Friday, March 19, 2010

မိုးတွင်းပြဇာတ်

မောင်လွမ်းဏီ

သူ့ ဘာသာ အေးချမ်းချင်ယောင်ဆောင်နေသည့် လောကကြီးကို ကျုပ် ပြင်းပြင်းထန်ထန် ဝေဖန်ပစ်လိုက်သည်။ ဆဲရေးတိုင်းထွာတော့ ဘယ်လုပ်မလဲဗျာ။ လောကကြီးကို အားအားရှိ မေတ္တာပို့ နေသည့် ကြောင်သူတော်တွေကို အငေါ်တူးတာပါ။ အဲလိုလူကြောင်တွေက တရားကျဖို့ လည်း ကောင်းသလို ရယ်ဖို့ လည်း အကောင်းသား။

ကျုပ်က လောကကြီး မတရားဘူးလို့  အောင်ဟစ် မြည်တွန် ပြောမိတာလေးကို “လောကကြီးက မင်းကို ဘာလုပ်နေလို့  စွပ်စွပ်စွဲစွဲ ပြောနေရတာလည်း ညိုဒင်”တဲ့။ လမ်းထိပ် ဓမ္မာရုံဘေးမှာနေသည့် ဦးခြုံက ကျုပ်တို့ ဝိုင်း ဘေး ရပ်ပြီး အနိုင်ကျင့် ဗိုလ်ကျစကားဝင်ပြောတာပါ။ လောကကြီးက သူ့ တရားသူ ရှိတယ်တဲ့။ မင်းက တရားကို မမြင်စွမ်းသူ။ အငံ့တဲ့။ အငုံတဲ့။ ကျုပ်ကလည်း ကျုပ် ဘာလုပ်နေလို့ လဲ။ ငံ့ရ ငုံရ ထုံတာလဲလို့  ဦးခြုံကို ပြန်မေးတော့ “မင်းက တရားမရှိတဲ့ ကောင်” လို့  ဦးခြုံက ပြောသည်။ နေ့ ခင်းကြောင်တောင် ထိုင်သောက်နေကြသည့် ကျုပ်တို့ ၀ိုင်းကို ဦးခြုံက လမ်းကြုံ ၀င်ရပ်ရင်း သြ၀ါဒ၀င်ချွေတာလေ။ ဦးခြုံက အရက်သေစာ မသောက်သလို သတ်သတ်လွတ် တောင် စားသေး။ သူ့  သတ်သတ်လွတ်က သတ်သတ်လွတ်သမားချင်းတောင် ယှဉ်လို့ ရသတဲ့။ ကြက်ဥနဲ့ အသီး အရွက် စားလို့ ရသတဲ့။ သူပြောတာ ဟုတ်မဟုတ်တော့  မသိဘူး၊ ဇာတ်မင်းသားလေး သိန်းဇော်စားသည့် သတ်သတ် လွတ်က သူစားသည့် သတ်သတ်လွတ်မျိုးပဲတဲ့။ ကျုပ်ကလည်း ဘာများထူးလဲလို့မေးတော့ ကျိုက်ထီးစောင်းဆရာတော်ဘုရားကြီး မိန့်မှာခဲ့တာတဲ့။ မင်းက တံငါဆိုတော့ အကုသိုလ်ကောင်ကို တရားပြလည်း ကျွဲပါးစောင်းတီးပဲ ဖြစ် နေမှာပေါ့လေတဲ့။ အမြည်းမပါရင် မသောက်တတ်တဲ့ ညွန့် မောင်က ဦးခြုံကို မေးငေါ့ပြီး သူခွက်ကို ခပ်သွက်သွက် မော့ချလိုက်သည်။

