Friday, March 19, 2010

တန်ခူးမိုးလေ ရင်ကိုချွေတော့

မောင်လွမ်းဏီ

ကိုညိုဒင်တို့ ၃ ယောက် အချုပ်မှာ ၃ လလောက် ဒုက္ခစရိယာကျင့်ပြီး ပြန်ရောက်လာကြသည်။ ကိုညိုဒင်နှင့် ညွန့်မောင်က ရပ်ကွက်တာဝန်ရှိသူတွေကို ဓားနှင့်ချိန်ရွယ် ခြိမ်းခြောက်မှု။ ငပျော့က တရား မ၀င် လိုင်စင်မဲ့ အရက်ချက်လုပ် ရောင်းချမှု။ ငပျော့က ဒဏ်ငွေ ၃၀၀၀ အဆစ် ဆောင်လိုက်ရသေး၏။ အချုပ်ကျနေစဉ် သူတို့ ၃ ယောက်၏ မိသားစုဝင်များက အလျင်းသင့်သလို ထမင်းပို့ ပစ္စည်းပို့ သရေစာပို့ ကြသည်။ တဦးတယောက်ထဲအတွက် ပို့ ကြသည်မဟုတ်။ နည်းသည်များသည်မဟုတ်။ ကောင်းသည် ညံ့သည် မဟုတ်။ ၃ ယောက်စာ လာတွေ့လာပို့ကြသည်။ မိသားစုတွေလို ဘ၀တူတွေမဟုတ်လား။ သာအတူ နာ အတူ။ စံအတူ ခံအတူလို့ ပဲ ဆိုရချေမည်။

ကိုညိုဒင် စိတ်ကပဲ ထင်မြင်နေလို့လားမသိ။ သူတို့ ၃ ယောက်ကို ရုံးထုတ်လာသည့်နေ့က အချုပ် ကားပေါ်ကဆင်းတော့ ရွှေဘကို ကားဘေးမှာ တွေ့ရသည်။ ရွှေဘမှ ဟုတ်ရဲ့လားလို့ ဇဝေဇ၀ါလည်းဖြစ်မိ၏။ ထွားလာလိုက်တဲ့ကောင်။ အလုံးအထည်က ငါးထွေပေါက်ကြီးတကောင်အလား။ သူ ရွှေဘကို ပြုံးပြတော့ ရွှေဘက လက်သီးထောင်ပြသည်။ သူက လက်မပြန်ထောင်ပြလိုက်သည်။ မိလုံးက လက်ဘက်ရည်ထုပ်နှင့် ခေါက်ဆွဲကြော်ထုပ်တွေ လာပေးသည်။ ညွန့် မောင်မိန်းမကလည်း ကွမ်းထုပ်တို့၊ စီးကရက်ဘူးတို့ ကမ်းသည်။ ငပျော့မိန်းမကတော့ စိမ်းစားဥတွေနှင့် ကန်ဇွန်းဥပြုပ်တွေကို အင်ဖက်နှင့် တထုပ်ကြီးထုပ်ယူလာ ရှာသည်။ တရားသူကြီး စီရင်ချက်ချပြီးတော့ အားလုံးရယ်နိုင်ပြုံးကြပြီပေါ့။ ငပျော့ ဆောာင်ရမည့် ဒဏ်ငွေ အတွက် လိုနေသည့် ငွေ ၁၀၀၀ ကို ရပ်ကွက်က လူတွေကပါ နိုင်နင်းသလောက် ၀ိုင်းကူ ထည့်ပေးကြသည်။

