Monday, February 4, 2008

တဘောင်တပုဒ် ကိုခံစားကြည့်မိခြင်း

တပင်တိုင် ခ၀ါချပါလို့
ပွင့်လိုက်တဲ့အသီးတွေ
တွန့်လို့သာကြွေ

အသီးကြွေ ရာသီပြောင်း
သာသနာမောင်း ရှေ့ကဆော်
ဒေါင်းတွေက အော်

ဒေါင်းအော်ရင် မနေသာ
သူလာပါလိမ့်လေး

ခြင်္သေ့မင်း တန်ခိုးကြွယ်
တိုးလို့သာပျက်လိမ့်အုံး
ဂူအောင်းတဲ့ ခင်ကြီးပျော်ရယ်
သမီးတော်ကို လွှတ်လိုက်ပါအုံး။
အယူတော်မင်္ဂလာအမတ်ကြီး။ ဦးနိုး

အယူတော်မင်္ဂလာအမတ်ကြီးဦးနိုး ဘယ်သူလဲ ကျွန်တော်မသိပါ။ အယူတော်မင်္ဂလာအမတ်ဟု ဆိုသည့် ရာထူးပေါ်မှ ထောက်ချင့်ကြည့်ရသော် မြန်မာပဒေသရာဇ်ခေတ် တခေတ်ခေတ်မှ ရှင်ဘုရင်တပါးပါးထံ ခစားခဲ့သည့် နန်းတွင်းအမတ် တပါးပါးတော့ ဖြစ်တန်ကောင်းသည်။ သူ ဘာစာတွေရေးခဲ့သလဲ ကျွန်တ်ေမသိပါ။ သူခစားခဲ့သည့် ဘုရင် မိဖုရားနှင့် ပဒေသရာဇ်တို့ အာဏာတည်မြဲရေးအတွက် သူ ဘယ်လောက် စွမ်းဆောင်ပေးခဲ့ပါသလဲ၊ ဒါလည်း ကျွန်တော် မပြောနိုင်ပါ။ ညံ့သည်ဟုဆိုပါက ဆိုနိုင်ပါသည်။ ကိစ္စမရှိပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် ယခုပြောချင်သည်မှာ ဦးနိုးဆိုသည့် ပုဂ္ဂိုလ်ကြီးအကြောင်း မဟုတ်ဘဲ ထိုပုဂ္ဂိုလ်ကြီး ရေးသားထားခဲ့သည်ဆိုသည့် တဘောင်တပုဒ်အကြောင်း ဖြစ်သောကြောင့်ပင်။


ကျွန်တော် ထိုတဘောင်လေးကို စတင်ဖတ်ခဲ့ဘူးသည်မှာ စာဖတ်စာရေးခွင့်များ လုံးဝပိတ်ပင်ထားသည့် နံရံ ဆူးကြိုး အုတ်ရိုးနောက်မှ အသိဉာဏ်တံခါးတို့ ဆို့ပိတ်ခံနေရချိန်။ ၁၉၉၀ ရွေး ကောက်ပွဲနီးကပ်နေပြီ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရွေးကောက်ပွဲဝင်မည်။ ၀င်လျှင် နိုင်မှာလည်း သေချာနေပြီ။ အပြင်မှာလည်း လှုပ်လှုပ်၊ အထဲမှာလည်း လှုပ်လှုပ်။ တရက် ထောင်ဝင်စာလာတွေ့ သည့် အစ်မကြီးဖြစ်သူက ထောင်ဝင်စာထုတ်အတွင်း ၀ှက်၍ထည့်ယူလာပေးသည့် ပုံနှိပ်စာလုံးနှင့် ထိုတဘောင်လေးကို တွေ့လိုက် ရသည်။ အားလုံးဝေမျှဖတ်ဖြစ်သည်။ သည်ကတည်းက ရေးချင်မိခဲ့သည်။ သို့သော် မရေးဖြစ်ခဲ့။ နောက်တော့ လည်း မေ့မေ့ပျောက်ပျောက် ယခု တကြိမ်ပြန်တွေ့တော့ ရေးခွင့်ကလည်းကြုံသည်။ ဗမာပြည်တွင် ဖြစ်ခဲ့သည့် အဖြစ်အပျက်များနှင့်လည်း တထပ်တည်း ကျနေသယောင် ဖြစ်နေသည်။ အတိတ် နိမိတ် တဘောင် စနည်း စသည်တို့ အပေါ် ကောက်ယူယုံကြည်သူများအတွက် ချိန်ထိုး စဉ်းစားစေချင်သည်။ စသည်တို့ကြောင့် ရေးလိုက်ခြင်းဖြစ်ပါသည်။ သည်တဘောင်ကို မည်သည့်ဖြစ်ရပ်အတွက် မည်သည့်အချိန်တွင် ရေးခဲ့သည် ဆိုသည်ကို ရှင်းလင်းရှာဖွေထုတ်ဖော်ရန်မှာ သုတေသီတို့ အလုပ်သာဖြစ်၍ ကျွန်တော်ကား ဝေမျှ ခံစား လိုယုံသက်သက်။