ဦးခြုံတို့ လူသိုက်က ရပ်ကွက်ထဲမှာ အာဏာပိုင်မဟုတ်ပေမယ့် သာသနာပိုင်လိုလို ဘာသာပိုင်လိုလို ဂိုက်ဖမ်း ထားကြ၏။ ၀တ်ရွတ်အသင်းလိုလို သူတော်စဉ်ဂိုဏ်းလိုလို အိမ်ဦးခန်းထိုင်သမားဆရာတွေလိုလိုလည်း အိုက်တင် တွေက ထုတ်သေးသည်။ ရွှေစာလုံးနဲ့ သားရေဖုံး အခန့် စားတွေ။ ဂိုဏ်းယူနီဖောင်းက ရိုးသည်။ တုတ်ကောက် တချောင်းရယ်၊ ပုတီးတကုံးရယ်၊ မာဖလာတထည်ရယ်၊ ရောင်ကွဲဆင်တူ ခပ်ဖြူဖြူဆို အဖွဲ့ ဝင်လို့ ရသည်ဆိုတာမျိုး။ သို့ ပေမယ့် နောက်လာသည့် မောင်ပုလဲ ဒိုင်းဝန်ထက်ကဲတော့ လုပ်မရဘူး။ နောက်မှပေါက်သည့် ရွှေကြာပင်က ဟိုဒင်း လုပ်လို့ မရဘူး။ သူတို့ ချင်းနားလည်မှုနှင့် ရာထူးဌာန္တရ တွေ၊ တာဝန်တွေ အပ်နှင်းထားကြတာ။ အစိုးရ အာဏာပိုင်တွေနှင့် ဆက်ဆံရမှာဆို ဘယ်သူ။ ဓမ္မာရုံမှာဆို ဘယ်သူ။ ဘုန်းကြီးကျောင်းမှာဆို ဘယ်သူ။ မင်္ဂလာ ဆောင်ဆို ဘယ်သူ။ အသုဘဆို ဘယ်သူ။ ကုန်ကုန်ပြောမယ် ရပ်ကွက်ထဲမှာ အမှုအခင်းဖြစ်ရင် ဘယ်သူ သက်သေ လိုက်ရမယ် ဆိုသည့် ရပ်ကွက်ထဲက လူတိုင်းမသိနိုင်သော သတ်မှတ်ချက်တွေရှိသည်။ ဒါကိုပဲ ကိုညိုဒင်တို့ လူသိုက် ကလည်း ကြည့်လို့ ကို မရကြတာ။ ဦးခြုံတို့ ဂိုဏ်းဝင်တွေထဲက ဦးကံထွန်းဆိုတာ ရပ်ရေးရွာရေးဆို မဏပ်တိုင်ထိပ်မှာ ခေါင်း ပေါင်းစ တလူလူနှင့် ထီးမွေနန်းမွေ ရထားသည့်ပုံမျိုး။ ငပျော့က ဦးခြုံနှင့် လမ်းမှာကြုံရင် ပေစောင်းစောင်း ကြည့်ပြီး ဦးခြုံ လွန်သွားမှ “အရေခြုံတွေ၊ ၀ါဂွမ်းကို ဆေးဆိုးခြုံထားသူတွေ နံမည်နဲ့ လည်း လိုက်ပါ့ပေ့”လို့ ရိသည်။ အုန်းခင်ကတော့ “အနေ မလုံလို့  အရေခြုံတာပေါ့ကွ”လို့ မကြားတကြားပြောရင် ဦးခြုံက မသိသလို မာဖလာလေး လည်ကို ပြင်ပြင် ပတ်ပြီး ခပ်သွက်သွက် လှမ်းသွားပါလေရော။ ကိုညိုဒင်တို့  လူသိုက်ရဲ့  ဟားတိုက်ရယ်မာသံတွေက ငွေတိုးချေးစားသည့် ဦးဘိုးလှ၏ တိုက်ခေါင်မိုးပေါ်ကို လောက်စာလုံးအတွဲလိုက် ပစ်ကျဲလိုက်သလို မိုးပြိုလျှံကျ လာတော့သည်။ ဦးဘိုးလှကလည်း ဦးခြုံတို့ ကို တခါတလေ လူမသိသူမသိ ဆည်းကပ်သည်၊ ဘာကြောင့်တော့ မသိဘူး။ ကိုညိုဒင်တို့  လူသိုက် နဲ့  ပက်ပင်းတိုးရင်တော့ ဦးခြုံတို့ နှင့် မပတ်သက်ဘူးဆိုသည့် အဆင်နှင့် ခပ်ကင်းကင်း ခပ်ခွာခွာ ခပ်ရှောင် ရှောင်။ ကိုညိုဒင်ကို ပြုံးပြနေလိုက်တာများ အမွေပေးတော့မယောင် အမြဲ ပုံဖမ်းထားတဲ့ ဒွေးလေးဘမောင် မျက်ခွက်မျိုးကြီး။

