Saturday, July 10, 2010

ပူတယ်လေ ဆယ်နေကဲရှာတော့

မောင်လွမ်းဏီ

ကိုကျော်မြင့် သစ်ခွဲစက်မှ ယူလာသည့် အင်ဘကာသားအတိုအစများနှင့် လွှစာမှုန့် များကို အိမ်အောက် ထိုးသွင်းရင်း ကိုညိုဒင် မလုံးကို ကြည့်လိုက်၏။ အိမ်ရှေ့ ကွပ်ပစ်၌ တင်ပလင်ခွေထိုင်ကာ စကောထဲက ဆန်ကို ပြာလိုက်၊ စပါးလုံး၊ ကျောက်ခဲနှင့် ကြွက်ချေးတို့ ကို ကောက်ပစ်လိုက်နှင့် ထမင်းချက်ရန် စိတ်စောနေဟန်ရှိသည့် မလုံး၏ဟန်ပန်မူယာမှာ ခေါင်းလက်ခြေ အလှည့်ကျ အချိုးညီညီ လှုပ်ရမ်းနေတတ်သော ရွှေပန်းထိမ် ဆရာကြီးဦးကျော်နေအိမ်မှ ပန်းရောင်ဘိုမရုပ်ကလေးနှင့်ပင် တူနေသယောင်။ မလုံး ခေါင်းကို ဘယ်ညာလှည့်၍ ဇက်ချိုး ခါးဆန့် ပြီး စကောကို ဘေးနားအသာချလိုက်၏။

`တော် ထမင်းဆာလာလို့ လား။ ညစာ မချက်ရသေးဘူး။ မနက်ကျချက်တဲ့ ခရမ်းချဉ်သီးငပိချက်တော့ တော့်ဖို့  ချန်ထားတာရှိသေးတယ်။ တော့် တယောက်စာတော့ ထမင်းလည်းရှိတယ်။` မလုံး ထမင်း ခူးခပ် ပြင်ဆင် မည်အလုပ် ကိုညိုဒင် မလုံးဘေး ၀င်ထိုင်လိုက်၏။ `ငါ ကမ်းနားဆိပ်က စားလာသေးတယ်။ မဆာသေးပါဘူး။ ပေးစမ်းဟာ ယပ်တောင် ပူလိုက်တာ ပေါင်းဖိုထဲ ၀င်နေရသလိုပဲ။` နဖူးမှာ စို့ တင်နေသည့် ချွေးစလေးများကို လက်မောင်းနှင့်ပွတ်သုတ်ရင်း အိမ်ထရံကြားတွင် ထိုးညှပ်ထားသည့် စက္ကူယပ်တောင်လေးကို ကိုညိုဒင့်ထံ မလုံး ကမ်းပေးလိုက်သည်။ ဒီနှစ်လောက်ပူတာ ကိုညိုဒင် မကြုံစဖူး။ ဘိုးစဉ်ဘောင်ဆက် အညာမြေလတ်မှာ နေလာ ခဲ့သူတွေပီပီ တော်တန်ရုံ အပူလောက်ကိုတော့ ဂရုမထား။ မြစ်ထဲက ဖြတ်တိုက်ခတ်လာသည့် မြစ်လေလေး တချက်ဝှေ့ လိုက်ရင် အပူငြိမ်းသဟဆိုသည့် လူစားတွေမဟုတ်လား။ အခါရက်က မိုးလေး တပြိုက် နှစ်ပြိုက်ကျ ပေမယ့် သင်္ကြန်မိုးမည်ကာမတ္တ။ ဆွမ်းခံကြွချိန်ရောက်သည်နှင့် အပူပြင်းပြီ။ နေ့ လည်နေ့ ခင်းဆို အလုပ်ပျက် အကိုင်ပျက်လောက်အောင်ပူ၏။ သည်အပူနှင့်ယှဉ်ကာ လှေလိုက်လိုက်၊ ကုန်ထမ်းလိုက်၊ ထင်းခွဲ လိုက်နှင့် ရသည့် ကျဘမ်းအလုပ်တွေကို ကိုညိုဒင် ရှာလုပ်သည်။ ညနေစောင်း နေချိုချိန် လောက်မှ မြစ်ထဲဆင်း ငါးတန်း သွားချသည်။ မလုံးဈေးထွက်ဖို့ နေနေသာသာ ဟင်းစားပင် မရချင်။ ကိုညိုဒင် ယပ်တဖြတ်ဖြတ်ခပ်ရင်း အိမ် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်နေမိသည်။ လူမပြောနှင့် ရေနံချေး သုတ်ထားသည့် ၀ါးထရံကာ သက်ကယ် မိုးအိမ်ကလေးမှာ အပူဒဏ်ကြောင့် တဖြစ်ဖြစ် အော်မြည်နေသည်။ လမ်းမထိပ်က ကုက္ကိုပင်၊ မန်ကျီးပင်၊ တမာပင်ကြီးတို့ ၏ ပင်စည်ကိုင်းခတ်တို့ အပေါ်တွင် တံလှပ်လှိုင်းတို့ ရိပ်ကနဲ လျှပ်ကနဲ ပြေးဖြတ်နေတော့သည်။