သူတို့ အားလုံး အိမ်ပြန်ရောက်ကြတော့ မှောင်စပြုနေပြီ။ ညွန့် မောင်က သူ့ မိန်းမနဲ့ အိမ်ပြန်လိုက်သွားဥိး မယ်ကွာ နောက်နေ့ မှ ငါပြန်လာခဲ့မယ်ပြောဆိုတောင်းပန်တာကို မည်သူမှ လက်မခံကြ။ နေစမ်းပါအုန်းကွာ တအောင့်နေပြန်ပေါ့။ အစောကြီးရှိပါသေးတယ်။ ရုပ်ရှင်ပြီးချိန်လောက်မှ ပြန်ပါ၊ ဟုတ်လား။ ကိုညိုဒင့် မေတ္တာ ရပ်ခံစကားမဆုံးမီ ငပျော့မိန်းမက အရက် ၂ လုံးနှင့် ငါးကြော်တပန်းကန် လာချသည်။ ညွန့် မောင် သူ့ မိန်းမ

မျက်နှာ တချက်လှမ်းကြည့်လိုက်ပြီး ဖန်ခွက်တလုံးဆွဲယူလိုက်ကာ ကိုညိုဒင်ကို အရက်ထည့်ပေးလိုက်သည်။ သံတိုင်ကြားထဲက အိပ်ရာဝင်ညများကို စမြုံ့ ပြန်ရတာ တော်တော်ကောင်းတဲ့ အရသာပဲကွ။ ညွန့် မောင်စကား ကို ငပျော့က ခါးခါးသီးသီး ပြင်းပြင်းထန်ထန် ငြင်းသည်။ ငါ့မိန်းမကို ဘယ်လောက်သတိရတယ်ဆိုတာ မင်း ပြောလိုက်စမ်း။ မင်း၊ မင်းမိန်းမကို မေ့နေလိုက်တာကွာလို့ ပြောပုံလေး လုပ်စမ်းပါအုန်း။ မင်း သိပ်အရသာ ရှိရင်လည်း ဒီတခေါက် မင်းဘာသာမင်း ညောင်းပေတော့။ အရက်တလုံး ကုန်ခါနီး အုန်းခင် အိမ်ပေါ်တက် လာသည်။ ကြက်တကောင်နှင့် အရက် ၂ လုံးက လက်ထဲမှာ တွဲလောင်း။ မိလုံးရော၊ မိလုံးမီးဖိုထဲကထွက်လာ သည်။ ဘာလဲ၊ ဘာလဲတွေ ဖမ်းနေတယ်။ ရော့ နင်တို့ မိန်းမတသိုက် ကြက်ချက်ပေး၊ ဆီပြန်လေးနော် ၊ ငါ့ သူငယ်ချင်းတွေ ကြက်သားဆီပြန်လေး လွမ်းလောက်ကရောပေါ့။ ညွန့် မောင် ထည့်စမ်းပါအုန်းဟ၊ ခုထိ မချရ သေးဘူး။ မင်းတို ဖို့  မြောက်ရွာမှာ ကြက်သွားရှာနေရတာ။ အုန်းခင်က အဖမ်းမခံရဘူး။ ဗွီစီဒီစက်ကိစ္စကို ရဲက စစ်တော့ မိဘမေတ္တာဆိုင်က ကုလားလေးက သက်သေထွက်ပေးသည်။ ပိုက်ဆံအကြေချေပြီး ငှါးသွား ကြတဲ့ အကြောင်း။ သူ့ ဆရာ ပြန်လာတော့ သူက မြောက်ရွာ ခဏ ပြန်နေတာနဲ့ လွဲသွားတဲ့အကြောင်း။ ဆရာ ကတော်လည်း ဆရာနဲ့ အတူ ပါသွားတာမို့ သူမပြောနိုင်ခဲ့ကြောင်းတွေ ထွက်ဆိုတော့ အုန်းခင်က ၃ - ၄ ရက် နဲ့ အိမ်ပြန်ရောက်သွားတယ်။ အောက်စက်ငှါးတာချင်းတူတူ ညွန့် မောင်က ကိုညိုဒင် ဓားဆွဲတဲ့အချိန်မှာ ငါး ထိုးတဲ့ မှိန်းကို ဆွဲလိုက်လို့  ဦးခြုံတို့ က လူကိုသေစေနိုင်တဲ့အရာတွေနှင့် ခြိမ်းခြောက်ပါ တယ် ဆိုပြီး အမှုဆင် ဖမ်းတာ။ ဘာမှ လုပ်မရတော့မှ ရဲက ပြန်လွှတ်ပေးလိုက်တာ။ ဒါတောင် ရဲအုပ်တကောင်က အိမ်ကိုလာပြီး မိလုံးဆီက ၂၀၀၀ တောင်းသွားသေးသတဲ့။ အရက် ၃ လုံးကုန်တော့ တအိမ်လုံးညံစီနေပြီ။ မြနန္ဒာ နေညိုညို ရစ်ခါသန်းတော့ အချုပ်ခန်းမှာလ ညိုဒင် ညိုဒင် ညိုဒင် ညိုဒင် ဆိုပြီး ငပျော့ ကလိုက် တာများ ဖိုးချစ် အရှုံးပေး ရမည်။ ပပ၀င်းခင်တို့ ၊ ချစ်စနိုးဦးတို့ ၊ ချောရတနာတို့ လောက်ကတော့ နံမည်နှင့် လိုက်အောင် ငပျော့တို့ က အပျော့ကွ ဆိုပြီး ခြေထိုးလိုက်တာ ဖြာပေါ်ကို ဟပ်ထိုးလဲကျပါလေရော။ ကံသီလို့  ဖန်ခွက် နှုတ်ခမ်းနဲ့  ဂြိုစောင်း နှင့် မိတ်ဆွေ ဖြစ်မသွားတာလို့ ပြောရမလားပဲ။

