Tuesday, February 23, 2010

သညာမုဆိုး

မောင်လွမ်းဏီ

ကျယ်ပြောရှည်လျားလှစွာ တငြိမ့်ငြိမ့် စီးဆင်းနေသည့် ဧရာမြစ်ပြင်သည် ကိုညိုဒင့်ဘ၀ကို သင်ကြားပြဌာန်းခဲ့ပေသည်။ အမှန်ဆိုရလျှင် ဤမြစ်ကြီးကပဲ ဘ၀သင်္ခန်းစာများကို သင်ကြားပေးခဲ့သည် မဟုတ်ပါ။

သူ သိမှီခဲ့သည့် အဖိုး၊ အဖွား၊ အဖေ၊ အမေ၊ မြစ်ရိုးတလျှောက် ကျင်လည်ကျက်စား ၀မ်းစာရှာခဲ့ကြသည့် ဆွေရင်းမျိုးချာများ၊ သွေးမတော်သားမစပ်သော်ငြား တအူတုံဆင်းပမာ ငါးရှာ ဖါးရှာ ထင်းရှာ ကွင်းရှာ သေတူ ရှင်တွဲများ။ ဧရာမြစ်ကြောင်းကြီးကဲ့သို့  သူ့ ဘ၀က ငြိမ့်ငြိမ့်ငြောင်းငြောင်း ဖြောင့်ဖြောင့်တန်းတန်း အကွေ့ အကောက် ညီညွတ်စွာ မစီးဆင်းနိုင်ခဲ့။ လေးလံနှေးကွေးတိုးတိတ်သော လှော်တက်ခတ်သံများဖြင့် စီးမျောကျင်လည်နေသည့်သူ့ ဘ၀ တလျှောက်လုံးကို ဧရာမြစ်ပြင်က ထမ်းပိုးထားခဲ့ရသည် မဟုတ်လား။

ကျောက်ဆောင်အငူစွန်းမှာထိုင်ရင်း သွယ်တန်းချထားသည့် ငါးတန်းကြိုးနှင့် လှေဝမ်းတွင်းသို့  ကိုညိုဒင် မျက်လုံးတချက် ဝှေ့ ကြည့်လိုက်သည်။ လှေဦးဖျား၌ အိပ်မောကျနေသည့် သားဖြစ်သူ ရွှေဘကတော့ နှစ်နှစ်ချိုက်ချိုက်။ အနောက်ဘက်ကောင်းကင်ကို လှမ်းမျှော်ကြည့်လိုက်၏။ နေစောင်းတော့မည်။ ငါးတန်းရုတ်ပြီး ပြန်ချိန်သင့်ပြီ။

မိန်းမဖြစ်သူမိလုံးလည်း မျှော်လောက်ပြီ။ မနက်ဈေးခင်း ငါးဗန်းနှင့် အရောင်းမထွက်နိုင်လည်း ဟင်းစားလေးရရင် တော်ပါပြီတော် ဆိုတဲ့ အချိုးနှင့်မျက်နှာပေးက မခံချိမခံသာနိုင်လှသည်။ ကိုညိုဒင် ကျောက်ဆောင်အငူပေါ်မှ လှေဝမ်းထဲဆင်းပြီး ငါးတန်းကို ဆ၍ တလံကွာ တလံကွာ ဖြေးဖြေးခြင်း ဆွဲမတင်နေသည်။ ငြိပါလာသောငါးကို တန်းချိတ်မှဖြုတ်၍ လှေဝမ်းထဲသို့ ပစ်ထည့်လိုက်၏။ သားဖြစ်သူရွှေဘက လှေလူးခါ လှုပ်ရမ်းသွား၍လားမသိ၊ ကိုယ်ကိုလွန့် ၍ ထထိုင်သည်။

ငါး ကြီးကြီး ရလား ဘညို”။ ကိုညိုဒင့် အဖြေက ကျယ်လောင် ပြင်းထန်သည်။
“ငါ ထရိုက်လိုက်ရ။”

