Saturday, July 10, 2010

ငါးမရ ရေချိုးပြန်ပါမည်

မောင်လွမ်းဏီ

ရွှေဘ ဘယ်သွားလဲ မိလုံး။

ကိုညိုဒင် ငါးမျှားတံများကို အိမ်အဖီဘေးတွင်ထောင်ရင်း မလုံးကို မေးလိုက်သည်။ မလုံးက မကြားဟန်ဖြင့် မီးခိုးအူနေသည့် မီးဖိုကို မီးပြောင်းနှင့် တဟူးဟူး မှုတ်နေသည်။ ငါမေးတာလည်း ဖြေစမ်းအုန်းဟ မိလုံး။ မလုံး တချက်မော့ကြည့်ပြီး ထမင်း အိုးဖုံးဖြင့် မီးဖိုကို ယပ်ခပ်နေပြန်သည်။ မီးခိုးမွှန်၍ ကျလာသည့် မျက်ရည်ပူတို့ ကို ထမီအနားနှင့် ကောက်ပွတ် လိုက်ရင်း ထုံးစံအတိုင်းပဲ ကိုညိုဒင်။ တော့သားအကြောင်း တော်က ကျုပ်ထက်ပိုသိမှာပေါ့။ တောက်ခုံမှာလား။ ဂေါ်လီလှိမ့်တဲ့နေရာ မှာလား တော်သွားရှာကြည့်။ ခုတလော အိမ်မှာကို ကပ်တယ်မရှိဘူး။ ကိုညိုဒင့် မျက်ထောက်နီက မလုံးမီးဖိုထဲက မီးတောက်နှင့်အပြိုင်။ မျှား၍ရလာသော ငါးဇင်ရိုင်း တထုပ်ကို ထမင်းစားပွဲပေါ် ပစ်တင်လိုက်ခါ လုံကွင်းအဟောင်း တထည် ကို ပုခုံးပေါ်တင်ပြီး လမ်းထိပ်ထွက်လာခဲ့သည်။

ကိုညိုဒင် ရွှေဘကို လိုက်ရှာသည်။ သူ့ အပေါင်းအဖော်တွေ မေးကြည့်တော့လည်း ခုတလော့ သူတို့ ဘက်ကို ရွှေဘ မလာဘူးတဲ့။ ဘယ်သွားတယ်ထင်လဲလို့  မေးတော့လဲ သိဘူးလေတဲ့။ ကိုညိုဒင် ဒေါသ ထွက်လာသည်။ ဘာကို ဒေါသ ဖြစ် နေမှန်းဂဃနဏမသိ။ ကိုညိုဒင် ဒေါသထွက်နေပေမယ့် ရွှေဘကို စိုးရိမ်စိတ်က တမှောင့်။ ဒီကောင် ငါမပါဘဲ မြစ်ထဲသွား နေလား။ ငပျော့တို့  ဘူကြီးဝိုင်းဘေးထိုင်ပြီး လက်ဘက်သုတ် ဂျင်းသုတ်ဝယ်ပေးနေသလား။ မြို့ မြောက်ဖျားက ညွန့် မောင် တို့ ဘက် အလည်လွန်နေသလား။ ဈေးပိုင်းဘက်မှာ ရန်သွားဖြစ်နေလား။ လားပေါင်းများစွာဖြင့် ကိုညိုဒင် နည်းနည်း စိတ်ပူ လာသည်။ ဒီကောင့်ကို ပြောရ ငေါက်ရတာလည်း အခက်သား။ စိတ်ကကြီးကြီးကောင်။ တခါက သူ့ အမေမိလုံး ဆူတာကို ကောက်ပြီး ဓာတ်တော်ကုန်းစေတီပေါ် တက်အိပ်နေလို့  ကိုညိုဒင်တို့  ဓာတ်မီးဆွဲ ရှာခဲ့ရပြီးပြီ။ မင်းနဲ့  ပြဿနာတက်လို့  လားလို့  မိလုံးကို မမေးမိခဲ့မိတာကိုပဲ နောင်တရချင်ချင်။ ရွှေဘက ခုဆို ရှစ်နှစ်ထဲဝင်ပြီမဟုတ်လား။ ပြာသိုဖွား။ ကိုညိုဒင် ခေါင်းငိုက်စိုက်နှင့် အိမ်ဘက်ပြန်လှည့်လာခဲ့သည်။ ခွေးမသား တွေ့ လို့ ကတော့ ကောင်းကောင်းတွယ်ပေးလိုက်အုန်းမည်

ဟု စိတ်ထဲမှာ ကြိမ်းဝါးနေမိပြန်သည်။

တလမ်းလုံး ကိုညိုဒင် စဉ်းစားလာသည်။ မတွေးတတ်အောင်လည်း ဖြစ်နေ၏။ ဒီကောင် ငါ့မပြောပဲ ဘယ်ကိုမှ မသွားတတ် မလာတတ်ပါဘူး။ လောင်းကစားတွေ ဘာတွေလည်း စိတ်ဝင်စားတဲ့ကောင်မဟုတ်။ ရပ်ကွက်ထဲက ခလေးတွေ သရေကွင်းပစ်တာဖြစ်ဖြစ်၊ မျောက်ပန်းလှန်တာဖြစ်ဖြစ် ကစားရင်တောင် ၀ိုင်းဘေးက ထိုင်ကြည့်တဲ့ကောင်မဟုတ်။ ဗွီဒီယိုရုံ ကလည်း ညမှ ပြတာဆိုတော့ကိုညိုဒင် စဉ်းစားရ တော်တော် ကျပ်နေသည်။ တွေ့ သေးတာပေါ့ကွာလို့  ညည်းရင်း တောက် တချက်ကို ခပ်ပြင်းပြင်းခေါက်မိသည်။

ညိုဒင် ဟေ့ကောင် ညိုဒင် ဘာဖြစ်နေတာလဲဟ၊ မင်းဥစ္စာကလည်း သောက်ခွက်ကြီးပုတ်သိုးနေလိုက်တာ ခွန်နှရက် နေလို့ မှ ပေါ်တဲ့ ရေထဲက မသာလိုပဲ။ လာစမ်းပါ။ ခုမှ တို့ ဝိုင်းစတာ။ ငပျော့အိမ်ထဲမှ သိန်းဆောင် အော်ခေါ်သဖြင့် စိတ်မပါ လက်မပါဖြင့် ကိုညိုဒင် ၀ိုင်းထဲဝင်ထိုင်လိုက်သည်။ ငပျော့ ရွှေဘတွေ့ မိလား။ ကြည့်မနေအားပေါင် ကိုညိုဒင်ရာ။ မိုးကျခါစ ရှိသေး ထင်းတွေက ထိုင်းတယ်ဟ။ မီးကိုကောင်းကောင်းမတက်ဘူး။ မီးမတက်တော့ မီးတောက်အရက်ကလည်း တစက် ချင်းအထွက်နှေး။ လကြေးပေးဖို့ တောင် ဆိုင်းပါအုန်းလို့ နယ်ထိန်းကို မျက်နှာချိုသွေးရတာ အလုပ်တခု။ ဒါတောင်တလုံး တော့ ထိုးထည့်ပေးလိုက်ရသေးတယ်ကွ။ ငပျော့ အရက်တလုံး လာချပေးရင်း နို့ နေစမ်းပါအုန်း။ မင့်ကောင်ကို လိုက်ရှာနေ ရအောင် ဘယ်တုန်းကများ မင့်သားက မင်းကို ကူဖော်လောင်ဖော်ရလို့ တုန်း။ ကလေးပဲကွာ သူ့ အဖော်အသင်းနဲ့  တနေ ရာရာ သွားလည်ပတ် ကစားနေတာဖြစ်မှာပေါ့။ နေ့ လည်နေ့ ခင်းပါကွာ။ အချိန်မတော် ညကြီးမိုးချုပ်ဆိုလည်း ထားပါတော့။ ငပျော့ ငှဲ့ ပေးသည့် အရက်ခွက်ကို ပက်ကနဲ ကိုညိုဒင် မော့သောက်ချလိုက်၏။

ငါက ရက်ပိုင်းပဲကျန်တော့တာကွ ညိုဒင်ရ။ လွန်ရော ကျွံရော ရက် နှစ်ဆယ်ပဲ။ ဘာ ရက်နှစ်ဆယ်လဲ။ ကိုညိုဒင် သိန်းဆောင်ပြောတာကို နားမလည်။ အုန်းခင်က ဒီလိုကွာ ဒီကောင်က မနှစ်က ဒီမှာ မရှိဘူးလေကွာ။ အနောက်ရွာဘက်ကို အိမ်သွားဆောက်နေတယ်မို့ လား။ အဲဒီရွာက ရသေ့လိုလို ယောဂီလိုလို ဘိုးတော်လိုလိုလူက သူ့ ကို ရေမန်းတိုက်သတဲ့။ ၀ါတွင်း သုံးလ အရက်ရှောင်ရင် သိန်းပါ ဆောင်ရရုံမကဘူး။ သန်းပါ ကုဋ္ဋေပါ သပိတ်ဝင်အိပ်ဝင် အထုက်ကြီးအထည်ကြီး

နဲ့ ကြီးပွားမှာလို့ မိန့် တော်မူထားလို့ တယ်ကွာ။ မင်းမှ သူ့ အိမ်ဘက်မရောက်တာ ပွဲနဲ့ နန်းနဲ့ ဆရာ။ မသိရင်လည်း မေး၊ ဟုတ်ပလား။ အော်။ ကိုညိုဒင် သိန်းဆောင်ကို သတိထားကြည့်လိုက်တော့ ရွှေလက်စွက် တ၀င်းဝင်း။ ရွှေဆွဲကြိုး တလက်လက်၊ အရက်ခွက်ကတောင် ရွှေရောင်တောက်နေသလား ထင်မှတ်မှားရသည်။ ကိုညိုဒင် တွေတွေငေးငေး ဖြစ်သွားသည်။ ငါ့အလုပ်က အကုသိုလ်အလုပ်။ ဘယ်အချိန် ဘယ်ကာလမှ ကျွတ်လမ်းမြင်ရမလဲ မသိပါလားလို့  တွေးနေမိ ပြန်၏။ ဟေ့ကောင် အုန်းခင် မင်းမယုံကြည်ရင် လွတ်လွတ်နေ။ ငါ့ကိစ္စကို ဘာမှ ဝေဖန်စရာမလိုဘူး။ ငါယုံကြည်တာ ငါလုပ် တာ။ အနည်းဆုံးတော့ကွာ သုံးလလောက်တော့ အရက်ဖိုးမကုန်ဘူးပေါ့ ဟုတ်လား ဟားဟား။ ရယ်ရယ်မောမော ပြောနေ သည့် သိန်းဆောင်၏အမူအယာက ပေါ့ပါးပျော်ရွှင်နေပုံရသည်။ ဒီမှာ ညိုဒင် ကြီးပွားလား မလားလားတော့ ငါမသိဘူး၊ မိန်းမ ကတော့ ကြည်ညိုနေတာပဲကွာ။ မင်းက အရေးမကြီးပါဘူးကွာ။ အကုသိုလ်နဲ့ အကျိုးပေးတဲ့ကောင်ပဲ။ တံငါချင်းတူရင် တောင် ငါးကြီးငါးကောင်း ရတဲ့ကောင်။ အကျိုးပေးဆိုတာက မတူကြဘူးလေကွာ။ ဘာဘိုးတော်မှ မင်းကို မ မလည်း မင်းအလုပ်က မင်းကို ဆောင်မနေတာပဲမဟုတ်လား။ အမှန်တော့ အမှန်ဆိုတာကလည်း အမှန်ဟုတ်ချင်မှ ဟုတ်တာပါကွာ။