တဘောင်ဆိုသည်မှာ ကြားဘူးသမျှနှင့် ပြောရလျင် ကဗျာမဟုတ်သည့်အတွက် ခေါင်းစဉ်မရှိပါ၊ ပထမ အပိုဒ်စလျင်စခြင်း တပင်တိုင်ခ၀ါချလို့ ဆိုသည်ကို ကျွန်တော်က သည်လိုထင်မိတွေးမိ၏။ ဘုရင့်သမီးတော်၊ ကြင်ဖက် မရှိသေး၊ အစ်ကိုတော် မောင်တော်တွေတော့ ရှိချင်ရှိမည်။ ထိုသမီးတော်လေး အရာချခံရသည်ကို ခ၀ါချ ခံရသည်နှင့် တင်စားလိုက်ဟန်များလား။ ဗမာစကားမှာ ခ၀ါချသည်ကို လျှော်ဖွပ်လိုက်ခြင်း တနည်း ပြောင်းလဲပစ်လိုက်ခြင်းလည်း မည်၏။ ပွင့်လိုက်တဲ့အသီးတွေ တွန့်လို့သာကြွေ ခ၀ါချခံလိုက်ရသော်လည်း အသီးအပွင့် ဝေေ၀ဆာဆာနှင့်၊ သို့သော် ထိုအသီး အပွင့်တို့ကား ရင့်မှည့် ပင်မှည့်တို့လို တင်းတင်းပြောင်ပြောင် အရောင် ထည်ထည်တော့ ဖြစ်ခွင့်ရဟန်မရှိခဲ့။ တတွန့်တွန့်တ ပိန်ပိန် တလိန်လိန်နှင့်ကြွေကြ ခဲ့ရဟန်။

ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကို အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်၍ဂုဏ်သိန် တိုးပေး လိုက်ဟန် ရှိသော်လည်း လက်တွေ့တွင်မူ ထိုလုပ်ဟန်မှာ ကျန်ရှိနေသေးသည့် ဗိုလ်ချုပ်မျိုးဆက်ကို ပြည်တွင်းနိုင်ငံရေးနှင့် ဝေးကွာသွားပြီး လူထုမြင်ကွင်းမှ ပျောက်ကွယ်သွားအောင် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်မှာ လူမမယ်သာသာ၊ အကယ်၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကို ရှင်ဘုရင်တပါးသဖွယ် သတ်မှတ်မည်ဆိုလျင် ဒေါ်အောင်ဆန်းစုကြည်မှာ တပင်တိုင် သမီးတော် လေးသာ ဖြစ်ရပေမည်၊ ထိုတပင်တိုင်သမီးတော်လေးကို အရာချလိုက်သော်လည်း ဉာဏ်ပညာ ဗဟုသုတ နိုင်ငံတကာအတွေ့အကြုံ စသည့် အသီးပွင့်များနှင့် ပြည့်စုံကုံလုံသူအဖြစ် ဖြစ်ခွင့်ပေးလိုက်သည့်နှယ်။ ထိုအသီးအပွင့်တို့ ဝေဆာပင် ဝေဆာငြားလည်း ကိုယ့်တိုင်းပြည်အတွက် အသုံးချနိုင်ခွင့်မရသည်ကို တွန့်ကြွေ သစ်သီးများနှင့် နှိုင်းယှဉ်ကြည့်မိသည်။