x x x x x x x

ကိုညိုဒင်တို့  လူသိုက်က ဒီရာသီမျိုးမှာမှ ပြန်ဆုံကြတာလေ။ မိုးဦးလေဦးကျချိန်ဆိုပါတော့။ မိုးကျတော့ မြို့  ဆင်ခြေဖုံးရပ်ကွက်၏ အစွန်အဖျားမှာရှိသည့် သုံးပင်တထပ် ၀ါးထရံအိမ်ကလေးတွေဆီ ပြန်လာနေထိုင်ကြသူတွေ။ မြစ်ထဲက လူကလည်း တမိုးခိုဖို့  ပြန်ရောက်လာ။ နေရင်းစွဲသူတွေကလည်း အားတက်သရော။ တခြားရပ်ကွက်မှာ နေကြပေမယ့် ဒီကိုပဲ မွေ့ ပျော်နေတဲ့ အပေါင်းအသင်း ရောင်းရင်းတွေကလည်း တရုန်းရုန်း။ ညွန့် မောင်ဆို သူ့ အိမ်

နှင့် ကိုညိုဒင်တို့ အိမ်စုက တောင်ဖျား မြောက်ဖျား၊ သူ့ အိမ်ကို လူကြုံအမှာစကားပါးပြီး ပျော်သလို နေနေတာ။ အိမ်တွေကလည်း အိမ်စုတွေလို့ ပြောရမလားပဲ။ ကျူးကျော်ရပ်ကွက်သာသာ။ ဘေးချင်းကပ် ကျောချင်းကပ်။ အလုပ် အကိုင်တွေကလည်း ဂုဏ်ရှိစွ ဆောင်ပုဒ်နဲ့ ညီညွတ်ပါသည်။ ကိုညိုဒင်က ရာသီချိန်ကျဘမ်း။ ငပျော့ကပင်ရင်းအလုပ်။ အုန်းခင်က အိမ်သာကျင်းတူး။ ညွန့် မောင်က ထင်းခွဲ နွားစာစင်း။ အလုပ်လုပ်သူချင်းတောင်မှ ရပ်ကွက်ကောင်စီရုံး မှာ သန့် ရှင်းရေးလုပ်သည့် အေးမောင်က သြဇာအရှိဆုံးနှင့် ဂုဏ်ရှိန်မြင့်နိုင်သူ။ သူက အစိုးရအ၀န်းအ၀ိုင်းကလူ။ စာလေး ရေးတတ်ဖတ်တတ်သူ။ ဥပဒေတွေ ဘာတွေကို ရွတ်ရွတ်ပြသည်။ သို့ ပေမယ့် သူ့ ကို ညနေစောင်းရင် ကောင်စီစာရေးကြီးနှင့် သူ့ တပည့်တွေအတွက် အရက်ဖြူနှင့် ကောင်းဟိန် ခေါက်ဆွဲကျော် ၀ယ်ဝယ်ပေးနေတာကိုပဲ မြင်ရမည်။ တနေ့  မြို့ အနောက်ဘက်က ပန်းရံဆရာတွေ ဖဲလာရိုက်ကြသည်။ မိုးကလေးကစွေစွေ၊ တောလေးရှရှ၊ ဖဲကထ ဂဇော်က ကြွနှင့် ဇယ်ဆက်နေလိုက်ကြတာ ငပျော့ အရက်ဖိုမှာ ရေရောချိန် မရဘူး။ ငပျော့ကလည်း ဘယ်ခေ မှာလဲ။ အရေးပေါ် အရောင်းဈေးမြှင့်လိုက်တာပေါ့။ “ထန်းလျက်ဈေးကလည်း မိုးတွင်းဆို တက်ပြီ အုန်းခင်ရာ” တဲ့။ ကိုညိုဒင် တို့ လူသိုက် ဖဲနိုင်လိုက်တာ ၀က်ဝက်ကွဲ။ ငပျော့လည်း အတော်စီသွားသည်။ အုန်းခင်က ကိုညိုဒင့်နောက် က ဘေးထိုး။ သူ့ လွယ်အိပ်ကို တောင်းကြည့်တာတောင်အထိမခံတော့ဘူး။ အပေါင်းအသင်းဟောင်းတွေ ဖြစ်လို့  ပန်းရံဆရာတွေကို အရက်တလုံးနှင့် မြင်းလှည်းခပါ ကိုညိုဒင် မိတ်မပျက် ပြန်မျှလိုက်သေး၏။ “ဟေ့ကောင် ညွန့်  မောင်၊ မိဘကျေးဇူး အသံချဲ့ စက်ဆိုင်က ကာရာအိုကေစက် နဲ့  အပေါ်စက် သွားငှါးကွာ။ အုန်းခင်ခေါ်သွား။ တချီတမောင်းလောက် ဟဲလိုက်ရအောင်၊ ဘယ်လိုလဲ။ “မီးကရော”။ “ သစ်ခွဲစက်ထောင်ထားတဲ့ ကိုကျော်မြင့်ဆီက မီးစက်ငှါးမယ်ကွာ။ အရင်တခါလိုပေါ့”။ နောက်နေ့ မိုးလင်းတော့ ကိုညိုဒင်တို့ အိမ်စုတစုလုံး ပွက်လောညံနေပါ လေရော။ ငါ့ ဇော်ပိုင်ခွေ မတွေ့ ဘူး။ အာဇာနည်အခွေ မင်းညက ဆိုတာလေ။ ဗညားဟန်ခွေ ပျောက်နေပြီ။ စိုးစန္ဒာထွန်းက အုန်းခင်မိန်းမ ယူသွားတာ။ မျက်စောင်းတခဲခဲ ထိုးနေသည့် မိလုံးကို ကိုညိုဒင် မသိဟန်ရှောင်လွဲနေ မိသည်။ ကျန်တဲ့ ငွေ ၂၀၀၀ ကျော်ကို ပစ်ပေးလိုက်မှ စောင့်ကြီးအောင့်ကြီးနှင့် အိမ်ပေါ်က ဆင်းသွားသည်။ “ငပျော့ရေ” လို့ အော်ပြီး ကိုညိုဒင် ကြမ်းပြင်ပေါ် လှဲချလိုက်သည်။ တညလုံး ဆူညံပွက်နေသည့် ကိုညိုဒင်တို့ အိမ်စု ကို ဦးကံထွန်းတို့ လူသိုက် လမ်းဟိုဘက်ကနေ ကြည့်သွားသည်ဟု ညက ညွန့် မောင်ပြောတာကို ပြန်စဉ်းစားနေ မိသည်။