အရက် နှစ်လုံးကုန်တော့ သိန်းဆောင် ၀ိုင်းဘေးမှာ ခွေအိပ်နေပြီ။ ကိုညိုဒင်လည်း ရွှေဘကို သတိပြန်ရလာသည်။ ငါ ပြန်အုန်းမယ်ကွာ ငပျော့။ ညနေကျရင် တလုံးတော့ ပို့ လိုက်။ ဒီမှာပိုက်ဆံ။ ကိုညိုဒင် လုံကွင်းကို ခါးစီးပြန်လာခဲ့သည်။

တအောင့်ဆို ထွက်သွားလိုက်တာ။ တော်တို့ ဝိုင်းက ပေတော်တော်ရှည်ကြတာပဲ။ ရောက်မဆိုက် မလုံးက ဆီးကြို၍ ငေါ့သည်။ ထမင်းခူးရမလား။ ခူးကွာ၊ ရွှေဘပြန်ရောက်ပြီလား။ တော့်သားကဖြင့် အိမ်မေ့ယာမေ့၊ တနေ့ တနေ့  ဘယ်သဝေ ထိုးနေမှန်းကို မသိပေါင်။ တော်လည်း နည်းနည်းပါးပါးတော့ ဆိုအုန်းပြောအုန်း။ သေစာရှင်စာတောင်မဖတ်တတ်တဲ့ကောင် ကို တော်ဒီလိုပဲ လက်ပိုက် ငါးထောင်ပြီး ကြည့်နေတော့မှာပဲလား။ မလုံးစကားက ကိုညိုဒင့် နဖူးကြောတွေ တင်းသွားအောင် ရိုက်ချက်ပြင်းဟန်တူသည်။ ကိုညိုဒင် ခေါင်းငိုက်စိုက်နှင့် ထမင်းပန်းကန်ထဲကို ငရုတ်သီးငပိချက်အရည်တွေလောင်းထည့် လိုက်သည်။ ကိုညိုဒင့် ထမင်းပန်းကန်ထဲသို့  ငါးဇင်ရိုင်းဆီကျန်ရေကျန်ဟင်းလေးကို ခပ်ထည့်ပေးရင်းက မလုံး စောစောက စကားပြန်ဆက်သည်။ တော့်သားကို တော်ဒီလို ဆက်ထားနေရင်တော့ ကာလသားပေါက်မဖြစ်ခင် အိမ်ပြေး ဖြစ်ချင်ဖြစ်၊ မဖြစ်ရင် စစ်ထဲရောက်ဖို့ ပဲရှိတယ်။ ဒီကောင့်အသက်အပိုင်းအခြားနဲ့  မင်းပြောနေတာတွေက နှစ်နဲ့ ချီကြာအုန်းမယ့် ကိစ္စ တွေပါကွာ။ အလွဲအချော်တွေချည်း မင်းကလည်း အတွေးခေါင်လွန်းတယ်။ ကိုညိုဒင်တို့  မိသားစုထမင်းဝိုင်းလေးက တခုခု လိုအပ်နေသလို သွေ့ ခြောက်တိုးဆိတ်လွန်းလှသည်။ ကိုညိုဒင် ဘုရားစင်ပေါ်က စားပွဲတင်နာရီကို ကြည့်လိုက်တော့ နှစ်နာရီကျော်ပြီ။ ရွှေဘ၏ အရောင်အရိပ် အငွေ့ အသက်ကို မမြင်ရ မရှူရိုက်ရသေး။ ထမင်းဝိုင်းသိမ်း နေရင်းက မလုံး ကိုညိုဒင်ကို အကဲခတ်ကြည့်နေမိ၏။ တော် ထပ်သွားရှာမနေနဲ့  ငတ်ရင် ပြန်လာလိမ့်မယ်။ အရွယ်နဲ့  မလိုက်ဘူး အလေ လိုက်နေတာက။ အိမ်ပေါက်ဝမှာ စောင့်ကြောင့်ထိုင်၊ ဆေးပေါ့လိပ်ကို မီးညှိ၊ လမ်းမထက်ကို မျှော်နေသည့် ကိုညိုဒင့် ပုံပန်းက ရိုးရိုးနှင့် ဆန်းနေသယောင်။ ရွှေရောင်ကွပ်ထားသည့် တိမ်မဲညို။

× × × × × × ×

ကိုညိုဒင် ကိုညိုဒင် အိမ်ရှေ့ ကပြင်မှာ အိပ်ပျော်နေသည့် ကိုညိုဒင်ကို ငပျော့လှုပ်နှိုးရင်း အရက်ပုလင်းကို အိမ်တိုင်ဘေးတွင် မှေးထောင်ထားလိုက်သည်။ အေး အေး မနက်က အရှိန်နဲ့ မှေးကနဲ အိပ်ပျော်သွားလိုက်တာကွာ ဘဲကြီးဆောရီး တောကြီးမြိုင်လည်ပဲ ငပျော့ရေ။ မလုံးမှာသွားတယ်။ ညနေဈေး သွားတယ်တဲ့ ကိုညိုဒင်နိုးရင် ပြောလိုက်ဖို့  မှာသွားတယ်။ အေးအေး ငပျော့။ ဘုရားစင်ပေါ်က နာရီကို ကြည့်လိုက်တော့ ငါးနာရီကျော်ပြီ။ နေပင်ချိုနေပြီ။ ကလေက၀ ကောင် ခုထိ အိမ်ရိပ်မနင်းသေးဘူး။ ဒီနေ့ တော့ ငါးမျှားတံရိုးရဲ့ အရသာ မင်းမြည်းကြည့်စမ်းကွာလို့ ပြောပြောပြီး ကောင်း ကောင်းတီးလိုက်မယ်လို့  ကိုညိုဒင် တေးထားသည်။ ကိုညိုဒင် အရက်ငှဲ့ နေစဉ် ရွှေဘ ခေါင်းငိုက်စိုက်နှင့် အိမ်ထဲဝင်လာ သည်။ အလို ဧည့်သည်တော်ကြီး ကြွပါခင်ဗျာ။ ကြွပါ။ ဘယ်နေပြည်တော်ကများ မြန်းလာပါလိမ့်။ လာရင်းကိစ္စကို မိန့်  တော်မူပါအုန်း။ ကိုညိုဒင် ရွှေဘကို ရိတိတိ ပြောရင်း အိမ်ဘေးအဖီမှာ ထောင်ထားသည့် ငါးမျှားတံတွေထဲမှ ခပ်တောင့် တောင့် ဖြောင့်ဖြောင့် တချောင်းကို ဆွဲထုတ်လိုက်သည်။ ကိုညိုဒင့်ပုံစံက အာဏာပါးကွက်သားဟန်အပြည့်။ မျက်နှာသေ လေးဖြင့် ရွှေဘ သူ့ အဖေကို ကြည့်နေသည်။ ကဲ ပြောစမ်းပါအုန်း လူက လက်တောက်လောက်။ မင်းကိုမင်း ဘာထင် နေလဲ၊ အိုးပစ် အိမ်ပစ်၊ အိမ်လစ်ကျောင်းလစ်၊ အရွယ်ရောက်တော့ စစ်သားဖြစ် ဆိုတာ မင်းလို ကောင်မျိုးပဲနေမှာ။ လာစမ်း ဒီတိုင်မှာကပ်။ ကိုညိုဒင် ရွှေဘ လက်ကိုဆွဲပြီး အိမ်ကပြင်တိုင်မှာ ဆွဲကပ်လိုက်သည်။ ကျုပ် ဘာလုပ်လို့  ရိုက်မှာလဲ ဘညို။ သွေးအေးအေးနှင့် မေးလိုက်သည့် ရွှေဘ၏မေးခွန်းကို ကိုညိုဒင်ဖြေလိုက်ပုံက ယဉ်သည်။ ငါးမျှားတံအရင်းပိုင်းဖြင့် ရွှေဘ ဖင်ကို အားနှင့် လွှဲရိုက်ချလိုက်ခြင်းပင်။ ဘညို ကျုပ်မေးနေတယ်နော် ကျုပ်ကို ဘာလို့ ရိုက်ချင်တာလဲ။ ကျုပ် ဘာလုပ်လို့  လဲ။ နာကျင်ရကောင်းမှန်းမသိသည့် မျက်နှာပေးဖြင့် ရွှေဘ ကိုညိုဒင်ကို နှုတ်ခမ်းတင်းတင်းစေ့၍ မေးပြန်သည်။ ကိုညိုဒင် နောက်ထပ်တချက်ရိုက်လိုက်စဉ် အသားပေါ်ကျသည့် အသံထွက်မလာပဲ တခုခု ခုခံထားသည့် အရာပေါ်က ထွက်လာ သည့် အသံမျိုး ကိုညိုဒင် သတိထားမိလိုက်သည်။ ကောက်ခါငင်ခါ ရွှေဘ အကျီကို နောက်ကနေ ဆွဲလှန်လိုက်သည်။

ဗလာစာအုပ်ပါးပါးတစ်အုပ်။ ဒါ ဘာလဲ။ စာအုပ်။ ဘာလုပ်တာလဲ။ စာရေးတာပေါ့။ ဘာ မင်းက စာသင်နေတယ် ဆိုတဲ့ သဘောပေါ့။ ဟုတ်တယ်။ ဘယ်ကျောင်းမှ မဖွင့်သေးတာ မင်းးက ဘယ်ကောလိပ်သွားတက်နေတာလဲ။ ငါထပ် လုပ်မိတော့မယ်။ သား ဆရာကြီးဦးခိုင်ဆီမှာ ဗမာစာ ရေးတတ် ဖတ်တတ်အောင် သွားသင်နေတာ။ ဆရာကြီးက ဘ၀ ကိုလည်း သင်ကြားရတာပဲတဲ့၊ ပညာကိုလည်း အမြဲမပြတ် ဆည်းပူးရမယ်တဲ့။ ကျောင်းမတက်ချင်ရင်လည်း အားတဲ့ လပ် တဲ့အချိန် စာကိုသင်ရမယ်တဲ့။ စာမတတ်တဲ့သူဟာ အကန်းနဲ့ တူတယ်တဲ့။ ငါ အကန်းမဟုတ်ဘူး။ ပြစမ်း မင်းစာအုပ်။ စာအုပ်ထဲတွင် စာကြောင်းတချို့ ကို တွေ့ ရသည်။ ကိုညိုဒင် မဖတ်တတ်။ လုပ်စမ်းပါအုန်း ပညာတတ်ကြီးရဲ့ ။ ခင်ဗျား သင်နေတဲ့ စာတွေ ဖတ်ပြစမ်းပါအုန်း။

ငါးစားသာမြင် ငါးမျှားချိတ်မမြင်။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်။ ငါးစိမ်းမြင် ငါးကင်ပစ်။ ငါးပွက်ရာ ငါးစာချ။ ငါးလွန်မှ ကွန်စွန့် ။ ငါးသိုင်းများဟင်းဟုန်။ ငါးမရ ရေချိုးပြန်။

ကြေကြေကွဲကွဲ ရွှေဘ၏ တင်ပါးလေးကို ပွတ်သပ်ချော့မြူနေသည့် ကိုညိုဒင့်ကို မလုံးတယောက် မျက်လုံးအ၀ိုင်းသားဖြင့် အံ့သြတကြီး ငေးရီနေသည်ကို တလောကလုံးကတော့ မမြင်တွေ့ နိုင်ပါချေ။

မောင်လွမ်းဏီ

၃-၄-၂၁၁၀

အပြည့်အစုံသို့...