အသီးကြွေရာသီပြောင်း ယင်း ဉာဏ်ပညာ ဗဟုသုတ နိုင်ငံတကာအတွေ့အကြုံ တွန့်ကြွေသစ်သီးတို့ကား အမိမြေပေါ်သို့ ချွေခြလိုက်ပေပြီ။ ရာသီအပြောင်းလဲကလည်း ဖြစ်တော့မည်။ ကျွန်တော်တို့ ဆိုလေ့ရှိကြသည်၊ ဒီရာသီကတော့ ယပ်တောင်တွေ၊လေအေးစက်တွေ၊ ပန်ကာတွေ ရောင်းကောင်းမယ့်ရာသီဘဲ။ ဒီရာသီကတော့ ထီးတွေ၊ မိုးကာတွေ၊ နှာစေးချောင်းဆိုးပျောက်ဆေးတွေ ရောင်းကောင်းမယ့်ရာသီဘဲ၊ ဒီရာသီကတော့ အနွေးထည်တွေ၊စောင်တွေ အရောင်းသွက်မယ့်ရာသီဘဲ ဟုဆိုလိုက်လျင် နွေမိုးဆောင်းဆိုသည့် ဥတုရာသီကို ဆိုလိုကြောင်း လူတိုင်းအသိပင်ဖြစ်သည်။ ထို့ အတူ နိုင်ငံရေးလောကတွင်လည်း နိုင်ငံရေးရာသီ ဆိုသည့်ဝေါဟာရလည်း ရှိသည်။ ၁၉၈၈ ခုနှစ်တွင် မဆလ တစ်ပါတီအာဏာရှင်စနစ်နေရာတွင် ပါတီစုံဒီမိုကရေစီစနစ်နှင့် အစားထိုးရန် လူထုအုံကြွမှုကြီးများ ဖြစ်ခဲ့ခြင်းသည် စနစ်တစ်ခုမှ စနစ်တစ်ခုသို့ ပြောင်းလဲရန် နိုင်ငံရေးရာသီပြောင်းလဲရန် တာစူနေချိန်ပင်ဖြစ်သည်။ သာသနာမောင်းရှေ့ကဆော် ဗမာ့ဆိုရိုးစကားတွင် ဆော် ဆိုသည့်စကားအနက်မှာ နှိုးဆော်သည်၊ ဆော်သြသည်၊ ဦးဆောင်ဦးညွက်ပြုသည် စသည့်သဘော။ ရွာဆော်၊ စည်ဆော် စသည့်စကားလုံးတို့နှင့် ဆက်စပ်စဉ်းစား ကြည့်ပါ။ သံဃာတော်တို့ကား သာသနာကိုယ်စားပြု ပုဂ္ဂိုလ်များတည်း။ သံဃာတော်တို့ရှေ့ဆောင်ကာ နှိုးဆော်ကြလေပြီ။ သာသနာမောင်း ဆော်သံကား ဘ၀ဂ်သို့ ညံလေပြီ။