ဧရာဝတီမြစ် အနောက်ဘက်ကမ်း မြေလတ်ဒေသကား ပူ၏။ သွေ့ ခြောက်၏။ သစ်ရပ်ဝါးရိပ် ကင်းမဲ့၏။ ထနောင်း၊ ဆူးရစ်နှင့် ခြုံပုတ် ကျို့ တို့ ကျဲတဲတို့ ဖြင့် တန်ဆာဆင်ထားသောမိုးခေါင်ရပ်ဝှမ်း။ လွင်တီးခေါင် ကျပ်တီး ကုန်းခြောက်။ ဧရာဝတီမြစ်ကြီး ပခုံးပေါ် မေးတင်ခိုလှုံထားသော်လည်း ပထ၀ီဝင်သဘာဝအရကိုပင် အပူပိုင်း ဒေသဖြစ်သောကြောင့် ပူပြင်းမှုဖြင့် အသားကျနေသည်မှာ မဆန်းချေ။ ထို့ ကြောင့် ရေရှားမှု ပြဿနာက နောက်ဆက်တွဲကပ်ငြိပါလာသည်။ သည်အရပ်မှာ နေထိုင်ကြသူတွေကိုပဲ ကန်ရေသောက် မြက်ခြောက်စား များ လို့  ကြည်စယ်နောက်ပြောင်ခံကြရသူတွေလေ။ `တော် ညဦး ငါးတန်းသွားချအုန်းမှာလား` မလုံးအမေးစကား သံကြောင့် ကိုညိုဒင် ဟေ ကနဲ အာမေဋိတ်သံပြုမိသည်။ သွားရကောင်းမလား၊ မသွားရကောင်းမလား ချီတုန် ချတုန်ဖြစ်နေ၏။ သူ ငယ်စဉ်က အဖေဖြစ်သူနှင့် ဧရာဝတီ မြစ်ရိုးတလျှောက် ရေတံငါဘ၀ပုံရိပ်များကို အောက်မေ့ မြင်ယောင်မိပြန်သည်။ သုံး လေးနာရီ မြစ်ထဲဆင်းလိုက်သည်နှင့် ရလိုက်တဲ့ငါး။ ကွန်ပစ်ပစ်။ ထွန်ပစ်ပစ်၊ တန်းချချ၊ ပိုက်မျှောမျှော၊ ပေါလိုက်သည့်ငါး။ ဖွားအေကြီး တနေ့ တနေ့  ငါးပိကောင်ထည့်တာကိုက အချိန်တဆယ်မျိုး နှစ်ဆယ်မျိုး၊ ခုတော့ ဒီလိုမဟုတ်တော့။ တနှစ်ထက်တနှစ် ဧရာဝတီမြစ်ကြောင်းကြီးက ပြောင်း ပြောင်းလာနေ သည်။ တနှစ် ဒီဘက်ကမ်းက စီးဆင်း သွားသော်လည်း နောက်နှစ် ဟိုဘက်ကမ်းက စီးရစ် ခွေသွားပြန်သည်။ မြစ်ကြောင်းကလည်းမမှန်တော့။ မြစ်ကြောင်းကျဉ်းလာတော့ အညာဆန်၊ ပြည်ကူးတို့  သင်္ဘောကြီးငယ်တွေ လည်း ဥသြသံတအူအူဖြင့် ဟိုသောင်ငြိလိုက် သည်ကမ်းတင်လိုက် ဖြစ်ကြရသည်။ မြစ်ကြောင်း ကျဉ်းလာမှု ကလည်း သိသိသာသာ။ ၀ါဆိုဝါခေါင် ရေကြီးရေတက်ချိန်လွန်မြောက်ပြီး လတော်သလင်း မြစ်ရေသင်ဖြူးခင်း ချိန်တွင် မြစ်ကမ်းနံဘေးဝဲယာတွင် မြေနုများ နှုံးတင်ကျန်ရစ်ခဲ့သည်။ ကိုင်းသမားတွေက ယင်းမြေနုများတွင် မြေပဲ၊ ကုလားပဲ၊ ငြုပ်။ ပြောင်းတို့ ကို စိုက်ပျိုးကြသည်။ ထို့ နည်းလည်းကောင်းပင် မြစ်ဝမ်းဗိုက်တွင်လည်း မြေနုကျွန်း များ ပေါ်ထွန်းလာမြဲဖြစ်သည်။ မြေနုကျွန်းများကတော့ သူ့ အပိုင်နှင့်သူ။ ကိုင်းသမားတဦးတယောက်ချင်း ပိုင်ဆိုင်မှုများရှိသလို ရွာလိုက်ပိုင်ဆိုင် စိုက်ပျိုးကြသည်လည်းရှိ၏။ ရွာတည်အခြေချသည့် သူများလည်းရှိသည်။ မြစ်ကြောင်းပြောင်းလာမှုအပေါ် မြေနုကျွန်း ပေါ်ထွန်းမှုတွေကလည်း လိုက်ပြောင်းလဲလာတော့သည်။ နှစ်စဉ် နှစ်တိုင်းလိုလို မြေနုကျွန်းလုကြသည့် တုတ်တပျက် ဓားတပျက် အမှုအခင်းများမှာ သွေးချောင်းစီးလာခဲ့သည်။ တရွာနှင့်တရွာ ကလဲ့စားချေစစ်ပွဲများဖြင့် အာဃာတတွေ ကြီးထွားလာနေကြသည်။ မြေနုကျွန်းများကား မြေလတ်ဒေသအတွက် အရေးပါသည့် သီးနှံစားကျက်များ မဟုတ်လား။ မြေနုကျွန်းများပေါ်တွင် ရာသီစာ ဖြစ်သည့် ဖရုံ၊ ဖရဲ၊ သခွား၊ စိမ်းစားဥ၊ ဗူး၊ ချဉ်ပေါင်၊ ခရမ်းချဉ်၊ ရုံးပတီ စသည့် သစ်သီးဝလံများသည် တနယ်လုံးအတွက် ဖူလုံစေသည်။ မြေနုကျွန်းပေါ်မှ သဘာဝအလျှောက် ပေါက်ရောက်သည့် ကိုင်းမြက်များမှာ တောင်သူများနှင့် နွားလှည်းသမားများ အတွက် အဓိက နွားစာဖြစ်သည်။ သို့  အတွက် ဧရာဝတီ၏ရင်သွေး မြေနုကျွန်းများသည် မြေလတ်သားတို့  အတွက် အသက်သွေးကြော။ မြစ်ကြောင်း မမှန်သည့်အပြင် စိုက်မရ ပျိုးမရ၊ သွာရလာရ ခက်ခဲသည့် သဲသောင်ပြင်ကြီးများက ရှည်လျားကျယ်ပြောစွာ ပေါ်ထွက်လာနေသည်။ တချို့  နှစ်များတွင် ကမ်းနှစ်ဖက် ထွန်းနေသည့် သဲသောင်ပြင်ကြီးများမှာ မြစ်မကြီးကို ပိတ်စို့ လုနီးပါးဖြစ်နေတတ်သည်။ သင်္ဘောများ ခုတ်မောင်းသွားလာရန် ကျပ်တည်းခက်ခဲလာသည်။ ကိုညိုဒင် ငယ်စဉ်ကာလများက သဲသောင်ပြင် ကြီးများ ပေါ်ထွန်းလာပြီဆိုလျှင် သောင်တူးစက်ကြီးများဖြင့် ဖြိုဖျက်၍ မြစ်ကြောင်းရေကြောင်းကို တူးဖော်တာတွေ လှေပေါ်က အငေးသား ကြည့်ခဲ့ရသည်။ တနှစ်ထက်တနှစ် မြစ်ကြီးကား အိုမင်းလာနေသည်။ ခွန်အားတွေ လျော့လျည်းလာသည်။ အားကောင်းမောင်းသန်ရေစီးတို့  နှေးကွေးလေးလံလာသည်။ မြေနုကျွန်းများကို မမွေးဖွား ပေးနိုင်တော့ပဲ သွေးသားခမ်းခြောက်လာသည့် သူအိုမကြီးနှင့် တူလာသည်။ သည်မြစ်ကြီး၏ ကျေးဇူးတွေ ကြီးမားလှသော်လည်း အိုမင်းရင့်ရော်မှုကို စောင့်ရှောက်ကုစားပေးမည့်သူတွေ မရှိတော့ဘူးလားဟု ကိုညိုဒင် စဉ်းးစားမိပြန်သည်။

