ကမာပုလဲ
အဘယ်ဝဋ်ကြွေးကြောင့်ပါလဲ
၂၁ ရာစုမှာ ဘုရားသခင် ငိုကြွေးတယ် …
ငိုတာမှ သည်းသည်းထန်ထန်
ရှိုက်ကြီး တငင်ငင် ငိုတယ်။
တချိန်က…
အရှေ့ အလယ်ပိုင်းရဲ့ အသည်းနှလုံး
ဂျေရုဆလာမ် အတွက် ငိုတယ်၊
လူကို ကျွန်အဖြစ် အဓမ္မကုန်ကူးခံခဲ့ရတဲ့
အဖရိကန် လူမည်းတွေအတွက် ငိုတယ်၊
ဒခ်ျ၊ အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်၊ အင်္ဂလန်၊ အမေရိကန် …စတဲ့
ကိုလိုနီ နယ်ချဲ့ သမားတွေကြောင့် ငိုတယ်၊
ဖက်ဆစ် ဂျပန်၊ နာဇီဟစ်တလာ၊ မူဆိုလိုနီတို့ကြောင့် ငိုတယ်၊
ပထမ ကမ္ဘာစစ် … ဒုတိယ ကမ္ဘာစစ် အတွက်ငိုတယ်
သြဂုတ်- ၆၊ သြဂုတ်-၈ … ဟီရိုရှီးမား၊ နဂါစကီ
နြူကလီးယားဗုံးအဆိပ်သင့်ခံ အပြစ်မဲ့ ပြည်သူတွေအတွက် ငိုတယ်။
ငိုရတာတွေ များလွန်းနေတော့
သူ့ခမျာ နားနားပြီး ငိုပါရစေလို့ …
သူ့ရှေ့က သွားနှင့်သူ ဘုရှားသခင်တွေထံ
(ရှိခဲ့မှန်း၊ မရှိခဲ့မှန်း သူကိုယ်တိုင်လည်း မသေချာဘူး)
ကမ္ဘာမြေအတွက် အသနားခံ မျက်ရည်နဲ့ ဆုပန်တယ်၊
သူ့ဆုပန်ချက်တောင် မဆုံးနိုင်သေးဘူး
ဆိုဗီယက် ယူနီယံကြီး ပြိုကွဲတယ်
ဂျာမနီ ဘာလင်တံတိုင်းကြီး ပြိုကျတယ်
ကမ္ဘာ့ နေရာအနှံ့မှာ
ဘာသာရေး၊ ယဉ်ကျေးမှု၊ အသားအရောင်၊ လူမျိုးရေး
ပဋိပက္ခနဲ့ စစ်ပွဲတွေ ဖြစ်တယ်၊
ဘုရားသခင် ခမျာမယ်
၂၀ ရာစုကို အငိုနဲ့ နှုတ်ဆက်ပြီး
၂၁ ရာစုကို မျက်ရည်လည်ရွှဲနဲ့ ကြိုရပြန်တယ်။
၂၁ ရာစုမှာ လူအချင်းချင်း နှိပ်စက်ခြင်းတွေကလည်း
ဘယ်ခေတ်နဲ့မှ မတူအောင် သိမ်မွေ့ပြင်းထန်တယ်၊
ငြိမ်းချမ်းရေးသမားဆိုသူတွေရဲ့
လက်တွေ့မပါတဲ့ စိတ်ကူးစိတ်သန်း မေတ္တာအစွမ်းတွေကလည်း
ခုနှစ်အိမ် ကြားတာပဲ အဖတ်တင်တယ် …
အဲဒီအတွက်လည်း ဘုရားသခင် ငိုတယ်၊
သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ကူးစက်ရောဂါ၊ လူကုန်ကူးသန်းမှု၊ ကလေး မိန်းမ ဘာညာ အခွင့်အရေး
လည်းချောင်းကွဲအောင် နေ့တဓူဝ အော်နေဟစ်နေကြတယ်
ဒါပေမဲ့
ပါးသွားတဲ့ အိုဇုန်းလွှာ ပေါက်ပြဲမသွားအောင်
ပေါက်ပြဲနေတဲ့ အိုဇုန်းလွှာ ဒီ့ထက်ပို ကြီးမသွားအောင်
ဝိုင်းကြပါ၊ ၀န်းကြပါ၊ ကာကွယ်ကြပါဆိုတော့လည်း
လက်သည် တရားခံ စူပါ ပါဝါက
အိပ်ချင်ယောင်၊ ရူးချင်ယောင် ဆောင်နေတယ်
အဲဒီအတွက်လည်း ဘုရားသခင်ခမျာ
ရင်တမမနဲ့ မျက်ရည် ကျရပြန်တယ်။
အနုပညာစစ်စစ်ရဲ့ လိုအပ်ချက်က
တစ်- စိတ်ကူးစိတ်သန်း
နှစ်- အလှအပ
သုံး- အမှန်တရား တဲ့
ပြီး ……………………
ကိုယ်ပိုင်နိုင်ငံတခု အခိုင်အမာမရှိခဲ့ရင်
အဲဒီ လူမျိုးရဲ့ ယဉ်ကျေးမှုဟာလည်း မရှင်သန်နိုင်ဘူးတဲ့
လစ်သူရေးနီးယန်း အနုပညာရှင် ဂျူးတွေကို
အစတုံး မသတ်ဖြတ်ခင် ဂတ်တို (GHETTO) မှာ
ဖိနှိပ်သူ နာဇီဗိုလ်က နတ်စကားပြောခဲ့တာ
အဲဒီအတွက်လည်း ဘုရားသခင်ငိုတယ်။
ငိုတယ် ….