ငါးသုံးကောင်နှင့် သားအဖနှစ်ယောက်

မောင်လွမ်းဏီ

`အဖေ အဖေ ဘညို ဘညို` အိမ်ရှေ့ ကွပ်ပစ်၌ ခြေပစ်လက်ပစ် အိပ်မောကျနေသော ကိုညိုဒင်ကို ရွှေဘ လှုပ်နှိုးလိုက်သည်။ ကိုညိုဒင် ကိုယ်ကိုလူးလွန့် ၍ တဘက်သို့ လှည့်စောင်းသွားပြန်သည်။ ရွှေဘကလည်း ထပ်ပြန်တလဲလဲ လှုပ်၍ နှုတ်ကလည်း ဒရစပ်ခေါ်နေ၏။ အင် ဟု ခပ်တိုးတိုးညည်းတွားရင်း ကိုညိုဒင် ငုတ်တုတ်ထထိုင်လိုက်ကာ မျက်လုံးနှစ်ဖက်ကို ပွတ်သပ်ပြီး လည်ပင်းမှ ချွေးများကို လုံချည်ဖြင့် သုတ် လိုက်၏။ `ဘာလဲ ရွှေဘ၊ ဘာအရေးကြီးလို့ လဲ`။ `ဟာ အဖေကလည်း နေစောင်းရင် ငါးတန်းသွားချမယ်ဆို၊ အဖေပဲ မနက်က မှာထားပြီး၊ ခု ဘယ်အချိန်ရှိပြီလဲ ကြည့်အုန်း`။ ကိုညိုဒင် ဘုရားစင်ပေါ်က စားပွဲတင် နာရီဝိုင်းလေးကို ကြည့်လိုက်တော့ လေးနာရီစွန်းနေပြီ။ `အိမ်အောက်က ပွဲ့ လျက်နဲ့  ရေနံချေးပုံး ထုတ်ထား ကွာ။ ငါးတန်းကြိုးနဲ့ ငါးစာတွေရော မင်းပြင်ထားပြီးပြီလား`။ `အင်း` ။ ရွှေဘ သူ့ အဖေ ခိုင်းသည့်အတိုင်း အမှားအယွင်း ကင်းအောင် ဂရုတစိုက်လုပ်နေသည်။ `ပက်ခွက်လည်းမကောင်းတော့ဘူးကွာ။ အုန်းမှုတ်ခွက် ခပ်ကြီးကြီးတခွက်လောက်လည်းရှာခဲ့၊ မရှိရင် အုန်းခင်တို့ အိမ်သွားယူ။ အုန်းခင်မိန်းမ ထန်းသီးမုန့် လုပ် ရောင်းနေတော့ သူတို့ အိမ်မှာ ရှိနိုင်တယ်`။ ရွှေဘထွက်သွားစဉ် ကိုညိုဒင် အိမ်ပေါ်တက်ပြီး ဆေးပေါ့လိပ် ၄ လိပ်၊ မီးခြစ်နှင့် ကြေးကွမ်းအစ်လေးကို လွယ်အိတ်ထဲ ထည့်၏။ ဘုရားစင်ထောင့်က ၀ါးကျည်တောက်ထဲမှ ငွေ ၁၀၀ ကိုလည်း လွယ်အိပ်ထဲ ထိုးထည့်လိုက်ပြန်သည်။ ကိုညိုဒင် အိမ်ရှေ့ ထွက်လာတော့ ရွှေဘ အုန်းမှုတ်ခွက် နှစ်ခွက်ကိုင်၍ ၀င်လာသည်။ `မင်းအမေ ဘာမှာသွားသေးလဲ`။ `ဘာမှ မှာမသွားဘူး၊ ထန်းတောစပ်မှာ ငါးကြွေးသွားတောင်းအုန်းမယ်လို့  ပြောတာပဲ`။ `သွားမယ် လာ`။
ကိုညိုဒင်တို့ သားအဖ လမ်းမထိပ်တွင် ကျောင်းဆင်းချိန်နှင့် ပက်ပင်းတိုးသည်။ ရွှေဘ သူငယ်ချင်း သုံးကောင်က ရွှေဘကို ခြေဟန်လက်ဟန် လုပ်ပြကြ၏။ ကိုညိုဒင်နားမလည် မရိပ်မိ၊ မြင်တော့ မြင်လိုက်၏။ ရွှေဘကို အကဲခတ်စွေကြည့်လိုက်တော့ သွားနှင့်ဆိုသည့် လက်ဟန်ပြနေသည်။ ရွှေဘခေါင်းငိုက်စိုက်နှင့် ဖြေးဖြေးမှန်မှန်လျှောက်လိုက်လာသည်။ ဒီကောင်သူ့ သူငယ်ချင်းတွေ ကျောင်းဝတ်စုံတွေနှင့် ကျောင်းကပြန် လာတာတွေ့ လိုက်ရလို့  စိတ်မကောင်းဖြစ်သွားသလား ကိုညိုဒင်စဉ်းစားမိသည်။ အို သူပဲ ကျောင်းမတက်ချင် ဘူးပြောတာပဲ၊ ရေးတတ်ဖတ်တတ်နေပြီပဲ။ ဆရာကြီးဦးခိုင်ဆီမှာ အားရင်သူသွားစာအံနေတာပဲလေ။ ကိုညိုဒင် ကွမ်းတယာ ထုတ်ဝါးရင်း လှော်တက်မကြီးကို ညာဘက်ပြောင်းထမ်းလိုက်၏။

မြစ်ကမ်းနဖူးရောက်တော့ သူ့ လှေမှောက်ထားသည့် ချောင်းဝကမ်းစပ်ဘေးတွင် ကိုတင်ငွေတို့  သား အဖ တသိုက်နှင့် ဆုံသည်။ ကိုတင်ငွေတို့ သားအဖတသိုက် နွားစာမြက်ရိတ်ပြန်လာကြခြင်းဖြစ်၏။ မြစ် အထက်ဘက်ကို အဆန်အတိုင်း ၂ မိုင်လောက်တက်သွားပြီး မြက်ထူသည့်မြေနုကျွန်းပေါ်တက်၍ နေကုန် ရေခမ်း ရိတ်ကြရသည်။ လိုသလောက်ရမှ ရေကြောင်းအတိုင်းပြန်စုန်ဆင်းလာခဲ့ခြင်းဖြစ်သည်. `ဟကောင် ညိုဒင်ကြီး၊ မတွေ့ တာတောင်ကြာပြီ။ မင်း ငါးရော လုပ်သေးလား`။ `ငါက တံငါပဲဥစ္စာ၊ ငါးမလုပ်လို့  ထွေးရီလင်လုပ်ရမှာလား`။ `နောက်ကျသွားပါပြီ ညိုဒင်ရာ၊ စိတ်လျှော့ စိတ်လျှော့၊ ထွေးရီက ခလေးတောင် လေးကောင်ရနေပြီ။ အထီးတွေချည်းမောင်ညိုဒင်၊ အကြီးဆုံးကောင်တောင် ကာလသားပေါက် ဖြစ်နေပြီ မဟုတ်လား၊ တရားနဲ့ ဖြေလိုက်ပါညိုဒင်ရာ။ ဟား ဟား ဟား`။ ကိုတင်ငွေ ကိုညိုဒင်ကို တဟားဟား ရယ်မောရင်း နောက်ပြောင်နေသည်။ ထွေးရီက ထနောင်းကုန်း မြေနုကျွန်းရွာသူ။ ကိုင်းတောင်သူသမီး။ သူ့  ရွာတွင် သူ့  ရုပ်ရည်ကလေးနှင့်သူ၊ ကွမ်းတောင်ကိုင်။ မြို့ မှာ ကျောင်းလာတက်နေသူ၊ ထနောင်းကုန်း ကိုင်းတောဘက် ကိုတင်ငွေတို ၊့ ကိုညိုဒင်တို့  နွားစာသွား ရိတ်ရင်း တခြား ရွာသားတွေနှင့် ထွေးရီကို အပြိုင်ပိုးခဲ့ကြသည်။ မြို့ က ဘကြီးအိမ်မှာနေရင်း ထွေးရီက ကျောင်းတက် သူဆိုတော့ ညဘက် ထွေးညို သီချင်းဖြင့် ထွေးရီ ဘကြီးအိမ်ရှေ့  ကိုတင်ငွေ လူပျိုလှည့်တိုင်း ကိုညိုဒင်တို့ ၊ အုန်းခင်တို့ က လိုက်ရသည်။ ထွေးရီ မိဘတွေက အသောက်အစား လောင်းကစားကင်းပြီး ပျော်ပျော်နေတတ်သည့် ကိုတင်ငွေ့ ကို သဘောကျကြသည်။ ကိုတင်ငွေကလည်း လှည်းသမားမျိုးရိုး ဆိုပေမဲ့ ရိုးရိုး သားသား ရှာဖွေစားသောက် ကြသည့် လှည်းသမားမိသားစုမှ ဆင်းသက်လာသူ။ ဘာသာရေးနှင့် ရပ်ရေး ရပ်ရွာရေးကိစ္စများတွင် ရှေ့ က ဦးဆောင်ဦးရွတ် လုပ်ကြကိုင်ကြသူတွေ။ ထွေးရီက ရိုးရိုးထုံထုံ၊ ကျောင်းစာလည်း မတော်။ ခြောက်တန်း တခါကျတော့ တင်ငွေနှင့် ကြိုက်စ။ နှစ်ခါဆက်ကျတော့ ကိုတင်ငွေက သူ့  မိဘတွေကို တောင်းခိုင်းပြီး ယူလိုက်သည်။ ကိုတင်ငွေတို့ မိသားစုလေးမှာ မကြွယ်ဝသော်လည်း အတော်အသင့် ပြည်စုံသည်။ ထွေးရီ ကလည်း ရိုးထုံသော်လည်း အိမ်မှုကိစ္စကိုတော့ နိုင်နိုင်နင်းနင်းရှိသည်ဟု ပြောရမည်။ အလှူအတန်းဟေ့ ဆိုလျှင်လည်း မျက်နှာမပျက်တတ်သည့် လင်မယား။ ကိုညိုဒင်တို့ ၊ ကိုတင်ငွေတို့  က လည်ပင်းဖက် ငယ် ပေါင်းကြီးဖော်တွေလည်းဖြစ်ကြ၍ ပြောမနာဆိုမနာ။ တယောက်အကြောင်း တယောက်သိကြသူချင်း တယောက် အခက်အခဲကို တယောက်က ယိုင်းပင်းကူထောက်စမြဲ။ ကိုညိုဒင်တို့ အချုပ်ကျ တရားရင် ဆိုင်နေရစဉ်က တရားရုံးထုတ်တိုင်း ကိုညိုဒင်တို့ ကို စီးကရက်လေး၊ ကွမ်းထုပ်လေးများဖြင့် လာလာ အားပေး စကားပြောရှာသည်။ ကိုတင်ငွေတို့  မိသားစုက ကမ်းနားလမ်း ပေါ်တွင်နေသည်။ ကိုညိုဒင်တို့ နှင့် တရပ် ကွက်ထဲမဟုတ်။ ကိုညိုဒင်တို့  ငါးလုပ်ချိန် မြစ်ကမ်းဘေး တဲအစီအရီထိုးနေကြပြီဆိုလျှင် ကိုတင်ငွေတို့ အိမ် နောက်ဘက်တွင် ဖြစ်သည်။ မြစ်ရေကြီးချိန် ကိုညိုဒင်တို့ ကုန်းပေါ်ရှိ အိမ်ကလေးသို့ ပြန်တက်နေသည့်အခါ လှေကို ကိုတင်ငွေတို့ ထံ အပ်ထားရသည်။ ကိုတင်ငွေ့ အိမ် နောက်ဘက် ချောင်းဝတွင် လှေဆိပ်သဖွယ် တံငါ အလုပ်လုပ်သည့် ကိုညိုဒင်တို့ လူသိုက်၏ လှေကလေးများ ချိတ်ဆက်သီ ဆိုက်ကပ်ထားသည်ကို တွေ့ ရမည်။