ကိုညိုဒင့် မျက်ဝန်းထဲတွင် တိမ်ကောခြောက်သယောင်းနေသော ဧရာမြစ်ပြင်ကို မြင်ယောင်မိရင်း ငါ့ဘ၀ အတွက် အရေးအကြီးဆုံး ငါးတွေ၊ ငါ့မိသားစုအတွက် ငါးတွေ၊ ရေနဲ့ ကြာ၊ ရေနဲ့ ငါး၊ ရေမရှိရင် ငါးတွေလည်း ဘယ်ရှိနိုင်တော့မှာလဲဟု တွေးတောဝမ်းနည်းလာသည်။ `မိလုံး ဟဲ့ မိလုံး` အိမ်အောက်တွင် ဖြာခင်း၍ လဲလျောင်းမှေးစက်နေသည့် မလုံးကို ကိုညိုဒင် အော်ခေါ်လိုက်သည်။ `ဘာတုန်း ကိုညိုဒင်၊ ပူလွန်းလို့ တော်၊ ခနလှဲနေတာ၊ ခိုစရာကပ်စရာကို မရှိအောင်ပူတာ။ ရေအိုးထဲကြည့်ပါလား မနက်က ထည့်ထားတဲ့သောက်ရေတွေ သောက်တောင်မသောက်ရသေးဘူး တ၀က်လောက်ခမ်းနေပြီ`။ `ငါ စောစောပဲ ငါးတန်းသွားချတော့မယ်။` `ပူပါသေးတယ်တော်၊ ငါးနာရီစွန်းမှ သွားပါတော့လား၊ ငါးမရလည်း ကျုပ် ကုန်စိမ်းရောင်းရမလားလို့ ။ အခိုက် အတံ့ပါ။ တော် မနက်မနက် ရေလယ်ကျွန်းကို လှေပို့ ပေးမလား။ အဲဒီမှာ ကုန်စိမ်းသွားယူမယ်။ တော်နဲ့  တိုင်ပင် မလို့ ၊ ရေပြန်ထလို့ ငါးရတော့လည်း ငါးသည်ပြန်လုပ်ရမှာပေါ့။` `ထားစမ်းပါကွာ၊ ငါရှာပါ့မယ်။ အေး ရွှေဘ လာရင် နေစောင်းရင် ကမ်းနားဆိပ် ကျောက်ဆောင်ကွေ့ ကို လိုက်ခဲ့လို့ ငါမှာတယ်လို့ ပြော`။ ကိုညိုဒင် လှော်တက်၊ ငါးတန်းကြိုးများကို စုပုံထားလိုက်ပြီး မီးဖိုထဲရှိ စဉ့် အိုးဘေးတွင် ကျောက်အိုးဖြင့် ထည့်ထားသည့် ငါးစာငါးပေါက်နှင့် လက်မလောက် ပုဇွန် ပေါက်လေးများကို ကြည့်လိုက်တော့ သေနေတာ တွေ့ ရသည်။ တချို့  အကောင်တွေက အနံ့ ပင် ထွက်ချင်ချင်။ ကျောက်ရေအိုးကိုကြည့်၍ ကိုညိုဒင် ဝေခွဲမရ။ နောက်မှ ရေထဲ လက်နှိုက်ကြည့်တော့ ရေက ရေနွေးပူလို ဖြစ်နေသည်။ ကိုညိုဒင် သဘောပေါက်သွားသည်။ ရေတောင်ပူနေရင် မြေကြီးလည်း ပူမှာပဲ၊ ဒီလိုဆို တီတောင်တူးလို့ ရပါအုန်းမလားဟုလည်း ငိုင်ငိုင်တွေတွေ တွေးဆမိပြန်သည်။ ဘယ်က ဘယ်လို ထွက်လာမှန်းမသိသည့် နဖူးနှင့် နားထင်က ချွေးများကို ပုဆိုးနှင့်သုတ်လိုက်ရင်း ကိုညိုဒင် စိတ်ပျက် လက်ပျက် လှေခါးရင်းတွင် ထိုင်ချလိုက်သည်။

