Saturday, October 3, 2009

အရုပ်ကလေးရဲ့ မေမေ

ကိုဈာန်

ညနေမှောင်ရီပျိုးချိန် ပုဇွန်ဆီရောင်သန်းနေတဲ့ နေလုံးကြီးက လယ်ကွင်းပြင်စိမ်းစိမ်းတွေထဲကို တိုးဝင် ပျောက်ကွယ်တော့ မည်။ ညနေတိုင်း ညနေတိုင်းမှာ လယ်တဲထဲက နေပြီး နေ၀င်တာကို ထိုင်ထိုင်ပြီး ငေးရတာ လွမ်းသလိုလို ဆွေးသလိုလိုပင်။ ကိုယ့်မြေ ကိုယ့်မွေးရပ်ကို တမ်းတနေမိသည်။

ပုခက်ပေါ်က အင့်ခနဲ့ ကလေး ငိုသံကြားတော့ အတွေးစများ ပြတ်တောက်သွားခဲ့သည်။ ညနေပိုင်း ဆောင်းရာသီဥတုက အေးစပြုလာပြီ။ ကလေးကို ရင်ခွင်ထဲပွေ့ပိုက် နို့တိုက်ပြီး ဘေးနားရှိ ဖျင်ကြမ်း စောင်တထည်ကိုပါ ကောက်ခြုံလိုက်လေသည်။ အနီးအနားက လယ်တဲတွေစီက မီးရောင်တွေကို မြင်နေရပြီ။ မနေ့ကလက်ကျန် ဖယောင်းတိုင် အတိုလေးကို ထွန်းညှိလိုက်သည်။ မိမိရင်ခွင်ထဲက အငမ်းမရ နို့စို့နေတဲ့ သားလေးကို ကြည့်ပြီး ရင်ထဲ အေးမြသွားလေသည်။ တနေ့တာ ပင်ပန်းမှုတွေ ကွယ်ပျောက်သွားသလိုပင်။ သားလေးမှာ နို့စို့ရင်း လက်လေးနှစ်ဖက် မိမိရင်ဘက်ကို ပုတ်ပုတ်ပြီး ဆော့ကစားရင်း အိပ်ပျော်သွားပေသည်။

ညနေစာ… ဒီညအဖို့တော့ ကန်ဇွန်းရွက်ပြုတ်ရည်ပဲ သောက်ပြီးအိပ်တော့မည်။ ဒီနေ့ကောက်ရိတ်ခကို သူဌေးက မနက်ဖြန်မှ ပေါင်းရှင်းမည်ပြောသဖြင့် ညနေကတည်းက လယ်ကွင်းထဲမှာ ကန်ဇွန်းရွက်များကို ခူးခဲ့သည်။ သစ်ကိုင်းခေါက် သုံးလေးချောင်းကောက်ပြီး ကန်ဇွန်းရွက်ပြုတ်ထားရသည်။ ပိုပိုလိုလို ပိုက်ဆံဘတ် ၂၀ လောက်ကို ခြေဆောင့် လက်ဆောင့်ထားထားရမည်။ ဆန် ၀ယ်မစားရဲပေ။

ကန်ဇွန်းရွက်ပြုတ်ကို ငါးပိရည်နှင့် တို့စားလိုက်လေသည်။ ဘာမှမစားရတာနှင့်စာရင် နည်းနည်းခံသာလေသည်။ ခလေးကို ဘေးနားတွင် ချသိပ်လိုက်သည်။ မိမိလည်း အိပ်တော့မည် ဖျင်ကြမ်းစောင်လေးကို ကောက်ဆွဲပြီး သားအမိနှစ်ယောက်ခြုံလိုက်လေသည်။ တော်တော်နှင့် အိပ်မပျော်ပေ။ စဉ်းစားစရာတွေက ခေါင်းထဲဝင်ဝင်လာသည်။ လင်ယောက်ျားကလဲ ကလေးရှေ့ရေးအတွက် စုမိဆောင်းမိအောင် ဘန်ကောက်တက် အလုပ်လုပ်သည်မှာ ၂ လ လောက်ရှိပေမည်။ အဆက်အသွယ် မရသေးပေ။ ဘန်ကောက်ကို တောလမ်းက သွားမည်ပြောသည်။ ဘန်ကောက်ကို ချောချောချူချူ ရောက်ရဲ့လား၊ အလုပ်အကိုင်ကော အဆင်ပြေရဲ့လားမသိ။ မိမိယောက်ျားအတွက်လည်း ပူပန်ရသေးသည်။ ကလေးက ၉ လရှိပြီ နို့မဖြတ်ရဲသေးပေ။ နို့ဖြတ်ရင် ကလေးအတွက် စားစရာမတက်နိုင်သေးပေ။ ကလေးကို ထိန်းကျောင်းပေးမယ်သူ့မရှိ လယ်ထဲမှာ ကောက်စိုက်ရင်း ကလေးကို လွယ်ပိုးရင်းစိုက်ရသည်။ မိမိနဲ့အတူ နေပူခံရသည်။ နေ့ခင်းနေ့လည် လယ်တဲတွင် ပုခတ်နှင့်သိပ်ရသည်။ အတွေးပေါင်းစုံ၊ တော်တော်နှင့်အိပ်မပျော်ပေ…။