၂၁ ရာစုမှာ
ဘုရားသခင် ရှိုက်ခါ ငင်ကာ ငိုတယ်၊
အမုန်းမီးတွေ မငြိမ်းနိုင်သေးတဲ့
ဂျေရုဆလာမ် အတွက် ငိုတယ်
အာဖဂန် အီရတ် ပြည်သူတွေအတွက် ငိုတယ်
၉-၁၁ အတွက်ငိုတယ်
ဟိမ၀န္တာ တောင်တန်းကြီးကို ပုတ်ပုတ်ပြီး
ဧရာဝတီမြစ်ကြီးကို လှုပ်လှုပ်ပြီး ငိုတယ်။
အဲဒီလို … ဘုရားသခင်ခမျာ
နေ့မအား ညမအား ငိုနေရရင်းက
(ဘယ်လူလွန်မသားတွေ စတန့်ထွင်လိုက်သလဲမသိပါဘူး)
မကြာခင်မှာ ကမ္ဘာကြီးပျက်မတဲ့
ဒါဆိုရင် ….
အရာရာကို ဖန်ဆင်းတယ်ဆိုတဲ့ ဘုရားသခင်ခမျာ
ဘုမသိ ဘမသိ တရားခံဖြစ်ရတော့မယ် … ပေါ့
ဒါနဲ့ ဘုရားသခင်ဟာ
သူ့ငိုချင်းကို ရပ်
ကြောင်းကျိုး ဆက်စပ်စဉ်းစားရင်းက
ဒီကနေ့ ကမ္ဘာကြီး လိုအပ်နေတာ
တော်လှန်ရေးစစ်စစ်နဲ့
တော်လှန်ရေးသမားစစ်စစ်တွေပဲ ဆိုတာ
သူ သဘောပေါက် လက်ခံသွားတော့တယ်၊
အဲဒီက စလို့ပေါ့ …
ဘုရားသခင်ရဲ့ ငိုကြွေးသံသည်လည်း
နားနား ခြားခြားပြီးမှ ထွက်ပေါ်လာတော့တယ်။ ။
ကမာပုလဲ
၂၉၊ ၀၅၊ ၂၀၁၀။
Saturday, July 10, 2010
၂၁ ရာစုတွင် ဘုရားသခင် ငိုကြွေးနေရခြင်း အကြောင်း
Posted by
ကိုဈာန်
at
11:12 PM
0
comments
Labels: ကဗျာ
Wednesday, April 8, 2009
၂၀၀၉ ကို တောင်းဆိုခြင်း
မောင်လွမ်းဏီ
မဟာမှိုင်းက
ကဗျာတိုင်းကို
နယ်ချဲ့ရာဇ၀င်နဲ့
နှိုင်းသလိုပ
သမိုင်းမှာ
အောင်ဆန်းလည်းအရိုင်းဖြစ်ခဲ့တယ်
အရိုင်းအောင်ဆန်း၊ သမိုင်းလမ်းကို
ထမ်းရွက်သယ်ပိုး
နောင်လာနောက်သား မျိုးဆက်ဆီ
ဖက်ဆစ်ကို
ကြွက်ဖြစ်စေခဲ့တာ
လူထုသည်သာ သူရဲကောင်းပေါ့
လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
မဆလတပါတီ
အာဏာနီကို
မထီရဲသွေး၊ ရှစ်ရှစ်သွေးက
တော်လှန်ရေးကို တေးညည်းဆိုခဲ့ကြပြန်တယ်
လှုပ်ရှားမှုအဆက်ဆက်
အသက်သွေးချွေး
အရေးတော်မဟာ
ဂန္တ၀င်ထဲက တို့ဧရာ။
ရွှေဝါရောင်ဟာ
လေသာဆောင်က ဖန်မီးအိမ်မဟုတ်
ငုတ်တုတ်အငတ်မခံသလို
ဆွမ်းရေဆီမီး ဓာတ်မီးတိုင်မှာ
မေတ္တာပေးယူ အလှူမခံခဲ့တာပေါ့။
ဘာကိုချင့်တွေး
စဉ်းစားပေးရမှာလဲဟေ့
တနေ့တော့
တကွေ့ကွေ့မှာ တို့လူထုရဲ့ တရားသစ္စာ။
Posted by
ကိုဈာန်
at
2:07 AM
0
comments
Labels: ကဗျာ
Friday, January 9, 2009
ကမ်းတတ်တိုက်ပွဲ
ညိုထက်(လမ်းသစ်ဦး)
လောကဓံကလည်း အနိုင်ကျင့်တယ်
ဘ၀ကလည်း အဖိတ်အစင်များတယ်
ပဋိပက္ခတွေဟာ ဆီလိုအပေါက်ရှာပြီး ထွက်လာကြတယ်။
စားကြတယ်
လူကို လူချင်းစားကြတယ်။
ဘာဖြစ်လို့
ငါ့ချောတိုင်လေးကိုမှ
ဝတ်ဆီတွေ တဗြန်းဗြန်း ပတ်နေရတာတဲ့တုန်း။
အဖတ်ဆယ်မရတဲ့
ခေတ်ကာလကလည်း အရည်ကျဲလွန်းလှတယ်