` အမေ အမေ ` သူ့ အမေမိလုံးကို အော်ခေါ်ရင်း ရွှေဘအိမ်ထဲဝင်လာသည်။ သူ့ လက်ထဲတွင် ဘာလီ ချိုင့် ဟောင်းပုံးတပုံးကို ဆွဲလျက်။ တကိုယ်လုံးရွှံ့ နွံတို့ ဖြင့် ပေရေလိမ်းကျံနေသည်။ မျက်နှာပေါ်တွင် စိုတ၀က် ခြောက်တ၀က် ရွှံ့ ဖတ်များကြောင့် ရုပ်ရှင်ထဲတွင် တွေ့ ဖူးသည့် ကပ္ပလီတကောင် ချောင်းထဲက တက်လာပုံမျိုးနှင့် တူနေ၏။ မီးဖိုချောင်ထဲမှ ထွက်လာသည့် မလုံးလက်ထဲသို့  ရွှေဘ ဘာလီချိုင့်ကို ကမ်းပေးလိုက်သည်။ `ရွှံ့  အလူးလူးနဲ့ ဘာလုပ်လာတာလဲရွှေဘ` ။ မေးမေးပြောပြော ဘာလီချိုင့်တွင်းကို ငုံ့ ကြည့်လိုက်သည်။ တွန့် လိမ် ခါရမ်းနေသော ငါးခူငါးရံ့ အကောင်လတ်လတ် ဆယ့်လေးငါးကောင်လောက်ကိုတွေ့ ရသည်။ ` ဘယ်က နှိုက်လာ တာလဲ`။`နှိုက်လာတာမဟုတ်ဘူးဘညို၊ ချမ်းသာကြီးဘုန်းကြီးကျောင်းက ရေကန်ကြီး ရေတွေခမ်းကုန်တာ အိုင် စပ်စပ်ပဲ ကျန်တော့တယ်။ အဲဒါ ကိုအုန်းခင်တို့ ခေါ်တာနဲ့ ငါးလိုက်ပက်တာ။ အိုင်ထဲမှာ နှိုက်တာတွေလည်း ပါတော့ပါတာပေါ့။ ငါးပက်တဲ့လူတွေကများတယ်။ ဟင်းစားတော့ ရကြသူတွေချည်းပါပဲ`။ ရွှေဘ ရေချိုးရန် အိမ်နောက်ဘက်စည်ပိုင်းပြတ်ရှိရာထွက်သွားသည်။