ကိုညိုဒင့် ဒေါသက အရှိန်မသေ။ လှေကို ခပ်ပြင်းပြင်း လှော်ခတ်လိုက်သည်။ လှိုင်းထသွားသည့် ရေပြင်သည် ကိုညိုဒင့်အသံကြောင့် လှုပ်ခါပွက်ထသွား၏။ “ဟေ့ကောင် ရေပက်ထုတ်စမ်း၊ ဘာ ကြောင်တောင်တောင် လုပ်နေတာလဲ”။ လှေဝမ်းထဲမှ တထွာသာသာ ငါးဇင်ရိုင်း သုံးကောင်နှင့် ငါးမြွေတကောင်က လှေနံရံ၌ ကပ်ခွေနေသည်ကို ကြည့်ပြီး လုံးတင်နှင့် စကားများရအုန်းမှာပဲဟု တွေးတောရင်း ရွှေဘကို မဲမိပြန်သည်။

“ဟေ့ကောင် ကြောင်ချီး ရေပက်ထုတ်ပါဆို အပျော်လှေစီးထွက်လာတယ်မှတ်နေလား”။ ရွှေဘ မကြားဟန်ပြုပြီး ပက်ခွက်ကို သူ့ အဖေ ကိုညိုဒင့်ကို ထောင်ပြလိုက်သည်။

x x x x x x x x x x

“ကိုညိုဒင် ကိုညိုဒင် ကျုပ်ခေါ်တာရော ကြားရဲ့ လား”။
“ကြားတယ်ဟာ ဘာပြဿနာရှာအုန်းမှာလဲပြော”။
“ဒါပဲ မျက်နှာချင်း မဆိုင်လိုက်နဲ့ ၊ တော့်ကို ကျုပ်က ပြဿနာရှာဖို့  ခေါ်နေပြောနေတယ်လို့ ပဲ တော်ထင်တယ်မဟုတ်လား”။

“မိလုံး ငါပြောနေတယ်နော်၊ ဘာကိစ္စလဲပြော”။ မလုံး ထမင်းအိုးငှဲ့ ရင်း မျက်စောင်းတချက်ထိုးချွန်လိုက်၏။ ကိုညိုဒင် တဲပြင်ထွက်၍ နှစ်တဲကျော်မှ ငပျော့ကို လှမ်းအော်သည်။
“ငပျော့ရေ တလုံးဆွဲလာစမ်းကွာ၊ ထုံးစံပဲ၊ မှတ်လိုက်”။ငပျော့ ဒယိုင်းဒယိုင်နှင့် တောအရက်တလုံး လာပို့ သည်။

“အရင်တလုံးဘိုး ကျန်သေးတယ်နော် ကိုညို”။
“သောက်စကားမရှည်နဲ့  ရေရှိရင် ငါးရှိတယ်၊ မြစ်ရှိရင် ငါရှိတယ်၊ မင်းရှိရင် အရက်ရှိတယ်၊ မင်းသောက်ကြွေးက ငါ့ ငါးတကောင်ဘိုးမရှိဘူး၊ ညိုဒင်ဆိုတဲ့ကောင်က ၀မရှိဘဲ ၀ိမလုပ်ဘူး၊ ကတိတလုံးကို အရက်တလုံးနဲ့  မလဲဘူးကွ၊ မင်းနားလည်းထားငပျော့”။ ဆန်မရှိ သောက်စားကြီးသည့် ကဇော်အိုးကြီးကများလို့  စိတ်ထဲက မြည်တွန်တောက်တီး ရင်း ငပျော့ ကျောခိုင်းကာ တဲပြင်ကို လေးလေးနွဲ့ နွဲ့  ထွက်ခဲ့ပြီး ထွီခနဲ တံတွေးတချက် ထွေးပစ်လိုက်သည်။