ဒေါင်းတွေကအော် မင်းတုန်းမင်းကြီး၏ တံဆိပ်တော်ကား ကနေဟန် ကဒေါင်းဖြစ်သကဲ့သို့ပင် ကျောင်းသားထု (အထူးသဖြင့် ကျောင်းသားလူငယ်များ)၏ ကိုယ်စားပြု အမှတ်သင်္ကေတမှာ ခွပ်ဒေါင်း၊ အားမန်ပါပါ ရှေ့သို့တက်လှမ်း ခွပ်နေဟန်ခွပ်ဒေါင်း။ သံဃာတော်များ၏ မောင်းဆော်သံနှင့် ကျောင်းသား လူငယ်များ၏ ဒေါင်းအော်သံတို့ကား ပြည်လုံးအနှံ့ပြန့် လေပြီ။
ဒေါင်းအော်ရင် မနေသာ၊ သူလာ ပါလိမ့်လေး၊ ဒေါင်းအော်သံနှင့်မောင်းဆော်သံတို့ အား သူ ဥပက္ခာမပြုနိုင်တော့။ သူ့မှာ နေနိုင်အားမရှိတော့။ နေနိုင် စွမ်းငှာ မတတ်သာတော့။ သူ လာခဲ့ပြီ။ သူ ချစ်သော ပြည်သူများနှင့် လက်တွဲကာ တိုက်ပွဲ မျက်နှာစာဆီသို့ ။
န၀တ စစ်အစိုးရ နိုင်ငံ့အာဏာကို တရားမ၀င် သိမ်းပိုက်လိုက်ပြီးချိန်မှစကာ နိုင်ငံ့ငွေကြေးများပေါ်မှ ဗိုလ်ချုပ်အောင်ဆန်း ပုံများကို ဖျက်သိမ်း၍ ထိုနေရာတွင် ခြင်္သေ့ရုပ်နှင့် အစားထိုးလိုက်သည်။ ဗိုလ်ချုပ်နှင့်ပတ်သက်၍ အရာရာကို လက်စတုံး ဖျောက်ဖျက်ပြစ်ရန် ရည်ညွယ် လုပ်ဆောင်လာခဲ့သည်မှာလည်း ငြင်းကွယ်၍ မရနိုင်သည့် အချက်ဖြစ်သည်ကို လူတိုင်းအသိပင်။ သူတို့ အာဏာ ထူထောင်ရေး၊ ခိုင်မာရေးအတွက် အသုံးချရန်ဖွဲ့စည်းထားရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၏ သင်္ကေတမှာလည်း ခြင်္သေ့ရုပ်။ မြန်မာပြည်မှ နံမည်ကျော် ကဗျာဆရာတဦးက သူတို့အား လက်မ တထောင်ထောင်နဲ့ ခြင်္သေ့ယောင်ဆောင် နေတဲ့ တိမ်တိုက်တွေ ဟု လှပစွာဖွဲ့ပြခဲ့ဘူး သည်ကို အမှတ်ရမိသည်။

ခြင်္သေ့မင်းတန်ခိုးကြွယ် တိုးလို့ သာပျက်လိမ့်အုံး၊ သူတို့လက်ဝယ် အာဏာရှိနေစဉ် သူတို့ ကြီးပွါးကြ၊ တန်ခိုးထွားကြ၊ ဘုန်းမီးနေလတောက်ပကြသော်လည်း တိုင်းပြည်နှင့်ပြည်သူတို့ဘ၀ကား တိုးသထက် တိုးတက်၍သာ ပျက်ခဲ့ကြရ။ ဖွပ်သထက်သာ ညစ်ခဲ့ကြရ။ သူတို့လက်ဝယ် တိုင်းပြည်အာဏာကြာကြာမြဲလေ တိုင်းပြည်အတွက် အပျက်တို့ ပိုပိုတိုးလေ၊ ရေစိမ်းမြေစိမ်းများတွင် ခေတ်သစ်ကျေးကျွန်များသဖွယ် တ၀မ်းတခါးအတွက် အောက်ကျနောက်ကျ အလုပ်မျိုးစုံ လုပ်ကိုင်ကြရင်း ရင်းစားများစွာပေးဆပ်နေရသည့် ရင်နာဖွယ် အဖြစ်ဆိုးတို့ လည်း အနမတဂ္ဂ။ တိုင်းပြည်ကို ဖျက်ရင်းဖျက်ရင်း သူတို့ အတွင်းပိုင်းတွင်လည်း အပျက်သို့ သာ တိုး၍တိုး၍သွားနေသည်ကိုတွေ့ ရပေမည်။