x x x x x x

ထိုနေ့ နေ့ လည်က မိုးမရွာသေး၊ အုံ့ အုံ့ ဆိုင်းဆိုင်း။ မှိုင်းမှိုင်းညို့ ညို့ ။ ဒီအချိုးမျိုးက ကိုညိုဒင်တို့ လူသိုက်ကို မြူဆွယ်နေဟန်။ ကိုညိုဒင် ထင်းခွဲဓားမကို သွေးနေသည့် ရွှေဘကို တချက်ကြည့်ပြီး “မင့်အမေ မိလုံးရော” ။ “ဦးဘိုး လှအိမ် အတိုးသွား ဆပ်မလို့  နင့်အဖေ ပြောလိုက်လို့ မှာသွားတာပဲ”။ “မင်းအမေ ပိုက်ဆံထားခဲ့သေးလား” “ဘုရား စင်နားက ၀ါးလုံးခေါင်းထဲမှာ ထားခဲ့တယ်”။

ကိုညိုဒင် ဘာလုပ်ရရင် ကောင်းမလဲ စဉ်းစားနေမိသည်။ ဈေးဘက်သွားပြီး အလုပ်လေး ဘာလေး သွားရှာရင် ကောင်းမလား။ လှေဆိပ်ဘက်သွားပြီး မြစ်ရေ အခြေအနေ အကဲခတ်ရရင် ကောင်းမလား ချီတုံချတုံ ဖြစ်နေသည်။ ခေါင်းကလည်း နောက်ကျိကျိ။ ညက ငှါးရမ်းထားသည့် ပစ္စည်းတွေ ပြန်ပို့ ဖို့  အုန်းခင်ကို နှိုးနေစဉ် ညွန့် မောင်တို့  အိမ်ထဲဝင်လာ၏။ ညွန့် မောင်နှင့်အတူ ဧည့်သည် ၂ ယောက်လည်း ပါလာသည်။ တယောက်က “ဟေ့ကောင် ညိုဒင် အခြေအနေကောင်းရဲ့ လား” ။ “ ဟာ ဗိသုကာသိန်းဆောင် မင်း ဘယ်ပျောက်နေတာလဲ၊ ၀တ်ကောင်းစားလှနဲ့  ဆိုတော့ ခွင်မိနေတယ်ထင်တယ်”။ သိန်းဆောင်က လက်သမားဆရာ။ ကိုညိုဒင်တို့ က ဗိသုကာသိန်းဆောင်ဆိုပြီး နံမည်ပြောင်ပေးထားသည်။“ မဟုတ်ပါဘူးကွာ၊ ငါ မင်းလှကျင်းဘက် အိမ်သွားဆောက်နေတာ၊ မနှစ်က အိမ် ၂လုံး ရတယ်လေ၊ ခု ပြီးလို့ ပြန်လာတာ၊ မနေ့ က ရောက်တယ်။ ညွန့် မောင်နဲ့ တွေ့ တာနဲ့ မင်းနဲ့ လည်း တွေ့ ရအောင် လိုက်လာတာ၊ ညွန့် မောင် လုပ်ကွာ”။ “ငပျော့ရေ ၂ လုံးဆွဲခဲ့ကွာ”။

သိန်းဆောင်က မင်းလှကျင်းဘက်မှာ ခိုးသစ်တွေ ပေါတဲ့အကြောင်း။ အိမ်တွေများကွာ သစ်လုံးလိုက် ဆောက် ခဲ့တာတွေအကြောင်း။ အရက်ကတော့ ဆရာရေ ရေပေါ်တချက်ထိုးလိုက်တာနဲ့  တပိုင်းရောက်လာပြီဟ ဆိုပြီး တ၀ါး ၀ါး တဟားဟားနှင့် ပွဲကျနေကြသည်။ အိမ်ပေါ်ကို တက်လာသော မိလုံးက ပဲကြီးလှော် တထုပ်ပစ်ပေးတာကို ဖမ်းရင်း သိန်းဆောင်တို့ ထမင်းစားမယ်ကွာ၊ ရှိတာလေး ချက်လိုက်ပါအုန်းလို့  မိလုံးကို ခေါ်ခေါ်ပြောပြောလေး လုပ်လိုက် သည်။ သိန်းဆောင်က မင်းခုထိ မိလုံးကို ချော့ နေရတုန်းပဲလားလို့  အပြုံးနှင့် ခနဲ့ သည်.။