“ကိုညိုဒင် တော့်သားကို သေစာရှင်စာလေး ဖတ်တတ်ရေးတတ်အောင် ကျောင်းလေးဘာလေး အပ်ဖို့  စဉ်းစားမိရဲ့ လား။”
“ငါသိတယ်၊ ငါ့ကို ဆရာလာ မလုပ်နဲ့ ။”
“ဆရာလုပ်နေတာမဟုတ်ဘူး၊ တော့်သားက တနေ့ တနေ့  ရွာရိုးကိုးပေါက်၊ မြစ်ရိုးတလျှောက် အလေလိုက်နေတာနဲ့ ပြီးနေတာပဲ။ ထမင်းစားဖို့ တောင် တကျော်ကျော် လိုက်အော်ခေါ်နေရတယ်။”ရွှေဘ ဟိုယောင်ယောင် သည်ယောင်ယောင်ဖြင့် တဲနောက်ပေါက်က လစ်ထွက်သွားသည်။

“ငါသိတယ်၊ နင်လျှာမရှည်နဲ့ ၊ မနေ့ ကပဲ ရုပ်ရှင်ဈေးမှာ ကျောင်းဆရာလေးမောင်မြခိုင်နဲ့ တွေ့ လို့  မေးမြန်းကြည့်ပြီးပြီ၊ ပိုက်ဆံလေး ဘာလေးတော့ ရှာထားပေါ့ကိုညိုဒင်တဲ့။”
“တော်သိထားဖို့ က ရှေ့ လဆို အခါရောက်ပြီ၊ မိုးကျတော့မယ်၊ ကုန်းပေါ်ပြန်တက်ရင် ကုန်းပေါ်ကအိမ်အမိုးကိုလည်း ပြင်ရအုန်းမယ်၊ တော့်သား ကျောင်းစရိတ်နဲ့  ဟိုဟာဒီဟာနဲ့ ၊ မနှစ်ကလည်း ဟိုလိုဒီလိုနဲ့  ကျောင်းမအပ်လိုက်ရဘူးမို့ လား။” “ကျောင်းဖွင့်ဖို့ က လိုပါသေးတယ်ကွာ၊ ဒီမယ်မိလုံး မင်းနဲ့ ငါ ညားလာတာဆယ်နှစ်ကျော်ပြီ၊ ရွှေဘတောင် ခြောက်နှစ်ရှိပြီ မဟုတ်လား၊ မင်းတို့ သားအမိ ဘယ်တုန်းကများ ထမင်းရည်သောက်ခဲ့ရတာရှိလဲ၊ ပွဲလမ်းသဘင် မသွားရတာရှိလဲ၊ တခါတရံတော့လည်း အိမ်ဆိုတာ ကသီလင်တ ရှိတဲ့အခါလည်း ရှိမှာပဲ၊ ငါ့လက်ငါ့တက်နဲ့  ဟော့ဒီ့မြစ်ထဲမှာ ငွေထွက်အောင် ငါရှာနိုင်တယ်”။

မလုံး ငြိမ်သက်သွားသည်။ ထမင်းအိုးပေါ်သို့  ယောက်မကို ပစ်တင်လိုက်သဖြင် ခွမ်းကနဲ မြည်ဟည်းသံ ထွက်သွားသည်။ ကိုညိုဒင် တချက် ငဲ့စောင်းကြည့်လိုက်ပြီး အရက်ခွက်ကို ပက်ကနဲ မော့ချလိုက်၏။

မလုံး မပြောလည်း ကိုညိုဒင်စဉ်းစားနေတာ ကြာပြီ။ ကိုညိုဒင်တို့  ကျင်လည်နေထိုင်ရသည်က မိုးကုန်ပြီဆိုသည်နှင့် မြစ်ရိုးတလျှောက် သင့်ရာတော်ရာကမ်းနဖူးများတွင် တဲများကို အစီအရီထိုး၍ ငါးရှာဖားရှာ လုပ်ကိုင်စားသောက်ကြ သူတွေ။ မိုးကျပြီဆိုသည်နှင့် မြို့ ဆင်ခြေဖုန်းရှိ ကိုယ့်အိမ်ကိုယ့်တဲလေးသို့  ပြန်နေရာယူ ကြုံရာကျဘမ်း အလုပ်ကလေးတွေ လိုက်လုပ်၊ လှေလိုက်ခေါ်ရင် လှေလိုက်နှင့် ၀မ်းစာဖြည့်တင်းရသူတွေ။ ငွေပိုငွေလျှံဆိုသည်မှာ တသက်နှင့်တကိုယ် လောက်လောက်လျားလျား ကိုင်ခဲ့ရဖူးသည်မရှိ။ သူ့ အိုးနှင့်သူ့ ဆန် တန်ရုံမဟုတ် အိုးထဲ၌ ဆန်ရှိသည်ဆိုလျှင် အအိပ်ဖြောင့်ရသည်ပဲဆိုရမည်။