× × × × × × ×

သဘက်ခါ၊ အင်း နောင် ၃ ရက်ဆို စင်္က်ြန်ကျပြီပဲ။ အခါရက်မှာ သုံးဖို့ စွဲဖို့  မိလုံးလည်း ငွေလိုမှာပဲ။ ရွှေဘလည်း လည်ချင်ပတ်ချင်မှာပဲလို့  ကိုညိုဒင် တွေတွေငေးငေး စဉ်းစားနေမိသည်။ အိမ်ခေါင်မိုးတွင် ထိုးထားသည့် လှော်တက်မကြီးကို ထဆွဲလိုက်ချင်သလိုဖြစ်သွားသည်။ ဈေးနားက မြင်းလှည်းဂိတ်သွားပြီး တရက်လောက် ကုန်သွားထမ်းရ ကောင်းမလား။ အိမ်အောက် အိမ်ရိပ်မှာ ဖြာတချပ်ခင်းပြီး သရက်သီးပေါက် နေကြသည့် မိလုံးတို့ မိန်းမတသိုက်ကိုကြည့်၍ တောင်ရွာဘက်ကို တခေါက်တကျင်း သွားရင်း သရက်သီး သွား ခူးရရင်ကောင်းမလား။ ဒီလိုရာသီမျိုးမှာ ကိုညိုဒင်တို့  အညာမြေလတ်တခွင်တွင် မိန်းမများက သရက် သီး ပေါက်။ မန်ကျီးသီးထု၊ ဆန်ရွေး ပဲရွေး လုပ်ကြသည့်အချိန်။ သရက်သီးပေါက်သည် ဆိုသည်မှာ သရက် သီးကို ဓားပါးပါးကောင်းကောင်းဖြင့် ထပ်ခနဲ ထပ်ခနဲ ပေါက်ပြီး သရက်မွှာ အမြှင်းလေးများ လုပ်ကြ သည်ကို ပြောကြခြင်းဖြစ်သည်။ အဓိကအကြောင်းက နှစ်လုံးပေါက် သရက်ချဉ် ထည့်ဖို့ ပင်။ သရက်သီးကို နောက် တမျိုး ပုံဖော်လုပ်ကိုင်ကြသေးသည်။ နောက်တနည်းကတော့ ပိုးတီလို့ ခေါ်ကြသည်။ သရက် သီးကို အလုံး မပျက် ဓားထက်ထက်နှင့် ဓားချက်စောင်း၍ တိုင်းတိုင်းဆဆဖြင့် အသီးလိုက် လှီးခြင်းဖြစ်သည်။ သရက်သီး တလုံးလုံး လှီးပြီးပါက သရက်သီးမှာ အသီးပုံ မပျက်သော်လည်း ပိုးတီတကောင်လို ပျော့ပျော့အိအိ တွဲတွဲ ရွဲရွဲလေး ဖြစ်နေသည်။ သရက်သီးများကို လိုအပ်သလို ပေါက်လှီးပြီးပြီဆိုပါက ရာဝင်စဉ့် အိုးကြီးများဖြင့် သရက်ချဉ်ထည့်တော့သည်။ အခါရက်မှာ မပါမပြီးသည့် သရက်ချဉ်။ တနှစ်ပတ်လုံး ရောင်းဖို့ စားဖို့ အတွက် သရက်ချဉ်ပေါက်နှင့် ပိုးတီသရက်ချဉ်မှာ ဒေသရိုးရာအစားအစာဆိုလည်း မမှားချေ။ မိလုံးတို့ က အခါရက် အိမ်စားလေးလုပ်ပြီးပါက သရက်သီး အငှါးပေါက်ကျသည်။ များများစားစား ရသည်တော့မဟုတ်။ တပိသာမှ ၉၀ မျိုး ၁၀၀မျိုး။ သို့ ပေမယ့် နေ့ လည်နေ့ ခင်း အပူဒဏ်ရှောင်ရင်း အိမ်အောက်မြေတလင်းတွင် ဖြာတချပ် ခင်း၍ှ သရက်သီးပေါက်ကျ၊ သို့ မဟုတ် မန်ကျီးသီးထုကျသည်။ မန်ကျီးသီးထုသည်ဆိုသည်မှာလည်း အပင်မှ ပုတ်ချလာသည့် မန်ကျီးမည့်များကို အခွံ အကြောများသင်၊ ပြီး ကျောက်တုံး သို့ မဟုတ်လည်း သစ်တုံးမာမာ ပေါ်တွင် ဒေါင်လိုက် ထုချလိုက်သည့်အခါ မန်ကျီးစေ့လေးများ ထွက်ကျလာပြီး မကျီးသားချည်း ကျန်တော့ သည်။ ယင်းမကျီးသီးမှည့်အချောများကို နှိးပုတ်ကြီးများထဲ ထည့်သိုကာ ရောင်းချသလို အိမ်စားလည်း နှစ် လည်ခံ သိမ်းဆည်းထားကြသည်။