ရုတ်တရက် ကလေးရဲ့ ထငိုသံကြောင့်အတွေးစတွေ ပြတ်တောက်သွားခဲ့သည်။ နို့တိုက်ပြီး ပြန်ချော့သိပ်သည် ပြန်မအိပ်။ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားသည်။ ကလေး… ကလေးကိုယ်နဲ့ အထိအတွေ့…။ ခလေးအသားတွေ ကျစ်ကျစ်ပူနေသည်။ အခုမှ သတိထားမိသည်။ ဘာလုပ်ရမှန်းမသိ။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေမိသည်။ ဆေးပညာ ဗဟုသုတလည်း မရှိ။ ကလေး ကိုယ်ပူ သက်သာအောင် အနှီးလေးကို ပြေးယူ၍ ရေဘက်တိုက်ပေးနေမိသည်။ ကလေးကလည်း သည်းသည်းလှုပ်အောင် ငိုကြွေးနေသည်။ ထိုင်းဆေးတွေလဲ မ၀ယ်တက်။ ထိုင်းစကားလည်း မတက်။ လက်ထဲမှာလည်း ပိုက်ဆံ ဘတ် ၂၀ ပဲရှိသည်။ ဘယ်လိုလုပ်ရပါ့။ သြော်…. မြန်မာပြည်ကတည်းက လိုရမယ်ရဆောင်ထားတဲ့ တိုင်းရင်းဆေးတော့ရှိသည်။ ဆရာမောင်ဆေးနီမှုန့်… ကိုယ်ပူကျဆေး၊ ရှိတာလေးနဲ့ ကလေးကို တိုက်ကြည့်မည်။ ကိုယ်ပူတော့ ကျလောက်မည်ထင်သည်။ ကလေးအငိုရပ်သွားသည်။ ကိုယ်ပူလည်း နည်းနည်းကျသွားသည်။ နည်းနည်းတော့ စိတ်အေးသွားသည်။ မိမိလည်း မှိုန်းခနဲ့ အိပ်ပျော်သွားသည်။

* * * * *
မိမိလက်တဖက်အေးစက်သည့် အထိအတွေ့ကြောင့် ဖျတ်ခနဲ့ လန့်နိုးလာသည်။ ကလေးကို ကိုင်ထားသည့်လက်တဖက်… ဖယောင်းတိုင်တွင် မီးညှိပြီး ကလေးကို စိုးရိမ်ပူပန်စွာကြည့်မိသည့်။ ကလေး… ကလေး… နှုတ်ခမ်းတွေ မျက်နှာတွေပြာနေသည်။ အသားက အေးစက်နေသည်။ လုပ်ပါဦး… လုပ်ပါဦး သား… သား…။ ကလေးကို ပွေ့ပိုက်ပြီး အိမ်ပေါ်ကဆင်း အခြားတဲဘက်တွေကို အကူအညီရလိုရညား ပြေးလွှားမိသည်။ ကိုလှမောင်တို့ လယ်တဲဘက် အမောတကော ပြေးလာမိသည်။
အစ်ကိုလှမောင် ကျမသားလေးကို ကြည့်ပါဦး၊
ဘာဖြစ်လာတာလဲဟဲ မိချမ်းရဲ့… ၊

ကျမသားလေး တကိုယ်လုံးလဲ အေးစက်လို့ မျက်နှာတွေ နှုတ်ခမ်းတွေလဲပြာလို့ ဘာဖြစ်လဲမသိဘူး။ ကူညီပါဦး။ ကျမလည်း ဘာလုပ်ရမှန်းမသိဘူး။ သားလေး သား ထပါဦးသားရယ်…။ အမေ့နို့စို့ပါဦး…။ သားလေး ငိုတောင် မငိုတော့ဘူး။ သား… သား … ။

ပြစမ်းနင့်ကလေး ဘာဖြစ်လဲ…။ ဟင်…. နင့်ကလေးက အသက်မှ မရှိတော့ဘူး။
ရှင်… ဘယ်လိုပြောလိုက်တာ ကျမကလေးက ခုနတုန်းကတောင်ငိုနေသေးတယ်…။ အသက်ရှိပါသေးတယ်… သား … သား … ထပါဦးသားရယ်…။ အမေ့နို့စို့ပါအုံး…။ ဖြစ်မှဖြစ်ရလေသားရယ်။ သားလေးမသေပါဘူး…။ နော်သား…နော်။

စိတ်ဖြေပါ မိချမ်းရယ်…။
အစ်ကိုလှမောင်ရယ် ကျမမှာလည်း ပိုက်ဆံမရှိဘူး အသုဘစရိတ်တောင်မရှိဘူး…။ ကလေးအတွက်လည်း ဆွမ်းကြွေးလေးလဲလုပ်ချင်တယ်။
ကဲလောလောဆယ်တော့ ကလေးကို နင့်လယ်တဲအောက်မှာပဲ မြှုပ်ထားခဲ့…။ မဲဆောက်ကိုတက်ပြီး နင့်ရပ်ဆွေရပ်မျိုးတွေဆီက အသုဘစရိတ်နဲ့ ရက်လည်ဆွမ်းဖိုးလေးရမှ ပြန်လာပြီးကောင်းမှုလုပ်ပေါ့ကွယ်။
* * * * *