ကိုတင်ငွေ့ သားအကြီး လူပျိုပေါက်ကောင်က နွားစာလှောင်သည့် အိမ်နောက်ဘက်တင်းကုတ်တွင် ညအိပ်ညနေ နေသည့်အတွက် ဒီကောင်က လှေကလေးများကို ညရေးညတာ စောင့်ကြည့်ပေးရှာသည်။ လှေစောင့်ခ တပြားတချပ်မှလည်း ပေးစရာမလို။ မိတ်ဆွေစိတ်ဖြင့် စောင့်ရှောက်ကူညီကြသည့်လောက၀တ်။ ကိုညိုဒင်တို့ အရပ်တွင် လှေခိုးသည်၊ လှေပျောက်သည်ဆိုသည် မရှိ။ လှိုင်းထန်လွန်း၍ ကြိုးပြတ်ကာ လှေ မျောသွားသည်ကို မသိလိုက်ရင်တောင် နောက်နေ့  မြို့ အောက်ဘက် တရွာရွာက လှေဆယ်ထားကြောင်း ရွာနီးချုပ်စပ် အကြောင်းကြားလာကြသည်။ လှေပိုင်ရှင်က လာယူ။ ရေအဆုံး ကုန်းတ၀က်သဘောမျိုး လှေဆယ်ထားသူကို လှေပိုင်ရှင်က မေတ္တာသဒ္ဒါကြေး ဘယ်ရွေ ဘယ်မျှမဟုတ် ကျေးဇူးတုန့်  ပြန်ကြသည့် သဘာဝ။

ကိုတင်ငွေတို့ သားအဖ နွားစာမြက်ထုံးများထမ်းကာ နွားစာတင်းကုတ်ဆီကို တက်သွားကြ၏။ ကိုညိုဒင် ရရာထင်းခြောက်ကလေးများကောက်၍ မီးဖိုလိုက်သည်။ ရွှေဘထမ်းလာသော ဂုံနီအိတ်ထဲမှ တီတူးသည့် သံတူရွင်းတိုလေးကို ဆွဲထုတ်၍ မီးဖိုထဲထိုးသွင်းလိုက်သည်။ ပွတ်ညက်အနည်းငယ်နှင့် ရေနံချေးပုံးကို ဖွင့်ပြီး အုတ်မှုတ်ခွက်တခုထဲတွင် ထည့်၍ ပယ်ပယ်နယ်နယ် နှယ်နေ၏။ ပွဲ့ လျက်ပျော့လာမှ ဆွဲ၍ဆွဲ၍ လိမ်လိုက်၊ နှယ်လိုက်လုပ်နေ၏။ ကိုညိုဒင် သူ့ စိတ်တိုင်းကျ ပွဲ့ လျက်ကို နှယ်ပြီးသောအခါ မီးဖိုထဲမှ မီးဖုတ်ထားသည့် သံတူရွင်းတိုကို ဆွဲထုတ်လိုက်ပြီး လှေစပ်ကြောင်းများကို အပူလိုက်ကပ်သည်။ ခနခန ဒုက္ခပေးနေသည့် ရေယိုသည့် လှေဝမ်းဗိုက်နေရာကို အသေအချာ စေ့စေ့စပ်စပ် သံတူရွင်းတိုဖြင့် အပူကပ် ပေးနေသည်။ လှေတွင်ရှိပြီး ပွတ်ညက်ခြောက်ဖတ်များမှာ မီးအပူနှင့်တွေ့ ထိမိပြီး ပျော်အိလာကာ လတ် လတ်ဆတ်ဆတ် လှေထေးလိုက်သကဲ့သို့ ပေါက်အာနေသောလှေစပ်ကြောင်းများမှာ ပြန်လည်ပိတ်ဆို့ သွား သည်။ သို့ ဖြင့် ကိုးတောင်လှေကလေး တလှေလုံး သံတူရွင်းပူကပ်ပြီးမှ စပ်ကြောင်းတချို့ တွင် ရေစိမ့်ဝင် ပေါက်ဖြစ်နေသည့် နေရာတို့  ကို လိုက်ကြည့်လိုက်သည်။ ထို့ နောက် ကိုညိုဒင် စွက်ကျယ်စုတ်ဟောင်းကို လိုသလောက်ဖြဲကာ လိမ်ကျစ်၍ ပေါက်နေသော လှေစပ်ကြောင်းထဲ ဓားမဦးဖျားဖြင့် ဖွဖွရွရွ ထိုးသွင်း လိုက်၏။ နှယ်ထားသည့်ပွဲ့ လျက်ကို တဖဲ့တဖဲ့ယူကာ စပ်ကြောင်းများမှာ ဖာထေးသည်။ လှေရေလုံလောက် ပြီဆိုမှ ရေနံချေးသုတ်ရန် ရွှေဘကို အော်ခေါ်လိုက်၏။ ရွှေဘ ကိုတင်ငွေ့ သားအကြီးကောင်အိပ်သည့် နွားစာ တင်းကုတ်မှ အပြေးဆင်းလာသည်။ `ရေနံချေး ရွှဲရွှဲလေးသုတ်ကွာ ရွှေဘ၊ လှေနံတွေလည်း တခါထဲသုတ်၊ နေနည်းနေပြီ၊ ဒါပြီးမှ ငါးတန်းချရမှာ`။ ရွှေဘ စွတ်ကျယ်စုတ်ပိုင်းကို ရေနံချေးပုံးထဲ နှစ်လိုက် လှေကို ခတ်သွက်သွက် သုတ်လိုက်နှင့် ခနအတွင်းမှာပင် လှေတစင်းလုံး ရေနံချေးသုတ်ပြီးသွားသည်။ `တင်ငွေရေ၊ တင်ငွေ တဆိတ်လာစမ်းပါအုန်းဟ၊ လှေ ရေချချင်လို့ `။ ကိုတင်ငွေတို့  သားအဖ နှစ်ယောက်နှင့် ကိုညိုဒင်တို့  သားအဖနှစ်ယောက် ကျွန်းသားကိုးတောင်လှေကလေးကို မြစ်ရေထဲ အသာအယာ မ ချ လိုက်ကြသည်။ ကိုညိုဒင် ပစ္စည်းပစ္စရလေးများ သိမ်းဆည်းနေစဉ် ရွှေဘက လှေကပ်များ၊ ငါးတန်းကြိုး၊ ငါးစာပုံး၊ လှော် တက်စသည်တို့ ကို လှေဝမ်းထဲတွင် နေသားတကျ ခင်းထားလိုက်သည်။ ကုန်းပေါ်ပြန် တက်ရင်းမှ `မင်း ပြန် ခါနီး အိမ်တချက်ဝင်ခဲ့အုန်း၊ ချဉ်ပေါင်လေး၊ ပဲသီးလေး ယူသွား`။ ကိုတင်ငွေ အော်ပြောသည်ကို ခေါင်း ငြိမ့်ပြလိုက်ရင်း ချောင်းဝစပ်မှ ကျောက်ဆောင်ကွေ့ မြစ်ရေငြိမ်သည့်ရေပြင်ဆီ လှေကို လှော်ထွက်လာ ခဲ့သည်။

× × × × × × ×

တိုက်သစ်ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံက ကိုညိုဒင်တို့ မိသားစုလေးကို ပုတ်နှိုးလိုက် သည်။ ကိုညိုဒင် အိပ်ရာမှ ထလာပြီး ထမင်းစားပွဲလေးပေါ်ရှိ ရေနံဆီမီးခွက်လေးကို မီးညှိလိုက်သည့်အခါ အိမ်ကလေးထဲတွင် ၀ါကျင့်ကျင့် မီးရောင်လေးက လူးလွန့် နေ၏။ နောက်ဖေး စည်ပိုင်းပြတ်ရှိရာမှ ရေလောင်းသံကြားလိုက်ရသည်။ ရွှေဘမျက်နှာသစ်နေပုံရ၏။ အိမ်မှုန်စုံမွှားနှင့် ခြင်ထောင်ကြိုးဖြုတ်ရင်း `ဓာတ်မီးက ဘုရားစင်ပေါ်မှာနော် ကိုညိုဒင်`ဟု မလုံး ကိုညိုဒင်ကို လှမ်းပြောသည်။ ကိုညိုဒင် မျက်နှာကို ရေတချက်နှစ်ချက်ရိုက်၍ မီးသွေးခဲဖြင့် သွားတိုက်လိုက်သည်။ ပုဆိုးစဖြင့် ရေသုတ်လိုက်ပြီး `သား ရွှေဘရေ၊ သွားကြရအောင်`။