ပဲရွေး ဆန်ရွေးအလုပ်ကလည်း လွယ်သည်တော့မဟုတ်။ အိမ်စား၊ အိမ်ဆွမ်းချက်ဖို့ လောက်က မသိ သာပေမယ့် အခါရက် ၅ ရက်လုံးလုံး လမ်းထိပ်က မဏပ်က လောင်းလှူမယ့် အာရုံဆွမ်းအတွက် စပါးလုံးရွေး ရတာက ခါးချိခမန်း။ ဒီအလုပ်တွေက တန်ခူးမြည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး မရွာမီ ပြီးစီးထားရမည့် ရာသီအလုပ်တွေလေ။ အပူကိုရှောင်ရင်း၊ ကုသိုလ်လည်းရ၊ အပိုငွေကလေးလည်းရ ဆိုသလို လုပ်ကြပေမယ့် လုပ်သားကျင့်နေကြသူတွေချည်းပါ။ အထူးသဖြင့် မိန်းခလေးမှန်ရင် ၉ နှစ်၊ ၁၀ နှစ် အရွယ်တွေကတည်းက လုပ်ရကိုင်ရ အကျွမ်းတ၀င်ရှိကြပြီးသားတွေကိုး။

× × × × × × ×

ကိုညိုဒင် ကုန်ထမ်းက ပြန်ရောက်တော့ နေလုံးပင် ဆည်းဆာရောင် တောက်နေလေပြီ။ မိလုံးကို အိမ် ကပြင်တွင် ပါးကွက်ကြားအဖွေးသားနှင့် ပန်းတွေရေဆေးနေသည်ကိုတွေ့ ရ၏။ သင်္ကြန်အတာအိုး ပြင်နေပုံရ သည်။ ကုန်ထမ်းလို့ ရလာသည့် ငွေထဲမှ ၁၅၀၀ ကို မိလုံးကို ပေးလိုက်သည်။ ရွှေဘရောလို့  မေးမည်အလုပ် သူ့ ရွယ်တူကောင်တွေနှင့် အုန်းလက်တွေ ဒယဥ့်တိုက် ဆွဲသွားသည်ကို တွေ့ လိုက်ရသည်။ လမ်းထိပ်မှာ ရေ ကစားမဏပ် ဆောက်နေကြ ပြီပေါ့။ အော် မနက်ဖန်ဆို သင်္ကြန်ကျတော့မှာပါလား။ ရွှေဘအတွက် ငွေ ၅၀၀ ဖယ်ထားလိုက်သည်။ ငပျော့အိမ်ဘက်မှ ခေတ်ပေါ်သင်္ကြန်သီချင်းများက သူ့ ရင်ကို လာမှန်သည်။ သူတို့  သီချင်းတွေကို ကိုညိုဒင် ကောင်းကောင်းနားမလည်။ ငပျော့ကတော့ သူ့ ဆိုင်ကို အရက်လာသောက်သည့် ကောင်လေးတွေအကြိုက် ဖွင့်ပေးပုံရသည်။ တကယ်တော့ ကိုညိုဒင်တို့ လူသိုက်က သင်္ကြန်မင်းသားကြီး ကိုဇော်ဝမ်းမှ ကိုဇော်ဝမ်း။ နံပါတ်ဝမ်းတစ် ဂဏန်းတစ်။ သိပ်ချစ်ကြကြိုက်ကြသူတွေမဟုတ်လား။ ခနနေတော့ ကိုဇော်ဝမ်းရဲ့  ရွှေမန်းမာလာ သီချင်းကို ကြားရသည်။ ကိုညိုဒင် ပေါင်ကိုပုတ်၍ စည်းလိုက်ရင်း ရွှေမန်းမာလာ သီချင်းကို လိုက်ညည်းနေမိသည်။

မနက်ဝေလီဝေလင်းအချိန်မှာ ငပျော့ နှင့် အုန်းခင်တို့ ၏ သင်္ကြန်ကျပြီဟေ့လို့ သံပြိုင်အော်လိုက်သံ ကြီးက ကိုညိုဒင့်ရင်ထဲမှာ ပိတောက်တွေ အခိုင်လိုက်ပွင့်သွားသလို ခံစားလိုက်ရသည်။ သင်္ကြန်မိုးရနံ့ ။ မြေသင်းနံ့ ။ ပိတောက်ပန်းရနံ့ တွေက ဆင်ခြေဖုံးရပ်ကွက်လေးကို လန်းဆတ်စိုစွတ် မွှေးပျံ့ နေပါပကော။ ပိတောက်တွေ ရွှေရည်လူးတဲ့ အတာရက်ကို ငါဘယ်လောက်ချစ်တယ်ဆိုတာ မိလုံး နင်အသိနော်လို့  လွန်ခဲ့တဲ့ ၁၀ နှစ်တာ ကာလက စကားတွေကို မိလုံး မှတ်မိလေမလားတွေးမိရင်း ကိုညိုဒင့်အပြုံးတချက်က ရွှေရောင်ဝင်းလက်သွားသည်ကို မိလုံး အံ့အံ့သြသြ ကြည့်မိသည့်အခိုက် ပါးပြင်နှစ်ဖက်လုံး နွေးကနဲဖြစ် သွားသည်။



မောင်လွမ်းဏီ

၁၈ -၃- ၂၀၁၀

2 comments:

ဒေါ်လာ said...

စင်္က်ြန်ကျပြီပဲ။ ဆိုတာ ဘာကိုပြောတာလဲ မသိဘူး

YL said...

I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.

Myanmar Online Music: http://www.myanmaronlinemusic.com/

Thanks a lot!

 
/* EOT ----------------------------------------- */