အဲဒီလို ခေတ်ကာလမှာမှ
အလံစိုက်ဖို့ လူဖြစ်လာရတာဆိုတော့
“ဆကပ်တိုတိုဝတ် အောက်စလွတ်ရင်ဖုံး။”
ဘယ်သူ့ကိုမှ
မြူဆွယ်ဖျားယောင်းတာ မလုပ်ခဲ့ဘူး
ဘယ်သူရဲ့
မြူဆွယ်ဖျားယောင်းတာကိုမှလည်း မလုပ်ခဲ့ဘူး
ငါ့အဓိပ္ပါယ်ကိုငါ ထွန်ယက်တယ်
နေပူမရှောင်
မိုးရွာမရှောင် ထွန်ယက်တယ်။
မက်မက်စက်စက် စိုက်ပျိုးခဲ့တယ်
ငါ့ရဲ့ ယုံကြည်ခြင်းတွေ
ယုံကြည်ခဲ့တယ်
လွန်ခဲ့တဲ့ အနှစ် ၂၀ ကလည်း ယုံကြည်ခဲ့တယ်
ယခုလည်း ယုံကြည်ခဲ့တယ်
အရိုင်းစိုင်းဆုံး ယုံကြည်ခဲ့တယ်
ငါ့သွေးတွေထဲ ၀င်ရောက်နေတဲ့အထိ ယုံကြည်ခဲ့တယ်။
ငါ ပစ္စုပ္ပန်တည့်တည့်မှာပဲနေတယ်
တော်လှန်ရေးဆိုတာ တဦးချင်းကိစ္စပဲတဲ့လား
တကိုယ်တော်ဝါဒနဲ့ တော်လှန်ရေးလုပ်မယ်တဲ့လား
ငါ ဒါကို ရယ်သွမ်းသွေးမိတယ်
တော်လှန်ရေးဆိုတာ စည်းရုံးစုဖွဲ့ခြင်းဖြစ်တယ်
ပစ္စုပ္ပန်ကိစ္စလည်းဖြစ်တယ်
ငါပစ္စုပ္ပန်တည့်တည့်မှ နေတယ်။
ဘာတဲ့ …
ပန်းရောင်ဆိုပါလား
ငါ ဘယ်တော့မှ အနီကို အနက်အစွန်းမခံဘူး
ငါဘယ်တော့မှ ကြက်သွေးရောင် မဖြစ်ခဲ့ဘူး
တရားသေမဟုတ်ဘူး လမ်းညွှန်။
တရားမျှတမှုတွေ မိုးလိုရွာ
အေးချမ်းကြပါစေ
အမှန်တရားတွေ နေလိုသာ
နွေးထွေးကြပါစေ
လူအချင်းချင်းသွေးစုတ်ခြင်း
ကင်းရှင်းကြပါစေ။
သမိုင်းကို မျက်ရည်ခံထိုးလိမ့်မယ်ထင်သလား
ငါ့ရိုးသားမှုကို ငါယုံကြည်တယ်
ပြက်ပြက်သားသားကို ယုံကြည်တယ်။
ဘယ်သူတွေ
အကုန်အစင် ရိုးသားခဲ့ကြသလဲ
အကုန်အစင် ရိုးသားသူသာ
အကုန်အစင် ရရှိပေလိမ့်။
ကြေမွရမှာတဲ့လား
ဒီလိုပါပဲ
အထုအထောင်းတွေကြားက
သံမဏိသားကျလာကြတဲ့
ငါ့ရှေ့က ငါ့ချစ်သူတွေကို ငါချစ်တယ်။
ဒါ
ငါတို့ခေတ်တဲ့လား
မဟုတ်ဘူး
ဒါ
ငါတို့ခေတ်မဟုတ်သေးဘူး
ငါတို့ခေတ်ဟာ ဒီလိုဖြစ်ခွင့်မရှိဘူး
ငါတို့ခေတ်ကို ရောက်ဖို့ ငါတို့ထူထောင်ရဦးမယ်။
ညိုထက်(လမ်းသစ်ဦး)
Posted by
ကိုဈာန်
at
7:58 AM
0
comments
Labels: ကဗျာ
Wednesday, November 19, 2008
မုန်တိုင်းလာသွားခဲ့တယ်
မြင့်ဇေ
သတိရမိတယ်
ဆားချက်တဲ့လက်က
တံငါသည်ဘ၀ကို နူးညံ့ခဲ့ပုံများ။
မင်းလည်း မမြင်နိုင်
ငါကလည်း မင်းကို
မပွေ့ထွေးနိုင်ခဲ့
ဆားချက်သမလေးရေ…။
မုန်တိုင်းက
ေ ရာ က် လာ တ ယ် ။
အခုတော့
ကမ်းမမြင် လမ်းမမြင်။
စီးမျောသွားပုံက
ကောင်းကင်တခုလုံး
ချက်ချင်း
ပျက်သွားသလို
ရုန်းရင်းဆန်ခတ်။
ခေတ်တွေ စီးဆင်းသွားတော့
ပင်လယ်က
ပြာစိမ်းလို့
ဘာမှမပတ်သက်သလိုမျိုး
သူစိမ်းဆန်ဆန်ကြည့်လို့ ။ ။
ကိုဖိုးဇေ (ခ) ကိုဂုရု နောက်ဆုံးရေးခဲ့တဲ့ ကဗျာလေးပါ...