ကိုညိုဒင်တို့ အိမ်နှင့် ချမ်းသာကြီးဘုန်းကြီးကျောင်းနှင့်မဝေး။ လေးငါးခေါ်လောက်တော့ရှိမည်။ ကိုညိုဒင် တို့ ငယ်ငယ်ကတည်းက ဆော့ကစားလာခဲ့သော ရေကန်ကြီး။ ကြာဖြူကြာနီများ၊ ဗေဒါများ၊ ရေကြက်များ၊ ရေဘဲများ၊ ချိုး ခါ ခိုငှက်လေးများဖြင့် စိမ်းစိုကြည့်လဲ့နေသော ဘုန်းကြီးကျောင်းရေကန်ကြီး ဖြစ်သည်။ ပတ်ပတ်လည်တွင်လည်း ထန်းပင်များ အစီအရီစိုက်ထားသေးသည်။ ထန်းပင်များ၏နောက်ဘက်တွင်လည်း ညောင်မုတ်ဆိတ်ပင်ကြီးများ၊ မန်ကျီးပင်ကြီးများဖြင့် အုပ်စိုင်းညို့ မှောင်နေသည်။ ကန်ကြီးက အတော်အသင့် ကြီးသည်။ ကန်တပတ်လမ်းလျှောက်ရင် မိနစ်နှစ်ဆယ်လောက် ပျော့ပျော့လေးကြာသည်။ အညာမြေလတ်က ကန်ကြီးများမှာ မီးရေးထင်းရေးအတွက် အရေးပါသော ရေလှောင်ကန်ကြီးများဆိုလျှင်လည်း မမှားချေ။ အော် သည်ကန်ကြီးပင် ရေတွေ ခမ်းခြောက်ကုန်ပြီတဲ့။ မိုးကျရင် ပြန်ပြည့်နိုင်မှာပါလေလို့  ကိုညိုဒင်သက်ပြင်းမောများကို မှုတ်ထုတ်ရင်း ဖြေသိမ့်မိသည်။

