Friday, July 20, 2007

“ဗေဒါရောင်တမ်းချင်း သွေးမတိတ်အနာနှင့် အဖြေပျောက်အမေး”

မျိုးမြင့်ချို

စကားကျယ်ကျယ်မပြောရ၊ သီချင်းမဆိုရ၊ လေမချွန်ရ၊ ဘာမလုပ်ရ၊ ညာမလုပ်ရတွေနှင့် အတွေးစိတ်တို့ပင် လှောင်ပိတ် မွန်းကျပ်။ သည်အရပ်မှာ ရှင်သန်ခြင်း၏အဓိပ္ပါယ်က တစ်မျီုးတဘာသာ။ ၀ိုးတိုးဝါးတား မနက်ဖြန်များ၏ အကြောင်း ကိုလည်း လတ်တလောမှာ သိပ်နက်နက်နဲနဲမတွေးချင်။ ကိုယ့်ကိုယ်ကိုယ်ရှာဖွေကြည့်ဖို့ဆိုတာကရော၊ “လူဟာ တခါတရံ မှာ ကိုယ့်ကိုယ်ကိုယ် ရှာမကြည့်ချင်လောက်အောင် စိတ်ခြေကုန်လက်ပန်းကျတတ်ကြောင်း သူများသိအောင် ပြောနှိင်ရင် သိပ်ကောင်းမှာ” ဆိုသည့်အတွေးက နှိပ်စက်လွန်းလှသည်ထင်၏။ ဆရာဒဂုန်တာရာကတော့ သည်အရပ်မှာ သူ့ကိုယ်သူ ရှာဖွေတွေ့ရှိခဲ့ကြောင်း “ဆိတ်ဖလူးရနံ့၌ မိမိကိုယ်ကိုယ်တွေ့ရှိခြင်း”မှာ လှပသေသပ်စွာ ဖွဲ့နွဲ့ပြဖူးခဲ့တာကို အမှတ်ရမိ၏။

သည်အခိုက်အတံ့မှာပါပဲ၊ ၃ ခန်းကျော်မှ ကဗျာရွတ်သံသဲ့သဲ့ကို ကြားလိုက်ရတာ။ သိပ်သဲသဲကွဲကွဲတော့မဟုတ်၊ မနည်း နားစိုက်ထောင်နေသည့်ကြားက တချက်တချက် အသံပျောက်ပျောက်သွားသေးသည်။ သို့သော်ကိစ္စမရှိ၊ ကြားသလောက် မှာကိုပဲ ပြင်းရှ ခံစားမှုတစ်ခု ရင်ကို ဒိုင်းကနဲဝင်ဆောင့်လိုက်သလို သိမ့်ကနဲတုန်ခါစေ၏။

ကဗျာအမည်က “ဗေဒါရောင်တမ်းချင်း”၊ ရေးသူကား မြေနု(မြစ်ဝကျွန်းပေါ်)၊ မြေနုကို မြေနုထက်ပို၍ ဘာမျှမသိ၊ “ဗေဒါရောင် တမ်းချင်း” ကနေ တစေ့တစောင်း လှမ်းတွေ့လိုက်ရသော မြေနုပုံရိပ်ကိုဖေါ်ယူကြည့်မိသည်။ ကော်လာကတုံး ရှပ်လက်ရှည်ဖြူ၊ ကျောင်းစိမ်းလုံချည် တပတ်နွမ်း၊ ကချင်လွယ်အိတ်ကိုပုခုံးပေါ် လျော့တိလျောရဲလွယ်လျက် ကျေးလက် ကျောင်းဆရာ တစ်ယောက်၏ပုံရိပ် အာရုံတွင် ဖျတ်ကနဲထင်လာသည်။ မိမိ၏ ဖေါ်ယူပုံရိပ် မှန်စေဦးတော့၊ ပြည့်စုံသည့် ကားတစ်တချပ်တော့ ဘယ်လိုမှမဖြစ်နှိုင်။ ထားတော့ ပြောချင်နေသည်က ကဗျာအကြောင်း။

တဖက်တချက်မှာ နွေအခါ တံလျပ်တလက်လက် ပက်ကြားအရိုးပြတ်တော၊ မိုးအခါ ရေလျံလယ်ကွင်း မြစိမ်းကမ္ဗလာ ပျိုးခင်းများကား လေအသော့မှာ နော့နေကြ၊ ဆောင်းအခါ အနှံရွှေရည်လူး မျက်စေ့တစ်ဆုံး စပါးခင်းများ၊ အခြား တစ်ဖက်မှာတော့ တသွင်သွင်စီးဆင်း ချောင်းရိုးငယ်လေး၊ ဗေဒါများအုပ်လိုက်အုပ်လိုက် တရွေ့ရွေ့မျောပါနေကြ။ ချောင်းစပ် ကျူတောကြားက ငါးရှာဖါးနှိုက်ကလေးတစ်သိုက်ရဲ့ အော်သံဟစ်သံများ၊ သည်မြင်ကွင်းများ၏အလယ်မှာ ဓနိမိုး ထရံကာ ကျေးလက်က စာသင်ကျောင်းငယ်လေး ... ဒါကိုမြေနုက