တောင်ယာ စိုက်ခင်းတွေဘက်ကို တရွေ့ရွေ့ သွားနေသည့် လိုင်းကားတစင်း….ဟိုင်းဝေး လမ်းပေါ်တွင် အပြင်းမောင်းနှင်နေသည်။ လိုင်းကားတဲ့တွင် လူများများစား သိပ်မရှိ။ အားလုံးပေါင်းမှ ၅ ယောက်ရှိသည်။ ထိုအထဲတွင် အသက်သုံးဆယ်နီးပါးခန့် အမျိုးသမီးတယောက်… လက်ထဲက ဘတ် ၁၀၀၀ ကျော်နီးပါးကို ကျစ်ကျစ်ပါအောင် စုပ်ကိုင်ထားသည်။ သူမစိတ်ထဲမှာ သူမနေခဲ့သည့် လယ်တဲကို မြန်မြန်ရောက်ချင်နေသည်။ မဲဆောက်တွင် ပန်းရံဝင်လုပ်ပြီး ရသည့်ငွေ စုခဲ့သည်။ မဲဆောက်တွင် တလနီးပါးခန့်ကြာသွားသည်။ ကားကလည်း နှေးလိုက်တာ…။ မြန်မြန်ရောက်ချင်နေပေသည်။ ကလေးကို ကောင်းကောင်းသဂြိုင်္လ်မည်။ တဲနားကလူတွေကို ခေါ်မည် ရက်လည်ဆွမ်းကြွေးမည်။ နောက်ဘ၀တွင် ယခုလို မကြုံရလေအောင်၊ ကောင်းရာမွန်ရာရောက်အောင် ဆုတောင်းမည်။ စိတ်ကူးတွေတသီတတန်းကြီးနဲ့ ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင် ထပ်စုပ်ကိုမိသည်။ ရောက်ပြီ…။

သူမ အံ့သြမှင်တက် သွားခဲ့သည်။ ကားပေါ်က ဆင်းဆင်းချင်း ထိုလယ်ကွင်းပြင်နေရာကို အတန်ကြာအောင် စိုက်ကြည့်နေခဲ့သည်။ သူမနေခဲ့သည့် လယ်တဲ…။ ကိုလှမောင်တို့ လယ်တဲ…။ အခုတော့ မြေတွေ ဖို့ထားသည့် ကွင်းပြင်ကြီးဖြစ်နေပြီ။

ကွင်းပြင်ကြီး… ကွင်းပြင်ကြီး
ကျမ… ကျမ… သားလေးကော။ လယ်တဲကော…။ သားလေး…. သား…..။ ရက်လည်ဆွမ်းကြွေးမည့် ပိုက်ဆံလိပ်လေးကို ကျစ်ကျစ်ပါအောင်စုတ်ပြီး လယ်ကွင်းထဲတွင် ပြေးလွှားနေသည်။ သူမ တယောက်ထဲ ကွင်းပြင်ကြီးထဲ လယ်တဲဖြစ်နိုင်မယ့်နေရာတွေကို လက်နှင့် ယက်နေသည်။ နေ့ဘက်လည်း ထိုလယ်ကွင်းထဲတွင် သူမကိုတွေ့မည်။ တခါတလေ ထိုင်ပြီးသူမ ငိုကြွေးနေသည်၊ ရယ်မောနေသည်။


* * * * *

မဲဆောက် အဝေးပြေးကားဂိတ်မှာ ကလေးအရုပ်ကလေးချီထားပြီး အရုပ်ကို စကားတတွတ်တွတ်ပြောနေသည့် အမျိုးသမီးတယောက်…။ နေပူတာ မိုးရွာတာကို သူမ မသိတော့။
တခါတလေ ကလေးအရုပ်ကလေးကို နို့ဘူးတိုက်သည်၊ ချော့နေသည့် အမျိုးသမီးတယောက်ကို တွေ့လိမ့်မည်။
တခါတလေ ငိုကြွေးနေသည်။ တခါတလေ ရယ်နေပေသည်။
လောကဓံ တရားက သူမပေါ်သက်ရောက်မှု မရှိတော့သလိုမျိုး…။ ဘ၀ရဲ့လှိုင်းပတ်ခတ်ဒါဏ်ကို သူမကြံ့ကြံ့ခံနိုင်သွားလေပြီလား….။

(မြင်သမျှလေးတွေရေးထားတာပါ လိုတာပိုတာ အမှားပါတာရှိရင် ခွင့်လွှတ်ပေးပါ)

1 comment:

YL said...

I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.

Myanmar Online Music: http://www.myanmaronlinemusic.com/

Thanks a lot!

 
/* EOT ----------------------------------------- */