လမ်းဓာတ်မီးတိုင်များက မီးမပေးသည်မှာ နှစ်နဲ့ ချီကြာလာပြီဖြစ်၍ လက်နှိပ်ဓာတ်မီးကိုပဲ အားကိုးရ သည်။ ရှေ့ က မီးထိုးသွားနေရင်း လက်နှိပ်ဓာတ်မီးရောင်က မှိန်ဖျော့ဖျော့သာ လင်းနေ၏။ ဓာတ်ခဲဝယ်ဖို့  မေ့နေလိုက်တာဟု ကိုညိုဒင်စဉ်းစားမိသည်။ လှေဆိပ်ရောက်တော့ ကိုတင့်ငွေသားကို အသံပြုကာ လှေပေါ် သားအဖနှစ်ယောက် တက်လိုက်ကြသည်။ ကိုညိုဒင်က လှေဦးမှာထိုင်၍ ရွှေဘက ပဲ့ကိုင်လှော်ခတ်လာသည်။ လှော်တက်မကြီးနှင့် ရွှေဘအရွယ်က မမျှ။ သို့ ပေမယ့် ရွှေဘ မနိုင်တနိုင်ဖြင့်ပင် လှေကို ကောင်းကောင်း ထိန်းနိုင်လှော်နိုင်နေပြီလေ။ မြစ်ထဲက လှိုင်းရိုက်ခတ်သံလေးများကို ဟိုအဝေး သည်အနားမှ ကြက်တွန်သံတို့  က ကြိုးကြားရံခါ ဖုံးလွှမ်းနေစေသည်။ ကိုညိုဒင် ငါးကြိုးတန်းမှ ချိတ်ထောင်ထားသော ငါးမျှားချိတ်လေး များမှ ငြိတွယ်နေသောငါးတို့ ကို အသာအယာဆွဲယူရင်း ငြိနေသည့်ငါးများကိုဖြုတ်၍ လှေဝမ်းထဲသို့ ပစ်ပစ်ထည့် လိုက်သည်။ သည်နေ့  သိတ် မဆိုးလှဟု ကိုညိုဒင် ငါးမျှားတန်းကြိုးများကို ဖြုတ်ရင်း ရသည့်ငါးများကို ခန့်  မှန်းတွက်ချက်ကြည့်မိသည်။ ငါးဘတ်အကောင်လတ်လတ်တွေပါတော့ စုစုရရ ၂ပိသာခွဲ ၃ပိသာလောက် တော့ ရှိနိုင်သည်ဟု စိတ်က အောက်မေ့ရင်း ပင်မငါးတန်းကြိုးကို လက်တောင်ဖြင့် ရစ်၍ရစ်၍ ဖြုတ်လိုက် သည်။ အရုဏ်ကျင်းပြီ။ အလင်းရောင်ပြူစပြုပြီ။ ရွှေဘ လှေကို ခပ်သွက်သွက် ချောင်းဝကမ်းဘက် လှော်ခတ် လာခဲ့သည်။ ချောင်းဝ ရောက်တော့ အမှောင်ပြယ် အလင်းဝင်ရောက်စ။ ` ရွှေဘ သား။ အဖေ တင်ငွေ့ တို့  အိမ်မှာ အိမ်သာသွား တက်လိုက်အုန်းမယ်။ မင်း ငါးတွေ ဘာလီချိုင့်ကြီး နှစ်ချိုင့်ထဲ ခွဲထည့်ထား၊ ပေးစမ်းကွာ၊ အဖေ့လွယ်အိပ်။` လွယ်အိတ်ထဲမှ ဆေးပေါ့လိပ်နှင့် မီးခြစ်ကို ကသုတ်ကယက် ဆွဲထုတ်ယူပြီး ကိုညိုဒင် ကိုတင်ငွေတို့ အိမ်ဘက် အပြေးတက်သွား၏။

လှေဝမ်းထဲတွင် လှုပ်ခါလူးလိမ့် တိုးဝှေ့ ခုန်ရမ်းနေသည့် အကောင်လတ်လတ် ငါးဘတ်ကြီးများနှင့် ငါးမြွေထိုးကြီးများကို ဘာလီချိုင့်ကြီးတလုံးတွင် ရွှေဘ ကောက်ထည့်လိုက်သည်။ နောက်ချိုင့်တလုံးထဲသို့  ငါးဇင်ရိုင်းအကောင်လတ်များနှင့် ငါးပြေမများကို ဖြေးဖြေးချင်း ကောက်ထည့်လိုက်၏။ လှေဝမ်း ရေစပ်စပ် ထဲတွင် ငါးပြေမ သုံးကောင်သာ ခုန်လိုက်ပျံလိုက် လူးလိုက်လိမ့်လိုက် ကျန်နေသည်ကို တွေ့ ရသည်။ လှုပ်ခါ ခုန်ရမ်းနေသည့် ငါးပြေမ သုံးကောင်ကို ကောက်မထည့်မီ ရွှေဘ တွေတွေငေးငေးကြည့်လိုက်မိသည်။ တလောက ဆရာကြီးဦးခိုင် သင်ကြားပြသပေးသည့် ငါးသုံးကောင်အကြောင်းကို နှုတ်က ရွတ်ဆိုမိသလိုဖြစ် သွား၏။ ဆရာကြီး ရေးပြခိုင်း၍လည်း ကောင်းကောင်းရေးပြနိုင်ခဲ့သည်။ ဆရာကြီးကို သူအလွတ် ရွတ်ဆို ပြခဲ့သည့်အတိုင်း တိုးတိုးဖွဖွ ရေရွတ်ကြည့်နေမိသည်။

`တနေ့ သ၌ ရေတံငါတဦးသည် မြစ်ထဲ၌ ပိုက်ကွန်ဖြင့် ငါးဖမ်းရာ သူ၏ပိုက်ကွန်၌ ငါးသုံးကောင် ငြိတွယ်ဖမ်းဆီးရမိ၏။ ထိုငါးသုံးကောင်ကို လှေဝမ်းထဲတွင် အရှင်လတ်လတ် ပစ်ထည့်ထားလိုက်၏။ ငါးအရှင် သုံးကောင်မှာ ရေစပ်စပ်လှေဝမ်းထဲတွင် ခုန်လိုက်ပျံလိုက် ရမ်းခါတိုးဝှေလိုက်နှင့် လှေစုန်မျောရာ အတိုင်း ပါလာသည်။ ထိုငါးသုံးကောင်ထဲမှ တကောင်သောငါးသည် ဤသို့  တွေးတောစဉ်းစား၏။ ကံဆိုးလို့  တံငါ လက်မှာ အဖမ်းခံရပြီး အသက်သေရတော့မယ်။ ငါကံပေါ့ဆိုပြီး ကံကိုရိုးမယ်ဖွဲ့ ကာ လှေဝမ်းထောင့်မှာ မလှုပ် မရှား၊ မခုန်မပျံတော့ပဲ ခွေပြီးနေလိုက်တော့သည်တဲ့။ နောက်ငါးတကောင်ကတော့ ယခုလို စဉ်းစားပြန်၏။ ကံဆိုးလို့ တံငါလက်ထဲကိုရောက်သော်ငြား ငါ့မှာ ညာဏ်ရှိ၏။ ငါ့ ညာဏ်ပညာကို အသုံးချပြီး တံငါလက်က လွတ်အောင် ငါရုန်းထွက်ရမည်ဟု့ စိတ်ပိုင်းဖြတ်ပြီး လှေဝမ်းထဲကနေ မြစ်ထဲရေထဲရောက်အောင် တစွေ့ စွေ့  ခုန်ခုန်ပြီး ကြိုးစားနေပေသည်။ လှေဝမ်းမှာ မြင့်သဖြင့် အလွယ်တကူ လွတ်အောင်မခုန်နိုင်ပဲရှိရာ နားလိုက်၊ အသက်ရှူလိုက်၊ အမောဖြေလိုက်ဖြင့် လွတ်မြောက်ရေးကို ကြိုးပမ်းနေရှာသည်။ နေမြင့်လာ၍ နေပူရှိန် ကလည်း မီးရှိန်သဖွယ် ပူးပြင်းလာ၏။ တံငါသည်မှာ ကွန်ရုတ်တိုင်း ငါးမပါသည်ချည်း ဖြစ်နေ၍ ဒေါသလည်း တဖြင်းဖြင်း ထွက်နေသည်။ ၀မ်းဗိုက်ကလည်း ဆာလောင်မှုကြောင့် တကျုတ်ကျုတ် အော်မြည် တောက် လောင်နေပြန်သည်။ လှေဝမ်းထဲမှ ဂဏာမငြိမ် ခုန်ပျံလှုပ်ရှားနေသောငါးကိုကြည့်ကာ ဒေါသပိုထွက်လာ ပြန်သည်။ သို့ နှင့် လှော်တက်ဖြင့် ငါး၏ခေါင်းကို သေချာချိန်ရွယ်၍ ရိုက်ချလိုက်၏။ ငါးသည် ဦးခေါင်းကွဲကာ သေပွဲဝင်ရှာရသည်။ ကျန်ငါးတကောင်ကမူ သွေးစက်လက်ဖြင့် သေပွဲဝင်သွားသောငါးနှင့် လှေဝမ်းထဲတွင် သေချိန့်စောင့်နေသောငါးတို့ ကို ကြည့်၍ ပိုင်းခြားဝေဖန် သုံးသပ် စဉ်းစားနေ၏။ ကံဆိုးမိုးမှောင်ကျ၍ တံငါ သည် မုဆိုးလက်တွင်း သက်ဆင်းရသည်။ ညာဏ်ပညာအမြှော်အမြင်ရှိသော်လည်း လုံ့ လ၀ီရိယတို့ ကို အချည်းနှီး ဖြုန်းတီး၍ သေလွန်ရသည်။ သို့ အတွက် ငါအသို့ ကြံဆောင်သင့်သနည်းဟု မေးခွန်းထုတ်ရင်း လှေဝမ်းထဲ၌ ငြိမ်ဆိတ်ကာ အကြံထုတ်နေလေသည်။ တံငါသည် ကွန်ပစ်တိုင်း လှေသည်လူးခါသွား၏။ လှေနံသည် ကွန်ပစ်သည့်ဘက်သို့ စောင်းရွဲ့ သွား၏။ လှေနံနှင့် ရေပြင်သည်ထိလုခမန်း ညီမျှသွား၏။ ထိုချင်း ရာများကိုကြည့်၍ သုံးကောင်မြောက်ငါးသည် အခွင့်အရေးကို ကြံစည်အားထုတ်ကာ ချောင်းမြောင်းနေလေ သည်။ ထိုအခိုက် တံငါသည်သည်လည်း ပုခုံးပေါ် ထမ်းတင်ထားသည့် ပိုက်ကွန်ကို ဆကာမြှောက်ကာ မြစ်တွင်းသို့ ပစ်ချ လိုက်လေသည်။ ထိုရောအခါ လှေသည်စောင်း၍သွား၏။ လှေနံသည် ရေမျက်နှာပြင်နှင့် ကြမ်းတပြေးညီ ဖြစ်သွား၏။ ငါးသည် ရှိသမျှ ခွန်အားကိုသုံး၍ မြစ်ထဲသို့ ခုန်ပျံဆင်းသက်လိုက်ရာ တံငါလက်မှ လွတ်မြောက်သွားလေတော့သည်။ တံငါသည်သည် ငါးလွတ်သွား၍ ဒေသပိုထွက်သွားကာ လှေဝမ်း၌ ခွေကပ်နေသော ငါးကိုပါ လှော်တက်ဖ်ြင့် ရိုက်သတ်လိုက်ပြန်လေသည်။

ထိုစာ ဆရာကြီးကို ဖတ်ရွတ်ပြစဉ်က ဆရာကြီး ဆုံးမပြောကြားလိုက်သည့်စကားကို ရွှေဘ ထပ်မံ ကြားယောင်မိပြန်သည်။

` အဲဒါပဲ၊ မောင်ရွှေဘ၊ လူဆိုတာ ကံ ညာဏ် ၀ီရိယကို မျှတအောင် ဆင်ခြင်းအသုံးပြုနိုင်ရမယ်ကွ။ ကံကိုချည်း ယိုးမယ်ဖွဲ့ ပုံချလို့ မရသလို၊ ညာဏ်ရှိတိုင်းလည်း ၀ိရိ.ယစိုက်ထုတ်နိုင်မှ အောင်မြင်မှုပန်းတိုင်ကို ရောက်နိုင်တယ်ဆိုတာ ငါ့တပည့် သေအောင်မှတ်ပေတော့။`

မောင်လွမ်းဏီ

၇-၇-၂၀၁၀

အပြည့်အစုံသို့...