Posted by
ကိုဈာန်
at
11:27 PM
0
comments
Labels: ကဗျာ
Wednesday, October 1, 2008
သေတမ်းစာ
ယောဟန်အောင်
အလင်းကိုပေးဖို့
ထင်းဟာ မီးကို စားသလိုပေါ့၊
အားလုံးကို လင်းဖို့
တို့အသက်တွေ ရင်းခဲ့ရတယ်လေ။
ငါ့သူငယ်ချင်း
ရဲဘော်တဦး
ခေတ်တခေတ်ကို မြင်ဖူးချင်လို့
နေလုံးတူးဆွ
သွေးတွေစွန်းထင်းတဲ့
ဝတ်စုံတစ်စုံရခဲ့တယ်။
မနေ့ကလေ
အေ-ကေသေနတ်
သူဖြုတ်တပ်ဆင်
တသသ ရောင်တင်သုတ်နေခဲ့တယ်။
မနေ့ကလေ
ညနေနီကျင်၊ ကင်းကျစဉ်က
ခပ်ဝေးဝေးမြို့ပြ၊ မှောင်ရီကျစဉ်
မီးစတင်လင်း၊ ထမင်းဝိုင်းမှာ
သူ့မိဘတွေ၊ ဇွန်းလက်ဆုံလေတိုင်း
ဘာတွေ ပြောလေမလဲ
သူတွေဝေနေခဲ့တယ်။
မီးခိုးဖုံလုံး၊ ဗုံးသီးကွဲမြောက်
မောင်းပြန်ပေါက်ထွက်၊ အတွဲဆက်တွေ
ဆူပွက်အော်ဟစ်၊ ပစ် ပစ် ပစ်ကြ
ဖောက်ပြန်သူတွေ တို့ပစ်ရမယ်၊
ဒါတော်လှန်စစ်ရဲ့ နိယာမလေ။
ငါ့သူငယ်ချင်း ...
မင်းအားတင်းပါ၊
မင်းဘာပြောမလဲ၊
မင်းဘာမှာမလဲ
နေမင်းကို သဲတွေပြိုဖို့မိကြ
မှောင်မိုက်ခဲ့ရပေါ့။
သူဟာ
သူ့ဓါတ်ပုံကို
ကျွန်ုပ်တို့၏ ယုံကြည်ချက်အပေါ်မှာ ချိတ်ပါ၊
သူ့ဓါတ်ပုံကို
ရုပ်ရှင်ရုံမှာ အလေးပြုပါ၊
သူ့ဓါတ်ပုံကို
ရေစာရုပ်ပုံ၊ ငွေကြေးစုံမှာ ရိုက်နှိပ်ပါ၊
သူမှာမသွားခဲ့ဘူး။
သူဟာ တိတ်တိတ်ဆိတ်ဆိတ် အိပ်စက်သွားခဲ့တယ်၊
မှတ်တမ်းငယ်တအုပ်ထဲမှာတော့
(ရက်ပေါင်းနှစ်ဆယ်ကျော် ဖျားနာစဉ်
ဘာမှ စားလို့မ၀င်ဘူး၊
မေမေ့ချဉ်ရေဟင်းတခွက်
ညက အိပ်မက်တယ်လေ)။
ဌာနချုပ်ကိုပေးမယ့်
ကြေးနန်းစာရေးစဉ်
ကျနော့လက်တွေ တုန်ယင်နေခဲ့တယ်လေ။
ယောဟန်အောင်
ဒေါင်းအိုးဝေဂျာနယ်။ ရေဆန်းလမ်းသို့အပြန် (နိုင်ဝင်းဆွေအမှတ်တရ ကဗျာများ)၊ ဖေ ၁၉၉၆၊ ဧရာဝတီညီနောင်စာပေ။
Posted by
ကိုဈာန်
at
5:39 AM
0
comments
Labels: ကဗျာ
ရွှေရုပ်တု
ဌေးအောင်
ရဲဘော်
နွေလည်နေ့ရက်တရက်မှာ
ငါတို့ကို ရဲဘော်ခွဲထွက်သွားခဲ့တယ်။
ရဲဘော်ရဲ့ဈာပနကို
ငိုရှိုက်ခြင်းနဲ့ ပို့ဆောင်ဂုဏ်ပြုဖို့
ငါတို့မှာ အချိန်မရှိ။
ရဲဘော်ရဲ့ ရုပ်တုကို
ယဉ်ကျေးစွာထုလုပ်ဖို့ … ပြီးတော့
ထိုက်တန်စွာ ထုလုပ်ဖို့
ငါတို့မှာ ရွှေသားမရှိ။
ဒါပေမယ့်
သွေးတွေရွှဲနစ်နေတဲ့
ရဲဘော်ရဲ့ အင်္ကျီကို
ငါတို့ အလံထူလို့
ရှေ့သို့ ရှေ့သို့
ရှေ့ဆီကို သွားနေကြတယ်ဆိုရင်
နှစ်နှစ်ချိုက်ချိုက်
အိပ်ပျော်လိုက်ပါတော့ ရဲဘော်။
ဌေးအောင်
Posted by
ကိုဈာန်
at
5:15 AM
0
comments
Labels: ကဗျာ
Tuesday, January 22, 2008
ကြယ်ပွင့်ဖူးတင့် ကောင်းကင်ပြာ
ဒဂုန်တာရာ
လွန်ခဲ့ဂရ