``ညိုဒင်ရေ ညိုဒင် လာပါအုန်းဟ၊ ညိုဒင် အုန်းခင်ရေ` နောက်ဖေးဘက်က ငပျော့အိမ်က ကိုညိုဒင့်ကို ခေါ်နေသံများက ပွက်လောရိုက်နေသည်။ `ဘညို ကိုပျော့အိမ်မှာ ဘာဖြစ်လဲမသိဘူး။ အဖေ့ကို အော်ခေါ် နေတယ်။` ရွှေဘစကားမဆုံးမှီ ကိုညိုဒင် ငပျော့တို့ အိမ်ဘက် အပြေးထွက်လာခဲ့သည်။ အိမ်ဝရောက်တော့ ငပျော့မိန်းမ အေးစိန်၏ ငိုယိုအော်ဟစ်သံက ကမ္ဘာပျက်သလား အောက်မေ့ရသည်။ `ကယ်ကြပါအုန်းတော်၊ အဖေကို ခေါ်လို့ မရတော့ဘူး။ လုပ်ကြပါအုန်း၊ အဖေ့ကို ခေါ်ပေးကြပါအုန်း၊ ဆေးရုံပို့ ပေးကြပါအုန်း။ ကယ်ကြ ပါတော် ကယ်ကြပါအုန်း`၊ ဆံပင်ဖါးလျား ထမီဘိုသည်ဘတ်သီဖြင့် အေးစိန်အရူးတပိုင်းဖြစ်နေသည်။ အေးစိန် အဖေကြီးက မမာနေတာကြာပြီ။ လူကြီးရောဂါဆိုတော့လည်း လဲလိုက် လှဲလိုက်။ ကောင်းသည်ကိုမရှိ။ `ဆေးရုံပို့  လည်း မမှီတော့ပါဘူးညိုဒင်ရာ။ ကြည့်လုပ်ကြတာပေါ့။ သေပြီပဲ ဥစ္စာ။ ပြန်ရှင်လာမှမဟုတ်တာ။`အုန်းခင်က ကပ်ပြီးလေသံဖြင့်ကိုညိုဒင်ကို ရှင်းပြောပြောနေ၏။ `ဒါတော့ ဒါပေါ့ကွာ၊ အေးစိန်က အဖေတခု သမီးတခုလေကွာ၊ ဒီလောက်တော့သူလည်း ဖြစ်မှာပေါ့`။ ငပျော့က `ငါစည်ပင်သာယာရုံးသွားလိုက်မယ်ကွာ၊ ခုမှ ၃ နာရီကျော် ကျော်ပဲရှိသေးတယ်။ သေစာရင်းသွားလုပ်မယ်။ ညကျမှ သဂြိုဟ်ဖို့ ကိစ္စတို့  ဘာတို့ ညာတို့  တိုင်ပင်ကြတာပေါ့။ မင်းတို့ အိမ်မှာ ကြည့်ပြင်ထားလိုက်ကွာ။ `အဖေရေ သမီးကို ထားခဲ့ပြီလား`အေးစိန်၏ ရှိုက်ကြီးတငင် ငိုယို အော်ဟစ်လိုက်သံက ကိုညိုဒင်တို့ ရပ်ကွက်လေးကို ကိုင်လှုပ်ခါရမ်းပစ်လိုက်သလိုပင်။

