁၉၆၅ခုနှစ် မတ်လအထိ သူသည် နိုင်ငံတကာခရီးစဉ်များသွား၍ သံခင်းတမန်ခင်းများအား ခင်းကျင်း၏။ ပြင်သစ်၊ အီဂျစ်၊ အယ်ဂျီရီယား၊ ဂါနာ၊ ဂီနီ၊ မာလီ၊ ဒါဟိုမီ၊ကွန်ဂို၊ အိုင်ယာလန်၊ နှင့် တရုတ်ပြည်သစ်နိုင်ငံများသို့ ..... ။
ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်ပြည်တို့က သဘောတရားအရ ကွဲလွဲနေကြချိန် ဖြစ်သည်။ သူက သဘောတရား
အရတွင် "မော်" တို့နှင့်တူ၏။ ဤအတိုင်းပင် သူ့ခရီးစဉ်များအတွင် ပြောဆိုဆွေးနွေး၏။ ကျူးဘားခေါင်းဆောင်တဦးပြောခြင်းဖြစ်၍ ကျူးဘားသဘောထားဟု ကမ္ဘာက မြင်ကြ၏။ ဤတွင် သူ့အပေါ် ဖီဒယ်ကက်စထရိုတို့ ညီအစ်ကို မနှစ်မြို့တော့ .... ။
သူတို့ ညီအစ်ကိုက "ခရူးရှော့"နှင့် နီးစပ်သူ .... ။ သူခရီးစဉ်အပြီး
"ဟားဗားနား" သို့ ပြန်ရောက်၏။ ဖီဒယ်ကက်စထရိုတို့ ညီအစ်ကိုနှင့် သူ၏ဆက်ဆံရေးက အေးအေးစက်စက် ......။ မကြာ သူ ကျူးဘားမှ ပျောက်သွားခဲ့တော့၏။ အားလုံးအား စွန့်လွှတ်၍ .... ။
(၁၃)
အာဖရိကတိုက်ရှိ ကွန်ဂို -ကင်ရှာဆား ပြောက်ကျားစစ်ပွဲအတွင်း ... သူ ...သေနတ်ကိုင်၍ ရောက်သွား၏။ အာဖရိက
တောနက်ကြီးအတွင်း ပြောက်ကျားစစ် ဆင်နေတော့၏။ ရာသီဥတုက ဆိုးသည်။ ထိုစဉ်က သူအသက်သည် ၃၈-နှစ်ခန့်ရှိပြီ။ ပန်းနာရင်ကျပ်ဝေဒနာက ပြန်ထ၍လာပြီ။ ဆိုးဆိုးဝါးဝါး ..... ။
မရတော့ .... ။ သူ အနားယူရသည်။ အနားယူစဉ် ကာလအတွင်း " ကွန်ဂိုဒိုင်ယာရီ" အားရေးခဲ့သည်။ သူ၏ တော်လှန်ရေးကာလ ကွန်ဂို အတွေ့အကြုံများ .... ။
(၁၄)
ထိုနောက် .... ။
သူသည် ဘိုလီးဗီးယား အစိုးရအား တော်လှန်ရန် ဘိုလီဗီးယားသို့ ထွက်ခဲ့၏။ သူနှင့်ရဲဘော် ၁၇-ယောက် ..... ။ ဗီယက်နမ်ရဲဘော်များလည်းပါသည်။ ပြီးလျှင် လက်တင်အမေရိကမှ ရဲဘော်များ .... ။
၁၉၆၇ခုနှစ် အောက်တိုဘာ (၇)ရက်နေ့တွင် သူနှင့်ရဲဘော်များ ဘိုလီးဗီးယားနိုင်ငံ ယူဂို(ချူရီ) တောင်ကြားအတွင်းသို့ ၀င်ခဲ့ကြ၏။