နှစ်များဖြတ်သန်း၊ အိုမင်းမစွမ်းပြီ
ငါမွေးစကတည်းက၊ မြင့်နေကြပြီ
နေလကြယ်များ၊ ဖူးငုံကြရာ
ကောင်းကင်ပြာကြီး ပေတကား။
ငါဖွဲ့ရာသီ
ပုံချပ်လွှာတို့၊ နေရာများပင်
တပိုင်းကအပြာ၊ အမှောင်သစ်လင်း
ဝင်းလိုက်မိုက်လိုက်၊ မှိုင်းလိုက်နုလိုက်
သမိုင်းဟူသည်၊ ပန်းချီဆေးစက်
ဘ၀ဟူသည်၊ အရောင်ပြိုးပြက်
အတ္တပုံတူ ရုပ်ပုံလွှာ။
ဧရာဝတီ
ဒုတ္ထ၀တီ၊ သလ္လာဝတီ
အာရေဗျမှာ၊ ဥရောပမှာ
သုနပရန္တ၊ တပ္ပ၀တီ
ပစိဖိတ်နှင့်၊ ဗော်လဂါမှာ
ဘောက်တူလှေမှာ၊ သံလမ်းပေါ်မှာ
ရေလှိုင်းပေါ်မှာ၊ တိမ်တိုက်ပေါ်မှာ
ငါလျှင်သွားလာ၊ ခံစားရာကား
သည်ကောင်းကင်များ၊ ဤမြေကြီးပါဘဲ
သည်မှာနီဝါ သည်မှာကြယ်ပွင့်
သည်မှာလမြ၊ သည်မှာပန်းပွင့်
မွှေးမြအရောင်၊ နှင်းကျသံ။
ကောင်းကင်မြပြာ
ကြယ်တွေကြွေကျ၊ သစ်ကိုင်းကျိုးကျ
တဖြတ်ဖြတ်လျှင်၊ ဘ၀လျှပ်ကြောင်း
ရေးမှတ်သူတို့၊ မှောင်လိုက်လင်းလိုက်
ကြယ်တွေဖိတ်လက်
ကမ္ဘာထက်မှာ၊ ငါလျှင်လှုပ်ရှား
သွားလာရင်ခုန်၊ ကြယ်ပွင့်များစွာ
ပြိုးပြက်ရာတွင်၊ ကြယ်ပွင့်များစွာရှိကြရာ။
ရုပ်ရှင်တေးကဗျာ၊ ဖေဖော်ဝါရီလထုတ် အတွဲ(၂၄)၊ အမှတ် (၂)
Posted by
ကိုဈာန်
at
11:51 PM
0
comments
Labels: ကဗျာ
ဆွံ့အသူ
ခင်မေနှင်း
တိတ်ဆိတ်တဲ့ညမှာ
ပန်းရနံ့လေးလို
ခေါင်းအုံးနားကို တိုးတိုးလေးရောက်လာတယ်။
ဖုံးထားတဲ့ ခန်းဆီးစကို
သူလှစ်ဟပေးခဲ့တယ်။
ကောင်းကင်ပြာကြီးကိုခံစားနိုင်အောင်
လမင်းကြီးကိုထွန်းညှိပေးခဲ့တယ်။
ရင်ကိုဖွင့်လိုက်ချင်ရဲ့
ဒါပေမယ့်
ကိုယ့်မှာဆွံ့အသူ။
မနက်လင်းသွားပေမယ့်
အခန်းပြတင်းလေးပွင့်ဟကျန်ခဲ့တယ်။
ပိတောက်ပွင့်သစ် မဂ္ဂဇင်း (အမှတ်-၁၅၊ ဇန်န၀ါရီလ၊ ၂၀၀၇)
Posted by
ကိုဈာန်
at
11:39 PM
0
comments
Labels: ကဗျာ
ငါဟာ မိန်းမ
လင်းလွင်
တယောက်တည်းဆို ငါ ၀တ်လစ်စလစ်နေမယ်
အခုတယောက်တည်းမဟုတ်တော့ ငါ ၀စ်လစ်စလစ်မနေဘူး
အချစ်ကိစ္စကို ငါ့ဘက်က စရမယ်
အခု ငါကမိန်းမဆိုတော့ ငါ စ လို့မရဘူး
ငါဟာ မိန်းမ
ငါဟာ အခူးအဆွတ်ခံဖို့ ပွင့်လာတဲ့ မိန်းမ
ခုနှစ်ရက်သားသမီး ပန်းအိုးတွေအတွက်ဆို
မြန်မြန်ခူးဆွတ်စမ်းပါလို့ မြူဆွယ်နေတဲ့ မိန်းမ
ငါဟာ မိန်းမ
ငါဟာ အသီအကုံးခံဖို့ ကြွေနေတဲ့ မိန်းမ
ခုနှစ်ရက်သားသမီး ဧည့်ခန်းတွေအတွက်ဆို
မြန်မြန်ကောက်ယူစမ်းပါလို့ ဖြားယောင်းနေတဲ့ မိန်းမ
ငါဟာ မိန်းမဆိုတော့ နေချင်သလိုနေလို့မရဘူး
ငါဟာ မိန်းမဆိုတော့ ချစ်ချင်သလို ချစ်လို့မရဘူး
မြုံနေတဲ့ ဝေဒနာတွေနဲ့ ငါဟာ
မြုံနေတဲ့ မိန်းမတော့ မဟုတ်ဘူး