ဂူအောင်းတဲ့ ခင်ကြီးပျော်ရယ်၊ သမီးတော်ကို လွှတ်လိုက်ပါအုံး သည်နောက်ဆုံး အပိုဒ်မှ ဂူအောင်းတဲ့ခင်ကြီးပျော်ဆိုသည့် ဝေါဟာရကို ကျွန်တော် ဉာဏ်မီသလောက်စဉ်းစားကြည့်သည်။ ဟိုယခင် ကာလများဆီက ဗုဒ္ဓဘာသာဝင် ထေကြီးဝါကြီးရဟန်းတော်များအား ခင်ကြီးဟု ခေါ်ဝေါ်ကြသည်ကို မှတ်သား မိဘူး၏။ သို့သော် ထိုရဟန်းတော်ကြီးများမှာ ကာယာနုပသနာ၊ စိတ္တာနုပသနာ၊ ဗုဒ္ဓာနုပသနာ၊ ဓမ္မာနုပသနာတို့ ကိုလည်း ကျင့်ကြံအားထုတ်ရင်း ထွက်ရပ်ပေါက်ကိစ္စများ တန်ခိုးပြာဋ္ဋိဟာ အရှိန်အစော်ကြီးကြီးမားမား ရရှိရေးများကိုပါ တပြိုင်တည်း အားထုတ်သူများဟု မှတ်သားခဲ့ဘူး၏။ ဦးပြည်းတုံးကာ ဖန်ရည်ဆိုးသင်္ကန်းနှင့် ထွက်ရပ်ပေါက် ကိစ္စများ၊ ရွှေဖြစ် ငွေဖြစ်ကိစ္စများလုပ်သည့် ပုဂ္ဂိုလ်ထူးကြီးများကို ယင်းသို့ခေါ်ဆိုသော်လည်း ဦးပြည်းလည်းမတုံး သင်္ကန်းလည်းမ၀တ်သည့်၊ သို့သော် အထက်ပါကိစ္စများ လုပ်သည့်ပုဂ္ဂိုလ်များကိုမူ အခြားသော ဝေါဟာရဖြင့်ခေါ်ဆိုကြောင်း မှတ်မိဘူး၏။ (ထိုနေရာတွင် ကျွန်တော် အမှတ်မှားခဲ့ဟုဆိုပါက တတ်ပွန်နားလည်သူများက ထောက်ပြဝေဘန် ပေးကြပါခင်ဗျား) ထိုသို့သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့ မှာ လူသူတို့နှင့် ဝေးရာအရပ် တော တောင် ဂူ ကျောင်း သင်္ခန်းတို့ သာ မွေ့လျော်တတ်ကြသည်။ ဆိုလိုသည်မှာ လူတို့၏ အရေးအရာကိစ္စများနှင့် ကင်းကွာကာ နေလျက်ရှိကြကုန်သည့် ပုဂ္ဂိုလ်မြတ်ကြီးများအား လူတို့၏ အရေးအရာများအား မျက်ကွယ်ပြုနေတော်မမူကြဘဲ ပါဝင်ဆောင်ရွက်ပေးကြပါရန် တောင်းပန် တိုက်တွန်းဟန် အဖွဲ့အနွဲ့ဟု ထင်မိသည်။

ခေတ်အဆက်ဆက်တွင် အချို့အချို့သော တိုင်း နိုင်ငံကြီးတို့သည် မိမိတို့တိုင်းပြည်အတွက် အကျိုးစီးပွါး ရှိနေသရွေ့ သို့မဟုတ် မိမိတို့တိုင်း ပြည်၏ အကျိုးစီးပွါးကို မထိပါးသရွေ့ မည်သူက မည်သူ့ကို ဘာလုပ်လုပ် ကိုယ်နှင့် မဆိုင်သလို နေနိုင်တတ်အားကြသည်။ ထိုထိုသော တိုင်းနိုင်ကြီးတို့အား ဂူအောင်းသည့် ခင်ကြီးပျော်နှင့် ခိုင်းနှိုင်းလိုက်သည်ဟု ထင်မှတ်မိပြီး တိုင်းပြည်အား ကယ်ဆယ်ဆောင်ထုတ်မည့် သမီးတော် (လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်)အား နိုင်ငံတကာ အ၀န်းအ၀ိုင်းမှ ၀ိုင်းဝန်းထောက်ခံပေးကြရန် တောင်းဆိုလိုက်သည့်နှယ် ကျွန်တော့် စိတ်ဝယ် မှတ်ထင် နေမိတော့သည်။

မျိုးမြင့်ချို


No comments:

 
/* EOT ----------------------------------------- */