ကိုညိုဒင်ရော မလုံးပါ ကျောင်းကောင်းကောင်းနေခဲ့ကြရသည်မဟုတ်၊ မလုံးက ကိုညိုဒင်ထက်သာတာပေါ့လို့  ပြောရမလို။ မလုံးက တတန်းအထိနေဖူးသည်၊ အနည်းအကျဉ်း ရေးတတ် ဖတ်တတ်သည်။ ကိုညိုဒင်ကတော့ သူငယ်တန်းမှာ သုံးနှစ်လောက်နေပြီး အဖေဖြစ်သူနှင့် ငါးမြားတံတချောင်းထမ်း၍ မြစ်ထဲစုန်းစုန်းမြုပ်အောင် ခုန်ချခဲ့သူ။ ဘ၀ဆိုသည့် အနက်အဓိပါယ်ကို ရေနဲ့ ငါးလိုပဲဟု ခံယူပွေ့ ပိုက်ထားလေသူ။ ကိုညိုဒင် လက်ချိုးရေတွက်နေမိသည်။ ပါးစပ်မှလည်း ပွစိပွစိ ရေရွက်လိုက်သေး၏။ တပေါင်း၊ တန်ခူး၊ ကဆုန်၊ နယုန်၊ အင်း နယုန်လဆို ကျောင်းတွေဖွင့်တဲ့အချိန်ပဲ။ ငါ နှစ်လလောက် ဖိရှာလိုက်ရင် ရွှေဘကျောင်းစရိတ်လောက်တော့ ဘာဂရုစိုက်စရာရှိလဲ။ သိတ်လိုလာရင်လည်း ရပ်ကွက်ထဲက ဦးဘိုးလှဆီမှာ အတိုးနဲ့ ဆွဲလိုက်လည်းရတာပဲ ဟု ကိုညိုဒင် တွက်ရေချိုးရင်း အရက်ခွက်ကို ထပ်ငှဲ့  လိုက်ပြန်သည်။

“တော် ထမင်းစားတော့မလား” မလုံးအသံကို ကြားတချက်မကြားတချက်နှင့်ပင် ကိုညိုဒင် မြစ်ပြင်ကို ငေးရီနေမိပြန်သည်။ ရေနံဆီမီးခွက်မှ မီးနှင့် ဆေးလိပ်တိုကို မီးညှိလိုက်၏။
“မင့်သား ဘယ်ရောက်သွားလဲ၊ သွား လိုက်ခေါ်စမ်း၊ ထမင်းစားမယ်လို့ ”။