မိန်းမ ငါဟာ ကိုယ်ဝန်ဆောင်ထားတဲ့ မိန်းမ
ငါ့ကိုယ်ဝန်ဟာ အခုလက်ရှိကမ္ဘာနဲ့ ရတာပေါ့
ငါဟာ မိန်းမဆိုတော့ မိခင်ကောင်းတယောက်လည်းဖြစ်ရမယ်
အခုလက်ရှိကမ္ဘာရဲ့ အကျင့်စရိုက်ဆိုးတွေ
ငါမွေးဖွားမယ့် ငါ့ကမ္ဘာလေးမှာ ပါမလာအောင်
ငါမွေးဖွားမယ့် ငါ့ကမ္ဘာလေးကို ငါ ပျိုးထောင်ပေးရမယ်
ငါဟာ မိန်းမ
တရားမျှတမှုကို တန်းဖိုးထားတဲ့
ငါ့ကမ္ဘာလေးကို မွေးဖွားပေးချင်နေတဲ့ မိန်းမ
ငါဟာ မိန်းမ
နိုင်ငံတော်ကိုချစ်တတ်တဲ့
ငါ့ကမ္ဘာလေးကို မွေးဖွားပေးချင်နေတဲ့ မိန်းမ
ငါဟာ မိန်းမ
ငါဟာ ကိုယ်ဝန်သည် မိန်းမ
အခုကတည်းက ကိုယ်ချင်းစာနာမှု အင်္ကျီလေးတွေချုပ်လို့
အခုကတည်းက ယဉ်ကျေးလိမ္မာ ပုံပြင်စာအုပ်လေးတွေ ဖတ်လို့။ ။
ပိတောက်ပွင့်သစ် မဂ္ဂဇင်း (အမှတ်-၁၅၊ ဇန်န၀ါရီလ၊ ၂၀၀၇)
Posted by
ကိုဈာန်
at
11:29 PM
0
comments
Labels: ကဗျာ
Sunday, November 11, 2007
ငါးရောင်ခြယ်
မောင်လွမ်းဏီ
ပြည့်ဝမ်းမီးတောက်
သံဃာလျှောက်သည်
အံ့လောက်ပါသော တို့တိုင်းပြည်၊။
မောင်လွမ်းဏီ
Posted by
ကိုဈာန်
at
12:20 AM
0
comments
Labels: ကဗျာ
ရေတံခွန်
သစ်ကောင်းအိမ်
အမေ့ရဲ့ 
မေတ္တာတရားလို
ချောက်ကမ္ဘားအစွန်းမှာ
လေဟာနယ်ထဲ
ခြေတဖက် နင်းခဲ့တယ် … ။
သစ်ကောင်းအိမ်
(၀၉၊ ၁၁၊ ၂၀၀၇)
Posted by
ကိုဈာန်
at
12:17 AM
0
comments
Labels: ကဗျာ
အိပ်မက်မြစ်
သစ်ကောင်းအိမ်
မြောက်လေရိုင်းတွေက
အထီးကျန် သစ်ကိုင်းတွေကို
အရိုးပြိုင်းပြိုင်း ကျတယ်
စိတ်ထဲ
အဆိပ်တွေ စီးကျလာပြန်ပြီ
မတိတ်သေးတဲ့အတိတ်ကို
တိပ်နဲ့ကပ်ပြီး
မတိတ်သေးတဲ့နှင်းတွေ
ပြိုဆင်းလာနေပြီ
မျက်စိမှိတ်လိုက်တယ်
အဝေးအိမ်ဆီ
မြက်ခင်းပေါ် ဒရွတ်ဆွဲ
သွက်ချာပါဒ ရောဂါသည်လေး
“ခရစ်စ်တီးနားရဲ့ကမ္ဘာ” ပန်းချီကား
ကျနော့ပါးပြင်ပေါ် လိမ့်ဆင်းသွားတယ်
ခင်ဗျားတို့ တမလွန်မှာရော
ပွင့်လင်းရာသီ ရောက်ပါပြီလား
ကျောင်းဆရာ
သွေးကြောထဲ
မြစ်စိမ်းရှင်ရှင်
ပြန်မြင်ချင်လှပြီ
င၀န် …
နှစ်တွေကြမ်းတော့
နှင်းတွေ နွမ်းခဲ့တယ် …
သစ်ကောင်းအိမ် (၀၉၊ နိုဝင်ဘာ၊ ၂၀၀၇)
Posted by
ကိုဈာန်
at
12:15 AM
0
comments
Labels: ကဗျာ
ကျွန်းရွက်များအကြောင်း အောက့်မေ့မှု
သစ်ကောင်းအိမ်
ပြားချပ်သွားတဲ့ ကမ္ဘာကြီးပေါ်က
ဖိနောင့် ပါးနေတဲ့
ပြားချပ်ချပ် ဖိနပ်တရံပေါ် ရပ်ရင်း
ငါ … ဆွေးနေမိရဲ့ ။
မျက်ရစ်မပါတဲ့ အချစ်နဲ့ 
ထူထောင်ခဲ့တဲ့ ခေတ်တခေတ်ဟာ
မင်းဖြစ်ခဲ့ပေါ့
ဂန္ဓာလရာဇ်သွေးနဲ့
ငါ့ သားလေးရေ။
မင်းတို့ လူမျိုးတွေဟာ
လူတော်တွေပါ