ပူတယ်လေ ဆယ်နေကဲရှာတော့

မောင်လွမ်းဏီ

ကိုကျော်မြင့် သစ်ခွဲစက်မှ ယူလာသည့် အင်ဘကာသားအတိုအစများနှင့် လွှစာမှုန့် များကို အိမ်အောက် ထိုးသွင်းရင်း ကိုညိုဒင် မလုံးကို ကြည့်လိုက်၏။ အိမ်ရှေ့ ကွပ်ပစ်၌ တင်ပလင်ခွေထိုင်ကာ စကောထဲက ဆန်ကို ပြာလိုက်၊ စပါးလုံး၊ ကျောက်ခဲနှင့် ကြွက်ချေးတို့ ကို ကောက်ပစ်လိုက်နှင့် ထမင်းချက်ရန် စိတ်စောနေဟန်ရှိသည့် မလုံး၏ဟန်ပန်မူယာမှာ ခေါင်းလက်ခြေ အလှည့်ကျ အချိုးညီညီ လှုပ်ရမ်းနေတတ်သော ရွှေပန်းထိမ် ဆရာကြီးဦးကျော်နေအိမ်မှ ပန်းရောင်ဘိုမရုပ်ကလေးနှင့်ပင် တူနေသယောင်။ မလုံး ခေါင်းကို ဘယ်ညာလှည့်၍ ဇက်ချိုး ခါးဆန့် ပြီး စကောကို ဘေးနားအသာချလိုက်၏။

`တော် ထမင်းဆာလာလို့ လား။ ညစာ မချက်ရသေးဘူး။ မနက်ကျချက်တဲ့ ခရမ်းချဉ်သီးငပိချက်တော့ တော့်ဖို့  ချန်ထားတာရှိသေးတယ်။ တော့် တယောက်စာတော့ ထမင်းလည်းရှိတယ်။` မလုံး ထမင်း ခူးခပ် ပြင်ဆင် မည်အလုပ် ကိုညိုဒင် မလုံးဘေး ၀င်ထိုင်လိုက်၏။ `ငါ ကမ်းနားဆိပ်က စားလာသေးတယ်။ မဆာသေးပါဘူး။ ပေးစမ်းဟာ ယပ်တောင် ပူလိုက်တာ ပေါင်းဖိုထဲ ၀င်နေရသလိုပဲ။` နဖူးမှာ စို့ တင်နေသည့် ချွေးစလေးများကို လက်မောင်းနှင့်ပွတ်သုတ်ရင်း အိမ်ထရံကြားတွင် ထိုးညှပ်ထားသည့် စက္ကူယပ်တောင်လေးကို ကိုညိုဒင့်ထံ မလုံး ကမ်းပေးလိုက်သည်။ ဒီနှစ်လောက်ပူတာ ကိုညိုဒင် မကြုံစဖူး။ ဘိုးစဉ်ဘောင်ဆက် အညာမြေလတ်မှာ နေလာ ခဲ့သူတွေပီပီ တော်တန်ရုံ အပူလောက်ကိုတော့ ဂရုမထား။ မြစ်ထဲက ဖြတ်တိုက်ခတ်လာသည့် မြစ်လေလေး တချက်ဝှေ့ လိုက်ရင် အပူငြိမ်းသဟဆိုသည့် လူစားတွေမဟုတ်လား။ အခါရက်က မိုးလေး တပြိုက် နှစ်ပြိုက်ကျ ပေမယ့် သင်္ကြန်မိုးမည်ကာမတ္တ။ ဆွမ်းခံကြွချိန်ရောက်သည်နှင့် အပူပြင်းပြီ။ နေ့ လည်နေ့ ခင်းဆို အလုပ်ပျက် အကိုင်ပျက်လောက်အောင်ပူ၏။ သည်အပူနှင့်ယှဉ်ကာ လှေလိုက်လိုက်၊ ကုန်ထမ်းလိုက်၊ ထင်းခွဲ လိုက်နှင့် ရသည့် ကျဘမ်းအလုပ်တွေကို ကိုညိုဒင် ရှာလုပ်သည်။ ညနေစောင်း နေချိုချိန် လောက်မှ မြစ်ထဲဆင်း ငါးတန်း သွားချသည်။ မလုံးဈေးထွက်ဖို့ နေနေသာသာ ဟင်းစားပင် မရချင်။ ကိုညိုဒင် ယပ်တဖြတ်ဖြတ်ခပ်ရင်း အိမ် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်နေမိသည်။ လူမပြောနှင့် ရေနံချေး သုတ်ထားသည့် ၀ါးထရံကာ သက်ကယ် မိုးအိမ်ကလေးမှာ အပူဒဏ်ကြောင့် တဖြစ်ဖြစ် အော်မြည်နေသည်။ လမ်းမထိပ်က ကုက္ကိုပင်၊ မန်ကျီးပင်၊ တမာပင်ကြီးတို့ ၏ ပင်စည်ကိုင်းခတ်တို့ အပေါ်တွင် တံလှပ်လှိုင်းတို့ ရိပ်ကနဲ လျှပ်ကနဲ ပြေးဖြတ်နေတော့သည်။

ဧရာဝတီမြစ် အနောက်ဘက်ကမ်း မြေလတ်ဒေသကား ပူ၏။ သွေ့ ခြောက်၏။ သစ်ရပ်ဝါးရိပ် ကင်းမဲ့၏။ ထနောင်း၊ ဆူးရစ်နှင့် ခြုံပုတ် ကျို့ တို့ ကျဲတဲတို့ ဖြင့် တန်ဆာဆင်ထားသောမိုးခေါင်ရပ်ဝှမ်း။ လွင်တီးခေါင် ကျပ်တီး ကုန်းခြောက်။ ဧရာဝတီမြစ်ကြီး ပခုံးပေါ် မေးတင်ခိုလှုံထားသော်လည်း ပထ၀ီဝင်သဘာဝအရကိုပင် အပူပိုင်း ဒေသဖြစ်သောကြောင့် ပူပြင်းမှုဖြင့် အသားကျနေသည်မှာ မဆန်းချေ။ ထို့ ကြောင့် ရေရှားမှု ပြဿနာက နောက်ဆက်တွဲကပ်ငြိပါလာသည်။ သည်အရပ်မှာ နေထိုင်ကြသူတွေကိုပဲ ကန်ရေသောက် မြက်ခြောက်စား များ လို့  ကြည်စယ်နောက်ပြောင်ခံကြရသူတွေလေ။ `တော် ညဦး ငါးတန်းသွားချအုန်းမှာလား` မလုံးအမေးစကား သံကြောင့် ကိုညိုဒင် ဟေ ကနဲ အာမေဋိတ်သံပြုမိသည်။ သွားရကောင်းမလား၊ မသွားရကောင်းမလား ချီတုန် ချတုန်ဖြစ်နေ၏။ သူ ငယ်စဉ်က အဖေဖြစ်သူနှင့် ဧရာဝတီ မြစ်ရိုးတလျှောက် ရေတံငါဘ၀ပုံရိပ်များကို အောက်မေ့ မြင်ယောင်မိပြန်သည်။ သုံး လေးနာရီ မြစ်ထဲဆင်းလိုက်သည်နှင့် ရလိုက်တဲ့ငါး။ ကွန်ပစ်ပစ်။ ထွန်ပစ်ပစ်၊ တန်းချချ၊ ပိုက်မျှောမျှော၊ ပေါလိုက်သည့်ငါး။ ဖွားအေကြီး တနေ့ တနေ့  ငါးပိကောင်ထည့်တာကိုက အချိန်တဆယ်မျိုး နှစ်ဆယ်မျိုး၊ ခုတော့ ဒီလိုမဟုတ်တော့။ တနှစ်ထက်တနှစ် ဧရာဝတီမြစ်ကြောင်းကြီးက ပြောင်း ပြောင်းလာနေ သည်။ တနှစ် ဒီဘက်ကမ်းက စီးဆင်း သွားသော်လည်း နောက်နှစ် ဟိုဘက်ကမ်းက စီးရစ် ခွေသွားပြန်သည်။ မြစ်ကြောင်းကလည်းမမှန်တော့။ မြစ်ကြောင်းကျဉ်းလာတော့ အညာဆန်၊ ပြည်ကူးတို့  သင်္ဘောကြီးငယ်တွေ လည်း ဥသြသံတအူအူဖြင့် ဟိုသောင်ငြိလိုက် သည်ကမ်းတင်လိုက် ဖြစ်ကြရသည်။ မြစ်ကြောင်း ကျဉ်းလာမှု ကလည်း သိသိသာသာ။ ၀ါဆိုဝါခေါင် ရေကြီးရေတက်ချိန်လွန်မြောက်ပြီး လတော်သလင်း မြစ်ရေသင်ဖြူးခင်း ချိန်တွင် မြစ်ကမ်းနံဘေးဝဲယာတွင် မြေနုများ နှုံးတင်ကျန်ရစ်ခဲ့သည်။ ကိုင်းသမားတွေက ယင်းမြေနုများတွင် မြေပဲ၊ ကုလားပဲ၊ ငြုပ်။ ပြောင်းတို့ ကို စိုက်ပျိုးကြသည်။ ထို့ နည်းလည်းကောင်းပင် မြစ်ဝမ်းဗိုက်တွင်လည်း မြေနုကျွန်း များ ပေါ်ထွန်းလာမြဲဖြစ်သည်။ မြေနုကျွန်းများကတော့ သူ့ အပိုင်နှင့်သူ။ ကိုင်းသမားတဦးတယောက်ချင်း ပိုင်ဆိုင်မှုများရှိသလို ရွာလိုက်ပိုင်ဆိုင် စိုက်ပျိုးကြသည်လည်းရှိ၏။ ရွာတည်အခြေချသည့် သူများလည်းရှိသည်။ မြစ်ကြောင်းပြောင်းလာမှုအပေါ် မြေနုကျွန်း ပေါ်ထွန်းမှုတွေကလည်း လိုက်ပြောင်းလဲလာတော့သည်။ နှစ်စဉ် နှစ်တိုင်းလိုလို မြေနုကျွန်းလုကြသည့် တုတ်တပျက် ဓားတပျက် အမှုအခင်းများမှာ သွေးချောင်းစီးလာခဲ့သည်။ တရွာနှင့်တရွာ ကလဲ့စားချေစစ်ပွဲများဖြင့် အာဃာတတွေ ကြီးထွားလာနေကြသည်။ မြေနုကျွန်းများကား မြေလတ်ဒေသအတွက် အရေးပါသည့် သီးနှံစားကျက်များ မဟုတ်လား။ မြေနုကျွန်းများပေါ်တွင် ရာသီစာ ဖြစ်သည့် ဖရုံ၊ ဖရဲ၊ သခွား၊ စိမ်းစားဥ၊ ဗူး၊ ချဉ်ပေါင်၊ ခရမ်းချဉ်၊ ရုံးပတီ စသည့် သစ်သီးဝလံများသည် တနယ်လုံးအတွက် ဖူလုံစေသည်။ မြေနုကျွန်းပေါ်မှ သဘာဝအလျှောက် ပေါက်ရောက်သည့် ကိုင်းမြက်များမှာ တောင်သူများနှင့် နွားလှည်းသမားများ အတွက် အဓိက နွားစာဖြစ်သည်။ သို့  အတွက် ဧရာဝတီ၏ရင်သွေး မြေနုကျွန်းများသည် မြေလတ်သားတို့  အတွက် အသက်သွေးကြော။ မြစ်ကြောင်း မမှန်သည့်အပြင် စိုက်မရ ပျိုးမရ၊ သွာရလာရ ခက်ခဲသည့် သဲသောင်ပြင်ကြီးများက ရှည်လျားကျယ်ပြောစွာ ပေါ်ထွက်လာနေသည်။ တချို့  နှစ်များတွင် ကမ်းနှစ်ဖက် ထွန်းနေသည့် သဲသောင်ပြင်ကြီးများမှာ မြစ်မကြီးကို ပိတ်စို့ လုနီးပါးဖြစ်နေတတ်သည်။ သင်္ဘောများ ခုတ်မောင်းသွားလာရန် ကျပ်တည်းခက်ခဲလာသည်။ ကိုညိုဒင် ငယ်စဉ်ကာလများက သဲသောင်ပြင် ကြီးများ ပေါ်ထွန်းလာပြီဆိုလျှင် သောင်တူးစက်ကြီးများဖြင့် ဖြိုဖျက်၍ မြစ်ကြောင်းရေကြောင်းကို တူးဖော်တာတွေ လှေပေါ်က အငေးသား ကြည့်ခဲ့ရသည်။ တနှစ်ထက်တနှစ် မြစ်ကြီးကား အိုမင်းလာနေသည်။ ခွန်အားတွေ လျော့လျည်းလာသည်။ အားကောင်းမောင်းသန်ရေစီးတို့  နှေးကွေးလေးလံလာသည်။ မြေနုကျွန်းများကို မမွေးဖွား ပေးနိုင်တော့ပဲ သွေးသားခမ်းခြောက်လာသည့် သူအိုမကြီးနှင့် တူလာသည်။ သည်မြစ်ကြီး၏ ကျေးဇူးတွေ ကြီးမားလှသော်လည်း အိုမင်းရင့်ရော်မှုကို စောင့်ရှောက်ကုစားပေးမည့်သူတွေ မရှိတော့ဘူးလားဟု ကိုညိုဒင် စဉ်းးစားမိပြန်သည်။