`လူကြီးဆိုတော့လည်း ဒီလောက်ပူတာ ဘာခံနိုင်မှာလဲကွာ၊ အရွယ်ကောင်းအရက်သမားတွေတောင် သေကြသတဲ့။ ငပျော့အရက်က ရေများများရောတော့ သူ့ ဆိုင်မှာ သောက်တဲ့ကောင်တွေ ဘယ်သေမှာလဲ။ အရက်ကနံမယ်နဲ့ လိုက်အောင် ပျော့မှပျော့` ညွန့် မောင်စကားကို သိန်းဆောင်က တ၀ါးဝါးပွဲကျရင်း ထောက်ခံနေ သည်။ ကိုညိုဒင်က ငပျော့ယောက္ခမကြီး၏ အလောင်းကို ကြည့်ပြီး ပူလို့ လူတောင်သေတယ်ဆိုတာ ဟုတ်ရဲ့  လားလို့ ဝေခွဲမရနိုင်။ အေးစိန်ဘေးနားထိုင်ရင်း ယပ်တဖြတ်ဖြတ်ခတ်နေသည့် မိလုံးမျက်နှာက လှေဝမ်းထဲမှာ သေနေသည့် ငါးတကောင်လို နွမ်းရိရိ။ ကိုညိုဒင်အကြည့်လွှဲလိုက်သည်။

မောင်လွမ်းဏီ

၂၇-၆-၂၀၁၀

1 comment:

YL said...

I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.

Myanmar Online Music: http://www.myanmaronlinemusic.com/

Thanks a lot!

 
/* EOT ----------------------------------------- */