ရိုင်ဖယ်သေနတ်များနှင့် ... ။ ချောင်းရိုးငယ်အား ဖြတ်ကြ၏။ ဤတွင် ... ၀ိုင်းဝန်ပစ်ခတ်မှုအား သူတို့ ရုတ်တရက်ခံလိုက်ကြရ၏။ သူ .... ဦးဆောင်သည့်ပြောက်ကျားများ ဘိုလီးဗီးယားစစ်တပ်၏ ချုံခိုတိုက်ခိုက်ခြင်းအား ခံကြရပြီ .... ။ အကျအဆုံးက များသည်။ သူလည်း ထိ၏။ ဆုတ်၍မရ .... ။ တတ်၍မရ .... ။ နောက်ဆုံး .... သူ ဘိုလီးဗီးယားစစ်တပ်၏ ဖမ်းဆီးခြင်းအား ခံလိုက်ရ၏။
(၁၅)
၁၉၆၇ခုနှစ်အောက်တိုဘာလ (၉)ရက်နေ့ ...... ။
ဘိုလီးဗီးယားနိုင်ငံ၏မြို့တော်နှင့်ဝေးကွာလွန်းသည့် "ဗယ်လီဂရန်ဒေမြို့" လေယာဉ်ကွင်းငယ်၏ အနီးတွင် ဘိုလီးဗီးယားစစ်တပ်သည် ဒဏ်ရာနှင့်စစ်သုံ့ပန်တဦးအား နောက်ပြန်လက်ထိပ်ခတ်၍ ထားသည်။ လက်ထိပ်ခတ်ခံထားရသည့် စစ်သုံ့ပန်သည် ဘိုလီးဗီးယားစစ်သားများ၏အရှေ့၌ မတ်မတ်ရပ်၍နေသည်။ စစ်သားများက စစ်သုံ့ပန်အား
မောင်းပြန်ရိုင်ဖယ်သေနတ်များနှင့် ချိန်ထား၏။ စစ်သုံ့ပန်က စစ်သားများအား သူ၏စူးရှသော မျက်လုံးများနှင့်ကြည့်၏။
အမိန့်သံထွက်လာ၏။
ယမ်းပေါက်ကွဲသံများ ဆူညံ၍သွားသည်။ ယမ်းညော်နံ့တို့က လေယာဉ်ကွင်းအနီး မွှန်၍နေသည်။
စစ်သုံ့ပန်သည် တဖြေးဖြေး ပျော့ခွေ၍ ကျသွားသည်။ သွေးတို့က ခန္ဓာကိုယ်အနှံ့မှ ယိုစီး၍ ထွက်လာသည်။ ပြီးလျှင် ..... ဘိုလီးဗီးယားစစ်သားများက သွေးအလူးလူးနှင့်လဲနေသော အလောင်း၏ လက်နှစ်ဖက်အား လက်မောင်းရင်းမှ လွှနှင့်တိုက်၍ ဖြတ်ကြ၏။ ထိုနောက်...... လေယာဉ်ကွင်းအနီးတွင်ပင် လက်မပါသော ခန္ဓာကိုယ်အား ကျင်းတူး၍
မြုပ်နှံလိုက်ကြတော့၏။
(၁၆)
မပုပ်မသိုးရန် ဆေးရည်စိမ်ထားသည့် လက်နှစ်ဖက်အား ဘိုလီးဗီးယားအစိုးရမှ ကျူးဘားသမ္မတဖီဒယ်ကက်စထရိုထံသို့ ပို့လိုက်၏။
၁၉၆၇ခုနှစ် အောက်တိုဘာလ (၁၅)ရက် .... ။
ဤလက်နှစ်ဖက်အား ဖီဒယ်ကက်စထရိုသည် မြင်သည်နှင့်သိ၏။ သူနှင့် တော်လှန်ရေးများအတွင်း လက်တွဲခဲ့သည့်လက်များ .... ။ မလွဲနိုင် .......။ သူ ...... ။ သူ .... ။
"အာနက်စ်တိုဂွေဗားရားဒီလာဆနာ" သို့မဟုတ် ..... "ချေ" ။ ချေ ဟူသည်က .....စပိန် ဘာသာအရ " ရဲဘော်၊ ရဲဘက်" ဟူ၍ဖြစ်သည်။
"မြေ၀သုန်ရေ ...... ဂုဏ်ပြု့အပ်တဲ့ ဧည့်သည်တယောက်ကို ဆီးကြိုပေတော့ ...."
(အော်ဒင်)
ရွှေအိမ်စည်
မဇ္ဈိမ ၀က်ဆိုက်မှ ကူးယူဖော်ပြသည်။
Posted by
ကိုဈာန်
at
11:28 PM
0
comments
Labels: ဆောင်းပါး