x x x x x x x x x x

ကျောင်းအပ်သည့်နေ့ က တရုတ်ကျင်မောင့်ဆိုင်က နှစ်ရာတန် မှုန့် ကြက်ဥတလုံးနှင့် ငှက်ပျောတဖီးကို ခေါင်းမှာ ရွက်၍ မလုံးတယောက် တဦးတည်းသော သားရွှေဥ ရွှေဘကို ကျောင်းသွားအပ်ခဲ့သည်။ ကျောင်းဝန်းထဲ ၀င်တော့ ရွှေဘ တွန့်  ဆုတ် တွန့် ဆုတ် လုပ်သေး၏။ တဲနားနီးချင်း ကိုအုန်းခင်နှင့် မထွေးရီတို့ လည်း သူတို့  သမီးကို ကျောင်းအပ်လာသည်ကို တွေ့ တော့မှ ရွှေဘ မလျောမရှူ ဒယဥ့်တိုက်လိုက်လာသည်။ ကျောင်းဆရာမတယောက်က စာအုပ်ရှည်ရှည် ထူထူထဲတွင် အမည်စာရင်းများ ရေးသွင်းနေသည်။ တခြား ကျောင်းလာအပ်သည့် လူများကို ကြည့်၍ မလုံး ကိုယ့်ကိုကိုယ် စိတ်မသိုးမသန့် ဖြစ်လာသလို၊ သိမ်ငယ်စိတ်လည်း ၀င်မိသလို ခံစားနေရ၏။ အော် သူတို့  ကျောင်းလာအပ်တာ မင်္ဂလာဆောင် လက်ဖွဲ့ ပစ္စည်းတွေ လာပို့ သလိုပါပဲလား။ ငါ့ကိုယ်က ငါးညှီနံ့ ထွက်နေသလား၊ ကိုယ်ကိုရို့ ၍ ရွှေဘလက်ဆွဲပြီး နောက်နား ခပ်ခွာခွာ ဆုတ်နေလိုက်သည်။ အလှည့်ရောက်တော့ ဆရာမတယောက် မေးတာမြန်းတာတွေကို ဖြေမည်အလုပ် ကိုညိုဒင် ရောက်လာသည်။
“ကလေးနံမည်”
“ရွှေဘ”
“အဖေနံမည်”
“ညိုဒင်။”
“အမေ”
“မလုံး”
“အဖေက ဘာလုပ်လဲ”
“တံငါလုပ်တယ်။” ကိုညိုဒင် ဖြေပေးနေတုန်း ဆရာလေးကိုမြခိုင်
ဝင်လာသည်။
“အော် ဆရာမ ကိုညိုဒင့် အလုပ်အကိုင်ကို ရေလုပ်သားလို့ ဖြည့်လိုက်ပါနော်။”
“ကိုညိုဒင် ဆရာလေးကို နားမလည်သလို ကြည့်ကာ”
“မလိုပါဘူး ဆရာလေးရာ ကျုပ်တို့ မိသားစုတွေရော မိလုံးမိသားစုတွေရော ဘိုးစဉ်ဘောင်ဆက် တံငါအလုပ်နဲ့  မြစ်ထဲချောင်းထဲမှာ ကြီးပြင်းခဲ့တာ၊ တံငါသည် တံငါသည်ပေါ့။”
“ခေတ်က အခေါ်အဝေါ်တွေ ပြောင်းနေပြီလေ ကိုညိုဒင်ရဲ့ ၊ ကဲ ဆရာမ ကျနော်ပြောသလိုသာ ရေးလိုက်ပါနော်။”
“တခုတော့ ရှိတယ်နော် ဆရာလေး၊ ကျုပ်တို့ က တံငါတွေ ဆိုပေမယ့် ကျုပ်တို့ ကိုယ် ကျုပ်တို့ ထင်ထားတာက ရေထဲက သားကောင် ငါးကောင်ကို ရှာဖွေစားသောက်တဲ့ ရေမုဆိုးတွေ။ အကုသိုလ်နဲ့ ကိုယ့်ဘ၀ကို ကျောင်းနေရသူတွေပဲ၊ ဘာဂုဏ် ဘာအလုပ်ရေးရေး တံငါက တံငါ၊ မုဆိုးက မုဆိုး ပိုဆိုးသွားတာမှမဟုတ်တာ။” “ မလုံးကရော” “ငါးသည်”။

“ဟာ ဆရာမ၊ ဈေးသည်လို့ ပဲ ရေးလိုက်ပါ”။

x x x x x x x x x x

ကကြီး၊ ခကွေး၊ ဂငယ်၊ ဃကြီး၊ င။
ကကြီး၊ ခကွေး၊ ဂငယ်၊ ဃကြီး၊ င။
ကကြီး၊ ခကွေး၊ ဂငယ်၊ ဃကြီး၊ င။
ရွှေဘ စာအံသံကို ငါးပိုက်ပြင်ရင်းမှ ကိုညိုဒင် နားစွင့်နေမိသည်။