ကိုညိုဒင့် မျက်ဝန်းထဲတွင် တိမ်ကောခြောက်သယောင်းနေသော ဧရာမြစ်ပြင်ကို မြင်ယောင်မိရင်း ငါ့ဘ၀ အတွက် အရေးအကြီးဆုံး ငါးတွေ၊ ငါ့မိသားစုအတွက် ငါးတွေ၊ ရေနဲ့ ကြာ၊ ရေနဲ့ ငါး၊ ရေမရှိရင် ငါးတွေလည်း ဘယ်ရှိနိုင်တော့မှာလဲဟု တွေးတောဝမ်းနည်းလာသည်။ `မိလုံး ဟဲ့ မိလုံး` အိမ်အောက်တွင် ဖြာခင်း၍ လဲလျောင်းမှေးစက်နေသည့် မလုံးကို ကိုညိုဒင် အော်ခေါ်လိုက်သည်။ `ဘာတုန်း ကိုညိုဒင်၊ ပူလွန်းလို့ တော်၊ ခနလှဲနေတာ၊ ခိုစရာကပ်စရာကို မရှိအောင်ပူတာ။ ရေအိုးထဲကြည့်ပါလား မနက်က ထည့်ထားတဲ့သောက်ရေတွေ သောက်တောင်မသောက်ရသေးဘူး တ၀က်လောက်ခမ်းနေပြီ`။ `ငါ စောစောပဲ ငါးတန်းသွားချတော့မယ်။` `ပူပါသေးတယ်တော်၊ ငါးနာရီစွန်းမှ သွားပါတော့လား၊ ငါးမရလည်း ကျုပ် ကုန်စိမ်းရောင်းရမလားလို့ ။ အခိုက် အတံ့ပါ။ တော် မနက်မနက် ရေလယ်ကျွန်းကို လှေပို့ ပေးမလား။ အဲဒီမှာ ကုန်စိမ်းသွားယူမယ်။ တော်နဲ့  တိုင်ပင် မလို့ ၊ ရေပြန်ထလို့ ငါးရတော့လည်း ငါးသည်ပြန်လုပ်ရမှာပေါ့။` `ထားစမ်းပါကွာ၊ ငါရှာပါ့မယ်။ အေး ရွှေဘ လာရင် နေစောင်းရင် ကမ်းနားဆိပ် ကျောက်ဆောင်ကွေ့ ကို လိုက်ခဲ့လို့ ငါမှာတယ်လို့ ပြော`။ ကိုညိုဒင် လှော်တက်၊ ငါးတန်းကြိုးများကို စုပုံထားလိုက်ပြီး မီးဖိုထဲရှိ စဉ့် အိုးဘေးတွင် ကျောက်အိုးဖြင့် ထည့်ထားသည့် ငါးစာငါးပေါက်နှင့် လက်မလောက် ပုဇွန် ပေါက်လေးများကို ကြည့်လိုက်တော့ သေနေတာ တွေ့ ရသည်။ တချို့  အကောင်တွေက အနံ့ ပင် ထွက်ချင်ချင်။ ကျောက်ရေအိုးကိုကြည့်၍ ကိုညိုဒင် ဝေခွဲမရ။ နောက်မှ ရေထဲ လက်နှိုက်ကြည့်တော့ ရေက ရေနွေးပူလို ဖြစ်နေသည်။ ကိုညိုဒင် သဘောပေါက်သွားသည်။ ရေတောင်ပူနေရင် မြေကြီးလည်း ပူမှာပဲ၊ ဒီလိုဆို တီတောင်တူးလို့ ရပါအုန်းမလားဟုလည်း ငိုင်ငိုင်တွေတွေ တွေးဆမိပြန်သည်။ ဘယ်က ဘယ်လို ထွက်လာမှန်းမသိသည့် နဖူးနှင့် နားထင်က ချွေးများကို ပုဆိုးနှင့်သုတ်လိုက်ရင်း ကိုညိုဒင် စိတ်ပျက် လက်ပျက် လှေခါးရင်းတွင် ထိုင်ချလိုက်သည်။

` အမေ အမေ ` သူ့ အမေမိလုံးကို အော်ခေါ်ရင်း ရွှေဘအိမ်ထဲဝင်လာသည်။ သူ့ လက်ထဲတွင် ဘာလီ ချိုင့် ဟောင်းပုံးတပုံးကို ဆွဲလျက်။ တကိုယ်လုံးရွှံ့ နွံတို့ ဖြင့် ပေရေလိမ်းကျံနေသည်။ မျက်နှာပေါ်တွင် စိုတ၀က် ခြောက်တ၀က် ရွှံ့ ဖတ်များကြောင့် ရုပ်ရှင်ထဲတွင် တွေ့ ဖူးသည့် ကပ္ပလီတကောင် ချောင်းထဲက တက်လာပုံမျိုးနှင့် တူနေ၏။ မီးဖိုချောင်ထဲမှ ထွက်လာသည့် မလုံးလက်ထဲသို့  ရွှေဘ ဘာလီချိုင့်ကို ကမ်းပေးလိုက်သည်။ `ရွှံ့  အလူးလူးနဲ့ ဘာလုပ်လာတာလဲရွှေဘ` ။ မေးမေးပြောပြော ဘာလီချိုင့်တွင်းကို ငုံ့ ကြည့်လိုက်သည်။ တွန့် လိမ် ခါရမ်းနေသော ငါးခူငါးရံ့ အကောင်လတ်လတ် ဆယ့်လေးငါးကောင်လောက်ကိုတွေ့ ရသည်။ ` ဘယ်က နှိုက်လာ တာလဲ`။`နှိုက်လာတာမဟုတ်ဘူးဘညို၊ ချမ်းသာကြီးဘုန်းကြီးကျောင်းက ရေကန်ကြီး ရေတွေခမ်းကုန်တာ အိုင် စပ်စပ်ပဲ ကျန်တော့တယ်။ အဲဒါ ကိုအုန်းခင်တို့ ခေါ်တာနဲ့ ငါးလိုက်ပက်တာ။ အိုင်ထဲမှာ နှိုက်တာတွေလည်း ပါတော့ပါတာပေါ့။ ငါးပက်တဲ့လူတွေကများတယ်။ ဟင်းစားတော့ ရကြသူတွေချည်းပါပဲ`။ ရွှေဘ ရေချိုးရန် အိမ်နောက်ဘက်စည်ပိုင်းပြတ်ရှိရာထွက်သွားသည်။

ကိုညိုဒင်တို့ အိမ်နှင့် ချမ်းသာကြီးဘုန်းကြီးကျောင်းနှင့်မဝေး။ လေးငါးခေါ်လောက်တော့ရှိမည်။ ကိုညိုဒင် တို့ ငယ်ငယ်ကတည်းက ဆော့ကစားလာခဲ့သော ရေကန်ကြီး။ ကြာဖြူကြာနီများ၊ ဗေဒါများ၊ ရေကြက်များ၊ ရေဘဲများ၊ ချိုး ခါ ခိုငှက်လေးများဖြင့် စိမ်းစိုကြည့်လဲ့နေသော ဘုန်းကြီးကျောင်းရေကန်ကြီး ဖြစ်သည်။ ပတ်ပတ်လည်တွင်လည်း ထန်းပင်များ အစီအရီစိုက်ထားသေးသည်။ ထန်းပင်များ၏နောက်ဘက်တွင်လည်း ညောင်မုတ်ဆိတ်ပင်ကြီးများ၊ မန်ကျီးပင်ကြီးများဖြင့် အုပ်စိုင်းညို့ မှောင်နေသည်။ ကန်ကြီးက အတော်အသင့် ကြီးသည်။ ကန်တပတ်လမ်းလျှောက်ရင် မိနစ်နှစ်ဆယ်လောက် ပျော့ပျော့လေးကြာသည်။ အညာမြေလတ်က ကန်ကြီးများမှာ မီးရေးထင်းရေးအတွက် အရေးပါသော ရေလှောင်ကန်ကြီးများဆိုလျှင်လည်း မမှားချေ။ အော် သည်ကန်ကြီးပင် ရေတွေ ခမ်းခြောက်ကုန်ပြီတဲ့။ မိုးကျရင် ပြန်ပြည့်နိုင်မှာပါလေလို့  ကိုညိုဒင်သက်ပြင်းမောများကို မှုတ်ထုတ်ရင်း ဖြေသိမ့်မိသည်။