ထိုစဉ် နောက်ဖေးဘက် ငပျော့အိမ်မှ ၀ရုန်းသုံးကား အသံများကြားလိုက်ကြရသည်။ ကိုညိုဒင်တို့ လူစု လည်း ထလိုက်ကြသည့်အခိုက် ရဲသား ၂ယောက်နှင့် ဦးခြုံကို အိမ်ဝတွင်တွေ့ လိုက်ရသည်။ “ဘယ်လိုလဲကွ ဒုစရိုက်သမား တွေ အရက်ဝိုင်းကတော့ အရှိန်ရနေပြီ၊ ဖဲဝိုင်းမစသေးဘူးလား၊ ဟား ဟား ဟား ။ ပိုးမကုန်ပါဘူးကွာ မောင်ခြုံတို့ က စောင်းတတ်ရုံမကဘူး။ ဒုံမင်းပါ ခတ်ပြလိုက်ချင်သေးတယ်”။“ လျှာရှည်မနေနဲ့  ဦးခြုံ၊ ဘာကိစ္စလဲ”။ “ အေး မင်းတို့  အိမ်စုကို ဖမ်းမလို့ ။ အရက်ပုန်း၊ ဖဲဝိုင်း၊ ရပ်ရွာက လူကြီးသူမတွေကို အသရေဖျက်မှု၊ တာဝန်ရှိသူတွေကို အကြည်ညို ပျက်အောင်လုပ်မှု၊ မင်းတို့  ၁၀ နှစ်လောက်တော့ မပင်မပန်း ထောင်ထဲမှာ စားလိုက်အိပ်လိုက် နေပေအုန်းပေါ့ကွာ”။ “ ခင်ဗျား မဟုတ်တာတွေ ကလီကမာ လာလုပ်မနေနဲ့ ၊ ငါးဖယ်ခြစ်သလိုခြစ်ပစ်လိုက်မယ်”။ ငပျော့ကို လက်ပြန်ကြိုး တုတ်ပြီး ခေါ်လာကြသည်။ “ မင်းတို့ ခိုးလာတဲ့ ကာရာအိုကေစက် ဘယ်မှာလဲ”. “ဘယ်ကမှ ခိုးမလာဘူး၊ မိဘမေတ္တာ ဆိုင်က ငှါးလာတာ”။ “ဟိုမှာ ပိုင်ရှင်၊ သူမသိဘူးတဲ့၊ သူ့ ပစ္စည်းပျောက်လို့  ရပ်ကွက်ရုံးကို လာတိုင်တာ”။ “ကျုပ်တို့  သွားငှါးတုန်းက သူမှမရှိတာ သူ့ တပည့် ကုလားလေးဆီက ငှါးလာတာ၊ ဘာခိုးလာရမှာလဲ”။ ညွန့် မောင်နှင့် အုန်းခင် တို့ က စကားကို လုပြောကြသည်။“မင်းတို့ စခန်းကျတော့ရှင်းပေါ့ကွာ”။“ဦးခြုံ ခင်ဗျားမတရားမလုပ်နဲ့ နော်”။ “ငါပြော ပြီးပါပကော၊ ရဲစခန်းမှာ ရှင်း ဟုတ်လား”။ “ဘညို” ရွှေဘအသံကြား၍ နောက်လှည့်ကြည့်လိုက်တော့ ရွှေဘသွေးထား သော ထင်းခွဲဓားမသည့့်။

မောင်လွမ်းဏီ

၂-၃-၂၀၁၀

No comments:

 
/* EOT ----------------------------------------- */