“ငါခေါက်လိုက်ရရင် သေအုန်းမယ်။ ကျယ်ကျယ်ဆိုစမ်း။” မလုံး ငရုတ်သီးထောင်းရင်းမှ သူ့ သားကို ငေါက်ငန်းနေသည်။ စိတ်မပါလက်မပါ အာခေါင်ခြစ်အော်နေသော ရွှေဘမှာ ထမင်းအိုးကို လှမ်းလှမ်းကြည့်ရင်း အတော် ဆာလောင်ဟန်ဖြင့် သူ့ အမေမျက်နှာကို အားကိုးတကြီး မော့ကြည့်လိုက်သည်။
“ကိုညို ဒီမှာအရက်တလုံး၊ ခါတိုင်း လိုပဲ မှတ်ထားလိုက်ရမလား။”
“ဟေ့ကောင် ငပျော့ ရော့ ၁၅၀” ကိုညိုဒင် အရက်ဖိုးကို ပစ်ပေးလိုက်သည်။
“ကိုညို့  သားက ဘယ်ဆိုးလို့ လဲ။ စာတွေ ဘာတွေ အံနေပါလား။”
“ဟေ့ကောင် ရွှေဘ မင်းကောင်တွေ ဗွီဒီယိုရုံထဲ ရောက်ကုန် ပြီ။ မင်း မသွားသေးဘူးလား”။ ရွှေဘမျက်လုံးက ငပျော့နှင့် သူ့ အဖေကို ဝှေ့ ကြည့်လိုက်သည်။ ဒေါက်ခနဲ ခေါက်လိုက် သည့် သူ့  အမေလက်သံကြောင့် ကကြီးဟု အော်လိုက်သည်မှာ ငပျော့ သုတ်ခြေတင်ရန် သံချောင်းခေါက်လိုက် သလို ဖြစ်သွားတော့သည်။

ကကြီး ခကွေး အစ၊ ၁ ၂ ၃ ၄ ၅ ၆ လွန်မြောက်ခဲ့ပြီး က ကလေးငယ် ချစ်စဖွယ်။ ခ ခရေကုံး မလေးပြုံး။ ဂ ဂဏန်းသင် ပြုံးရွှင်ရွှင်။ င ငချိတ်ပေါင်း၊ စားလို့ ကောင်း။ စ စခန်းသာ တောင်တန်းပြာ စသည့် စာအံသံများသည် ကိုညို ဒင့်အတွက် ညစဉ် အရက် အမြည်းတခွက်လို ဖြစ်နေတော့သည်။ မကြားဟန် မမြင်ဟန် နားမထောင်ဟန်ဖြင့် တော အရက်ပြင်းပြင်းကို တစိမ့်စိမ့် သောက်ရင်း စိတ်မှာတော့ ပီတိ ဖြစ်နေရှာ၏။ ဒီကောင် ငါ့ထက်သာသားပဲ ဆိုသည့် အတွေး။

“ဟဲ့ မိလုံး ရေနံဆီ မရှိတော့ရင် တအာတာလောက် သွားဝယ်ထားလိုက်ပါလား”။
“မ၀ယ်နိုင်ဘူးတော်၊ တော် ကြာ ဟိုကောင့်ခေါ် ဒီကောင် ခေါ်နဲ့  တော်က ဖဲဝိုင်းထောင်အုန်းမယ်။”
“မဟုတ်ပါဘူးကွာ”။ ကိုညိုဒင် ရွှေဘကို မေး ဆတ်ပြလိုက်သည်။
“ရော့” တရာတန်နှစ်ရွက် ကောက်ယူရင်း မလုံး မဲ့ပြုံးတချက်နဲ့  လမ်းထိပ်ကို ထွက်သွား၏။ ကိုညို ဒင် ရွှေဘကို ကြည့်လိုက် သည်။ ကြွေရည်သုတ် ဇလုံထဲမှ ငါးကြော်တကောင်၏ ခေါင်းကို ဖဲ့ချွေနေရင်းမှ ဆ ဆရာမ ရိုသေကြ ဆိုသည့် ရွှေဘ၏ စာအံသံသည် ဧရာမြစ်ပြင်က လှိုင်းကြက်ခွပ်လေးများသဖွယ် ကိုညိုဒင့်ရင်ကို လာမှန် သည်။ “သားလေး ထမင်းဆာပြီလား၊ မင့်အမေ ပြန်လာရင် အဖေတို့  ငါးချောင်းကြော်နဲ့ တုတ်လိုက်ကြတာပေါ့ကွာ၊ နော”။ အံ့အားတသင့် မျက်လုံးအစုံဖြင့် ရွှေဘ ဆွံ့ အနေတော့သည်။