လူပေါ်လူဇော် မလုပ်မိစေနဲ့။
မင်းတို့ လူမျိုးတွေဟာ
လူတော်တွေပါ
လူယုတ်မာတွေ မဖြစ်မိစေနဲ့။
မင်းတို့ လူမျိုးတွေဟာ
လူတော်တွေပါ
သူတပါး တိုင်းပြည်ရဲ့  အသွေးအသား
မပြစ်မှားမိစေနဲ့။
သမိုင်းဆိုတာ
သားကြောဖြတ်လို့ ရတဲ့အရာ မဟုတ်ခဲ့
တို့နိုင်ငံရဲ့  “ရွှေဝါရောင် တော်လှန်ရေး”
သွေးနဲ့ လက်ခမောင်းခတ်ခဲ့ပြီ
“ပုရွက်ဆိတ်တွေရဲ့ ဘုံဝါဒ … အဓွန့်ရှည်ပါစေ
ခွေးအတွေရဲ့ ဘုံဝါဒ … ကျဆုံးပါစေ”
တိန့်ရှောင်ဖိန်က
တိန်အန်မင် အရေးအခင်းကို
ရူးချင်ယောင်ဆောင်ခဲ့တယ်။
သစ်ကောင်းအိမ်
(၀၇၊ ၁၁၊ ၂၀၀၇)
Posted by
ကိုဈာန်
at
12:14 AM
0
comments
Labels: ကဗျာ
ဆောင်းသစ်ပင်
သစ်ကောင်းအိမ်
ဆံပင်ရှည် ဖြတ်လိုက်တယ်
ကိုယ်ပေါ်က သစ်ရွက်တွေ
တပင်လုံး လှုပ်ခါချလိုက်တယ်။
ပိတောက်သစ်ပွင့်ဖို့
အမြစ်
မြေမှာ
စွဲတယ် … ။ ။
သစ်ကောင်းအိမ်
(၀၇၊ နိုဝင်ဘာ၊ ၂၀၀၇)
Posted by
ကိုဈာန်
at
12:14 AM
0
comments
Labels: ကဗျာ
ရွှေဝါရောင် စပါးတွေ ရင့်မှည့်နေပြီ ညီမလေး
သစ်ကောင်းအိမ်
ငါတို့ ကိုးကွယ်တဲ့ဆင်းတုကို
ခေါင်းရိုက်ခွဲသူ
ငါတို့ ဦးညွှတ်တဲ့ တရားကို
လှံစွပ်နဲ့ ထိုးသူ
ငါတို့ ၀ပ်တွားတဲ့ ၀တ္တကမြေကို
ကျည်ဆံနဲ့ မီးလောင်တိုက်သွင်းသူ
လမ်းဘေး
တွေ့ရာအုတ်ခဲနဲ့ ငါတို့ ပြန်ထုတယ်
ဒါ … အကြမ်းဖက်မှုလား
ကြမ်းကြမ်း ဖက်ထားကြ
ငါတို့ရွက်တွေကို
ကြမ်းကြမ်း ဖက်ထားကြ
ကြမ်းကြမ်း ဖက်ထားကြ
ငါတို့တက်တွေကို
ကြမ်းကြမ်း ဖက်ထားကြ
ရန်သူကို ရန်သူလို့ မခေါ်နဲ့ဆို
ငယ်ငယ်က ဖတ်ဖူးတဲ့ ကာတွန်းထဲက လူရိုင်းတွေလို
“ယူသန် … ယူသန်..” လို့ အော်မယ်
မစ္စတာ ဘန်ကီမွန်းရေ ….
အသက်ကယ်ဘော မပါတဲ့ ကမ္ဘာကြီးထဲ
ဘီကီနီ မ၀တ်ဘဲ
ရေနစ်နေတဲ့ ခေတ်တစ်ခေတ်ဟာ
ငါတို့ဖြစ်တယ်
မြင်ကွင်းတွေဟာ ဟင်းလင်းပဲ
ဆောင်းဦးပေါက် ကွင်းပြင်မှာတော့
ရွှေဝါရောင် စပါးတွေ
ဝင်းမှည့်နေပြီ ညီမလေး ။ ။
သစ်ကောင်းအိမ်
(၀၄၊ ၁၁၊ ၂၀၀၇)
Posted by
ကိုဈာန်
at
12:13 AM
1 comments
Labels: ကဗျာ
သားပျောက်တေး
သစ်ကောင်းအိမ်
သွေးနဲ့ ရေးမှ ဆေးမှင်ကြောင်
ရင်နဲ့ သွေးခဲ့တယ် ရင်သွေး
အချစ်များစွာနဲ့  ပြစ်မှားမိခဲ့ပါတယ်
ကဗျာနဲ့ ငါ
အဖန်ငါးရာ ငါးကမ္ဘာ
သို့  …
မိစ္ဆာအတွက် ဖိတ်စာ
အ၀ီစိရဲ့အောက်
ငရဲကို နောက်တထပ် တိုးဖို့
ပဉ္စမမျိုးဆက်သွေးနဲ့
ဒီကဗျာကို ငါရေးတယ် ။ ။
သစ်ကောင်းအိမ်
(၃၀၊ ၁၀၊ ၂၀၀၇)
Posted by
ကိုဈာန်
at
12:11 AM
0
comments
Labels: ကဗျာ
စိန်ပန်းပွင့်ချိန်မှ သင်္ကန်းပွင့်ချိန် ညီမလေး