``ညိုဒင်ရေ ညိုဒင် လာပါအုန်းဟ၊ ညိုဒင် အုန်းခင်ရေ` နောက်ဖေးဘက်က ငပျော့အိမ်က ကိုညိုဒင့်ကို ခေါ်နေသံများက ပွက်လောရိုက်နေသည်။ `ဘညို ကိုပျော့အိမ်မှာ ဘာဖြစ်လဲမသိဘူး။ အဖေ့ကို အော်ခေါ် နေတယ်။` ရွှေဘစကားမဆုံးမှီ ကိုညိုဒင် ငပျော့တို့ အိမ်ဘက် အပြေးထွက်လာခဲ့သည်။ အိမ်ဝရောက်တော့ ငပျော့မိန်းမ အေးစိန်၏ ငိုယိုအော်ဟစ်သံက ကမ္ဘာပျက်သလား အောက်မေ့ရသည်။ `ကယ်ကြပါအုန်းတော်၊ အဖေကို ခေါ်လို့ မရတော့ဘူး။ လုပ်ကြပါအုန်း၊ အဖေ့ကို ခေါ်ပေးကြပါအုန်း၊ ဆေးရုံပို့ ပေးကြပါအုန်း။ ကယ်ကြ ပါတော် ကယ်ကြပါအုန်း`၊ ဆံပင်ဖါးလျား ထမီဘိုသည်ဘတ်သီဖြင့် အေးစိန်အရူးတပိုင်းဖြစ်နေသည်။ အေးစိန် အဖေကြီးက မမာနေတာကြာပြီ။ လူကြီးရောဂါဆိုတော့လည်း လဲလိုက် လှဲလိုက်။ ကောင်းသည်ကိုမရှိ။ `ဆေးရုံပို့  လည်း မမှီတော့ပါဘူးညိုဒင်ရာ။ ကြည့်လုပ်ကြတာပေါ့။ သေပြီပဲ ဥစ္စာ။ ပြန်ရှင်လာမှမဟုတ်တာ။`အုန်းခင်က ကပ်ပြီးလေသံဖြင့်ကိုညိုဒင်ကို ရှင်းပြောပြောနေ၏။ `ဒါတော့ ဒါပေါ့ကွာ၊ အေးစိန်က အဖေတခု သမီးတခုလေကွာ၊ ဒီလောက်တော့သူလည်း ဖြစ်မှာပေါ့`။ ငပျော့က `ငါစည်ပင်သာယာရုံးသွားလိုက်မယ်ကွာ၊ ခုမှ ၃ နာရီကျော် ကျော်ပဲရှိသေးတယ်။ သေစာရင်းသွားလုပ်မယ်။ ညကျမှ သဂြိုဟ်ဖို့ ကိစ္စတို့  ဘာတို့ ညာတို့  တိုင်ပင်ကြတာပေါ့။ မင်းတို့ အိမ်မှာ ကြည့်ပြင်ထားလိုက်ကွာ။ `အဖေရေ သမီးကို ထားခဲ့ပြီလား`အေးစိန်၏ ရှိုက်ကြီးတငင် ငိုယို အော်ဟစ်လိုက်သံက ကိုညိုဒင်တို့ ရပ်ကွက်လေးကို ကိုင်လှုပ်ခါရမ်းပစ်လိုက်သလိုပင်။

`လူကြီးဆိုတော့လည်း ဒီလောက်ပူတာ ဘာခံနိုင်မှာလဲကွာ၊ အရွယ်ကောင်းအရက်သမားတွေတောင် သေကြသတဲ့။ ငပျော့အရက်က ရေများများရောတော့ သူ့ ဆိုင်မှာ သောက်တဲ့ကောင်တွေ ဘယ်သေမှာလဲ။ အရက်ကနံမယ်နဲ့ လိုက်အောင် ပျော့မှပျော့` ညွန့် မောင်စကားကို သိန်းဆောင်က တ၀ါးဝါးပွဲကျရင်း ထောက်ခံနေ သည်။ ကိုညိုဒင်က ငပျော့ယောက္ခမကြီး၏ အလောင်းကို ကြည့်ပြီး ပူလို့ လူတောင်သေတယ်ဆိုတာ ဟုတ်ရဲ့  လားလို့ ဝေခွဲမရနိုင်။ အေးစိန်ဘေးနားထိုင်ရင်း ယပ်တဖြတ်ဖြတ်ခတ်နေသည့် မိလုံးမျက်နှာက လှေဝမ်းထဲမှာ သေနေသည့် ငါးတကောင်လို နွမ်းရိရိ။ ကိုညိုဒင်အကြည့်လွှဲလိုက်သည်။

မောင်လွမ်းဏီ

၂၇-၆-၂၀၁၀

အပြည့်အစုံသို့...

၂၁ ရာစုတွင် ဘုရားသခင် ငိုကြွေးနေရခြင်း အကြောင်း

ကမာပုလဲ


အဘယ်ဝဋ်ကြွေးကြောင့်ပါလဲ
၂၁ ရာစုမှာ ဘုရားသခင် ငိုကြွေးတယ် …
ငိုတာမှ သည်းသည်းထန်ထန်
ရှိုက်ကြီး တငင်ငင် ငိုတယ်။

တချိန်က…
အရှေ့ အလယ်ပိုင်းရဲ့ အသည်းနှလုံး
ဂျေရုဆလာမ် အတွက် ငိုတယ်၊
လူကို ကျွန်အဖြစ် အဓမ္မကုန်ကူးခံခဲ့ရတဲ့
အဖရိကန် လူမည်းတွေအတွက် ငိုတယ်၊
ဒခ်ျ၊ အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်၊ အင်္ဂလန်၊ အမေရိကန် …စတဲ့
ကိုလိုနီ နယ်ချဲ့ သမားတွေကြောင့် ငိုတယ်၊
ဖက်ဆစ် ဂျပန်၊ နာဇီဟစ်တလာ၊ မူဆိုလိုနီတို့ကြောင့် ငိုတယ်၊
ပထမ ကမ္ဘာစစ် … ဒုတိယ ကမ္ဘာစစ် အတွက်ငိုတယ်
သြဂုတ်- ၆၊ သြဂုတ်-၈ … ဟီရိုရှီးမား၊ နဂါစကီ
နြူကလီးယားဗုံးအဆိပ်သင့်ခံ အပြစ်မဲ့ ပြည်သူတွေအတွက် ငိုတယ်။
ငိုရတာတွေ များလွန်းနေတော့
သူ့ခမျာ နားနားပြီး ငိုပါရစေလို့ …
သူ့ရှေ့က သွားနှင့်သူ ဘုရှားသခင်တွေထံ
(ရှိခဲ့မှန်း၊ မရှိခဲ့မှန်း သူကိုယ်တိုင်လည်း မသေချာဘူး)
ကမ္ဘာမြေအတွက် အသနားခံ မျက်ရည်နဲ့ ဆုပန်တယ်၊
သူ့ဆုပန်ချက်တောင် မဆုံးနိုင်သေးဘူး
ဆိုဗီယက် ယူနီယံကြီး ပြိုကွဲတယ်
ဂျာမနီ ဘာလင်တံတိုင်းကြီး ပြိုကျတယ်
ကမ္ဘာ့ နေရာအနှံ့မှာ
ဘာသာရေး၊ ယဉ်ကျေးမှု၊ အသားအရောင်၊ လူမျိုးရေး
ပဋိပက္ခနဲ့ စစ်ပွဲတွေ ဖြစ်တယ်၊

ဘုရားသခင် ခမျာမယ်
၂၀ ရာစုကို အငိုနဲ့ နှုတ်ဆက်ပြီး
၂၁ ရာစုကို မျက်ရည်လည်ရွှဲနဲ့ ကြိုရပြန်တယ်။
၂၁ ရာစုမှာ လူအချင်းချင်း နှိပ်စက်ခြင်းတွေကလည်း
ဘယ်ခေတ်နဲ့မှ မတူအောင် သိမ်မွေ့ပြင်းထန်တယ်၊
ငြိမ်းချမ်းရေးသမားဆိုသူတွေရဲ့
လက်တွေ့မပါတဲ့ စိတ်ကူးစိတ်သန်း မေတ္တာအစွမ်းတွေကလည်း
ခုနှစ်အိမ် ကြားတာပဲ အဖတ်တင်တယ် …

အဲဒီအတွက်လည်း ဘုရားသခင် ငိုတယ်၊
သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ကူးစက်ရောဂါ၊ လူကုန်ကူးသန်းမှု၊ ကလေး မိန်းမ ဘာညာ အခွင့်အရေး
လည်းချောင်းကွဲအောင် နေ့တဓူဝ အော်နေဟစ်နေကြတယ်
ဒါပေမဲ့
ပါးသွားတဲ့ အိုဇုန်းလွှာ ပေါက်ပြဲမသွားအောင်
ပေါက်ပြဲနေတဲ့ အိုဇုန်းလွှာ ဒီ့ထက်ပို ကြီးမသွားအောင်
ဝိုင်းကြပါ၊ ၀န်းကြပါ၊ ကာကွယ်ကြပါဆိုတော့လည်း
လက်သည် တရားခံ စူပါ ပါဝါက
အိပ်ချင်ယောင်၊ ရူးချင်ယောင် ဆောင်နေတယ်
အဲဒီအတွက်လည်း ဘုရားသခင်ခမျာ
ရင်တမမနဲ့ မျက်ရည် ကျရပြန်တယ်။

အနုပညာစစ်စစ်ရဲ့ လိုအပ်ချက်က
တစ်- စိတ်ကူးစိတ်သန်း
နှစ်- အလှအပ
သုံး- အမှန်တရား တဲ့
ပြီး ……………………
ကိုယ်ပိုင်နိုင်ငံတခု အခိုင်အမာမရှိခဲ့ရင်
အဲဒီ လူမျိုးရဲ့ ယဉ်ကျေးမှုဟာလည်း မရှင်သန်နိုင်ဘူးတဲ့
လစ်သူရေးနီးယန်း အနုပညာရှင် ဂျူးတွေကို
အစတုံး မသတ်ဖြတ်ခင် ဂတ်တို (GHETTO) မှာ
ဖိနှိပ်သူ နာဇီဗိုလ်က နတ်စကားပြောခဲ့တာ
အဲဒီအတွက်လည်း ဘုရားသခင်ငိုတယ်။

ငိုတယ် ….
၂၁ ရာစုမှာ
ဘုရားသခင် ရှိုက်ခါ ငင်ကာ ငိုတယ်၊
အမုန်းမီးတွေ မငြိမ်းနိုင်သေးတဲ့
ဂျေရုဆလာမ် အတွက် ငိုတယ်
အာဖဂန် အီရတ် ပြည်သူတွေအတွက် ငိုတယ်
၉-၁၁ အတွက်ငိုတယ်
ဟိမ၀န္တာ တောင်တန်းကြီးကို ပုတ်ပုတ်ပြီး
ဧရာဝတီမြစ်ကြီးကို လှုပ်လှုပ်ပြီး ငိုတယ်။

အဲဒီလို … ဘုရားသခင်ခမျာ
နေ့မအား ညမအား ငိုနေရရင်းက
(ဘယ်လူလွန်မသားတွေ စတန့်ထွင်လိုက်သလဲမသိပါဘူး)
မကြာခင်မှာ ကမ္ဘာကြီးပျက်မတဲ့
ဒါဆိုရင် ….
အရာရာကို ဖန်ဆင်းတယ်ဆိုတဲ့ ဘုရားသခင်ခမျာ
ဘုမသိ ဘမသိ တရားခံဖြစ်ရတော့မယ် … ပေါ့
ဒါနဲ့ ဘုရားသခင်ဟာ
သူ့ငိုချင်းကို ရပ်
ကြောင်းကျိုး ဆက်စပ်စဉ်းစားရင်းက
ဒီကနေ့ ကမ္ဘာကြီး လိုအပ်နေတာ
တော်လှန်ရေးစစ်စစ်နဲ့
တော်လှန်ရေးသမားစစ်စစ်တွေပဲ ဆိုတာ
သူ သဘောပေါက် လက်ခံသွားတော့တယ်၊

အဲဒီက စလို့ပေါ့ …
ဘုရားသခင်ရဲ့ ငိုကြွေးသံသည်လည်း
နားနား ခြားခြားပြီးမှ ထွက်ပေါ်လာတော့တယ်။ ။

ကမာပုလဲ

၂၉၊ ၀၅၊ ၂၀၁၀။

အပြည့်အစုံသို့...

 
/* EOT ----------------------------------------- */