x x x x x x x x x x


မိုးကုန်ပြီ။ ၀ါကကင်းလွတ် သီတင်းကျွတ်ခဲ့ပြီ။ ပဲပေါ် နှမ်းပေါ်ပြီ။ ရွှေဘလည်း ကျောင်းပိတ်တော့မည်။ နံမည်ကြီးဇာတ်သဘင်တွေလည်း မြို့ ဆယ်နှစ်ရာသီ ဘုရားပွဲကို လာရောက်ကပြ အသုံးတော်ခံကြတော့မည်။ ဆပ် ကပ်၊ ရုပ်သေးပွဲ။ တနှစ်မှာ တခါစားရသည့် မုန့် သိုင်းခြုံကို အုန်းဆံနိုင်နိုင်နှင့် ရွှေဘကို တ၀ ၀ယ်ကျွေးလိုက်အုန်းမည်။ အတွေးရေအလျှင်က ကိုညိုဒင့် ရင်ထဲမှာ တဒိတ်ဒိတ်။ စာတတ် ပေတတ် ငါ့သားအတွက် လှိုင်းထန်တဲ့ မြစ်ပြင်ကို အဖေ စိန်ခေါ်မယ်ကွ ရွှေဘရ။ အရက်ခွက်ကို ကိုင်ဆရင်း ကိုညိုဒင် အူရွနေ၏။

“အော် တော်ကတော့ တောလေးနဲ့ တမြမြ။ တော့သားက ကျောချမှ ဓားပြအကြီးစားတော်ရေ့ ၊ ကိုညိုဒင်ရဲ့ ။”

“ငါ့ကို ရှင်းရှင်းပြောစမ်း မိလုံး။ ဘာဖြစ်လာလို့ လဲ”။ မေးမေးပြောပြော ရွှေဘကို လှမ်းကြည့်တော့ မျက်ရည်ရစ်ဝိုင်း နေ သည့် သူ့ သားကို နားမလည်နီုင်သလို တွေတွေဝေေ၀ ဖြစ်သွားသည်။ “ ပြောစမ်း မိလုံး၊ ဘာဖြစ်လာတာလဲ။ ဘာတွေ ဖြစ်နေတာလဲ။ ဒေါသတကြီးဖြင့် ကိုညိုဒင် အရက်ခွက်ကို ခွပ်ခနဲ မော့သောက်ချလိုက်သည်။

“မင်းဝင်မပါနဲ့ ။ မင်းဘာမှ ၀င်မပြောနဲ့ ။ ဟေ့ကောင် ရွှေဘ မင့်အဖေ ဘညိုကို ပြောပြစမ်း ငါ့သား။”
“ကျုပ် စာကြိုးစားတာပဲ ဘညို။ သူများနည်းတူ မီးခွက်က အမြဲမီးရှိလို့ လား။ အဖေ ညဘက် ငါးခုတ်သွားရင် ဓာတ်မီးထိုးပြ၊ ငါးကောက်။ ငါးတန်းချရင်လည်း လှေဦးက လိုက်ခဲ့တာပဲ။ မိုးမလင်းသေးဘူး၊ ငါးတန်းသွားဖော်ရအောင် ငါ့သား ထလေ ကွာ ဆိုရင်လည်း ကျုပ်လိုက်ရတာပဲ။ ကျောင်းသွားခါနီး သမ၀ါယမဆိုင် ဆီသွားဝယ်ပေးစမ်းဆိုလည်း ကျုပ် အမေ့ စကားကို ဘယ်တုန်းက ကလန်ဘူးလဲ။ သူခိုင်းတဲ့ အချိန်က ကျောင်းသွားရတော့မှာ။”“ အေး အဖေ နားလည်တယ်၊ ခုကိစ္စက ဘာလဲဆိုတာ အဖေ သိချင်တာ။”