သစ်ကောင်းအိမ်
ဇီဝဇိုးငှက်တကောင်ရဲ့ အန်ဖတ်လို
မေတ္တာတရားမှာလည်း
သွေးစသွေးနတွေနဲ့
သမိုင်းပျို့တယ်
သင်္ကန်းကို မီးလောင်လို့
ခွေးတွေက တခေတ်လုံးဟောင်တယ်
ဟောင်ဖွာ ဟောင်ဖွာတွေနဲ့
မီးမညှိလေနဲ့ ညီမလေး
ရတာ ခဲထားကြတာလည်း
ရခဲခြင်းပါပဲ
နောက်ကျောက ဓားနဲ့
ကျောခိုင်း ရပ်ခဲ့တယ်
အနီးကြီး နီးဖို့
အဝေးကြီး အဝေးကြီး ဝေးခဲ့တယ် ။ ။
သစ်ကောင်းအိမ်
(၃၀၊ ၁၀၊ ၂၀၀၇)
Posted by
ကိုဈာန်
at
12:11 AM
0
comments
Labels: ကဗျာ
ငွေကြာယံ
သစ်ကောင်းအိမ်
သရဏဂုံကို
သရဏဂုံ ပြန်တင်နေရတဲ့ခေတ်
ဒေါင်းသင်္ကန်းတွေနဲ့
သူပုန်အလံကို ဥုံခံကာ လွှင့်ကြ
အစွယ်ဖွေးဖွေး စစ်ခွေးအုပ်ကြား
အောင်ခြင်းကိုးပါး မြတ်တရားနဲ့ 
ဗုဒ္ဓပွင့်တော်မူခဲ့ပြီ … ။
သစ်ကောင်းအိမ်
(၂၅၊ ၁၀၊ ၂၀၀၇)
Posted by
ကိုဈာန်
at
12:09 AM
0
comments
Labels: ကဗျာ
သေစာရှင်စာ
သစ်ကောင်းအိမ်
နိုင်ငံကူးလက်မှတ် မရှိဘူး
ဘ၀ကူးလက်မှတ်တော့ ရှိတယ်
နေ့ကိုစွဲသေပြီး နေ့စွဲဖြစ်ခဲ့
နေ့စွဲလေး တစွဲပါပဲ
သီတင်းကျွတ် လပြည့်ည ကောင်းကင်မှာ
မီးပုံးပျံတွေ မြင်မှ
ဘယ်တုံးကမှ မှိုင်းမ၀ဘူးတဲ့
ကိုယ်နှလုံးသားကိုလည်း သတိတရနဲ့
ပီကာဆို လွှတ်လိုက်တဲ့ ချိုးငှက်
ပီကာဆိုလက်ထဲ ပြန်မရောက်နိုင်ခဲ့
တရား...တရားဆိုလား
ဘုရား...ဘုရားဆိုလား
မျှပြီးတကြရ
ကြားဖူးတယ်
ကြားဖူးတယ်
တရားဆိုတာ
မျှတမှုပဲဆိုလား
ကြားဖူးတယ်
ငါ့ ဘောပင်လေးကိုတော့ ခွေးစာမကျွေးနိုင်ပါ
ဟဲလို.....
၃၁ဘုံခင်ဗျား
ရမ္မက်ကြီးလွန်းလို့
အရင်းအတိုင်း ထိုင်မြည်းနေတာ။ ။
သစ်ကောင်းအိမ်
(၂၅၊ ၁၀၊ ၂၀၀၇)
Posted by
ကိုဈာန်
at
12:09 AM
0
comments
Labels: ကဗျာ
ရွှေဝါရောင် ဥဒါန်း
သစ်ကောင်းအိမ်
သာသနာတော်တောင် သွေးစွန်းခဲ့ရ
ဟောဒီကာလ ဟက်တက်ကြီးထဲ
အလွန်းကိုလည်း တကျွန်းပို့ထားရပေါ့
မောင့် ဂူစတီနာ
မီးသင်္ဂြုံဟ်စက် တလုံးလို
ကိုယ့်ကိုယ်ကို လောင်ကျွမ်းကြ
ပက်ပက်စက်စက် လောင်ကျွမ်းကြ
ဒါ … နှင်းဆီရောင် အလှတရားလား
စုန်းမအိုရဲ့ မြည်တွန် တောက်တီးသံတွေလား
ဒါမှမဟုတ် သွေးနံ့ရတဲ့ ပင်လယ်လား
ငါတို့ ရေနန်းယာဉ်သာ သင်္ဘောကို မမျှော်နဲ့
ငါတို့ ကောင်းဘွိုင်ကြီး ဂျွန်ဝိန်းကို မမျှော်နဲ့
ဝါးလုံးဆွေးကို အလံထောင်လို့
မိစာက ဟားတိုက်ရယ်နေရဲ့
ငါတို့ဖိနပ်သာ ငါတို့သေနတ်ဖြစ်တယ်
သွေးကြွေးဆိုတော့
ဆွေးနွေးဖို့မရှိတော့ပါ ။ ။
သစ်ကောင်းအိမ်
(၁၁၊၁၀၊၂၀၀၇)
Posted by
ကိုဈာန်
at
12:07 AM
0
comments
Labels: ကဗျာ