“ကျုပ်ကို ဆရာမက ပြောတယ်။”
“ဟဲ့ ရွှေဘ စာမေးပွဲနီးပြီ။ ခုထက်ထိ မြန်မာစာကို ကောင်းကောင်းမဖတ်တတ် သေးဘူး။ ဂဏန်းသင်္ချာဆိုလည်း ပေါင်းရမှန်းမသိ နုတ်ရမှန်းမသိ။ နင် မတတ်တော့ ငါ ဆရာမအလုပ်က ထွက်ရတော့မယ့်ကိန်း။ ငါ မျက်နှာပျက်ရတယ်တဲ့ ဘညို”။
“ဒါများကွာ သူသင်တာ ညံ့လို့ လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ငါ့သားက အဖေ့ တို့ ထက် တော်ပါတယ်၊ ငါ့သားက ကြိုးစားပြလိုက်ပေါ့။ မင်းက ဧရာဝတီကမ်းနဖူးက အလွမ်းစာသမားလေး မဖြစ်ဖူးလို့  ဘယ်ကောင်က ပြောမလဲ။ ဟဲ ဟဲ။ နောက်နေ့  အဖေ ကျောင်းလိုက်ပို့ မယ် ဟုတ်လား။”

“ကျုပ် ဘယ်တော့မှ ကျောင်းမတက်တော့ဘူးအဖေ။ အဖေ့ကို ဆရာလုပ်ခိုင်းမယ်။ ဧရာဝတီမြစ်ကြီးမှာ ကျုပ် ကျောင်းတက်မယ်။ ဆရာမက ပြောလိုက်သေးတယ်ဘညို။ “ရွှေဘ နင်ဟာ တံငါနားနီး တံငါ။ မုဆိုးနားနီးမုဆိုး ဖြစ်မှာ ပဲတဲ့။
“အော” ကိုညိုဒင် ငါးခုတ်သည့်ဓားကို ရွှေဘဆီ ပစ်ပေးလိုက်သည်။ မလုံး အံ့အံ့သြသြ မကြည့်မိပါ။

၇ - ၁၀ - ၀၉

2 comments:

တောင်ပေါ်သား said...

ဟူးးးးးးး ဖတ်ပြီးတော့ စိတ်ထဲတမျိုးပဲ တော်တော်လေး ကောင်းပါတယ် ရသအပြည့်ပေးတဲ့ စာသားတွေ မျှော်နေတာ ကြာပေါ့ အကိုရေ... မိဘ ဆရာဆိုတာ သားသမီး တပည့်တွေ အပေါ်မှာ အပြည့်အ၀နားလည်မူလေးတွေ ပေးနိုင်ကြရမှာပဲ ခုတော့ ဆရာမပြောလိုက်တဲ့ စကားတခွန်းက နောင်တချိန် တိုင်းပြည်အတွက် ပညာတတ် လူတော်တယောက် ဖြစ်လာနိုင်တဲ့ လူသားတယောက်ကို မပြည့်စုံတဲ့ဘ၀ကနေ ထပ်ပြီး ရိုက်ချလိုက်သလိုပါပဲလားဗျာ....... ဘ၀တွေက ရင်နာစရာ ကောင်းလှပါတယ်


လေးစားလျက်
တောင်ပေါ်သား

YL said...

I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.

Myanmar Online Music: http://www.myanmaronlinemusic.com/

Thanks a lot!

 
/* EOT ----------------------------------------- */