“ဒါဟာ တကယ်ပါ အချစ်ရယ်
စာသင်ခန်းရဲ့ တဖက်တချက်
လယ်ကွက်နဲ့ချောင်းရိုး အရိပ်ထိုးနေဆဲပါ” ... တဲ။့

ဗမာ့ကျေးလက်၏ ပညာရေး စီးပွါးရေး အခြေပြဇယား၊ အညွှန်းမြ‡ားအောက်ငိုက၊်၊ ရှင်သန်ရေးတိုက်ပွဲမှာ “သေစာရှင်စာ လောက်ဆို တော်ရောပေါ့ ” နှင့် အလံဖြူထောင်လိုက်ရသည့် ဘ၀များ။ နွမ်းလျလှိုက်မော သက်ပြင်းချသံများ၊ နားထဲဗုံးခွဲချလိုက်လေသလား၊ ကျယ်လောင်လေးလံလွန်းလှ၏။

“နှစ် နှစ်လောက် တစ်တန်း
လေးတန်းလောက်ရောက် ကျောင်းထွက်
တစ်ချို့ မြို့တက်
တစ်ချို့ လယ်ဖက်
ပညာဆက်လက်ရှာဖွေကြတယ်”

ပြောစတမ်းဆိုလျင် ကျေးလက်က တောသူတောင်သားများမှာ “စေတနာ” က လွဲ၍တခြားပိုပိုလျံလျံ ဘာမှသိပ်မရှိတတ်ကြ။ သည်ကြားက ကလေးများ၏ ပညာရေး၊ ကျောင်းကလေး၏အနာဂတ်၊ သူတို့တတ်နိုင်သလောက် ဖြည့်စွမ်းပေးရန် ဆရာလေးအား တိုက်တွန်းတောင်းပန်ဟန် အဖွဲ့အနွဲ့ ...

“ယုံကြည်ပါဆရာ လိုရာကိုဖြည့်စွမ်းမယ် ”...

သည် အားပေးတီုးလျိုးစကားတွေကြားမှာ ဆရာလေး အနေရ ခက်နေမှာလား။ ဒါမှမဟုတ်...
ကဗျာဆုံးကာနီးလောက်မှာထင်သည၊် ရှိသမျအားအင်တို့ကို တစ်စုံတစ်ခုက ဖျစ်ညှစ်ဆွဲငင်ခံလိုက်ရသလို၊ တကိုယ်လုံး ချည့်နဲ့ ခြောက်ခြားသွား၏။


“ယုံကြည်ပါဆရာ
လိုရာကိုဖြည့်စွမ်းမယ် ...
ကျွန်တော်တို့တစ်တွေဟာ
မင်္ဂလသုတ်တ၀က်တပျက်
စစ်မက်နဲ့ကြီးပြင်း
ပြေးလွှားရင်းစာငတ်
ဘာတတ်လို့လဲဆရာရယ် ” တဲ့ ။

ဟုတ်သည်၊ သည်အသံတို့ကား ကျေးတောသားကြီး တို့ ရင်ဘတ်ဖွင့်သံ။ သဒ္ဒါ၊ သòင်္ဂိလ်၊ ပရိတ်ကြီး ၁၁ သုတ်၊ ဘုန်းကြီးကျောင်း ပညာရေးနှင့် ဗမာ့ကျေးလက်။ ကိုလိုနီခေတ်နှောင်းပိုင်း၊ လောကဓါတ် ကျောင်းများ စန်းထချိန်၊ ကျေးလက်ကား အစဉ်အလာဘုန်းကြီးကျောင်း ပညာရေးကို တွယ်ဖက်ထားနေရဆဲ။ ဒုတိယကမ္ဘာစစ်ကြီး၏ ဒဏ်ရာဒဏ်ချက်တို့မှ အကင်းမသေသေး၊ လွတ်လပ်ရေးနှင့်အတူ ဖွါးဖက်တော် ပြည်တွင်းစစ် မီးတောက်မီးလျံများ အလျံညီးညီး တောက်လောင်ခဲ့။ သေနတ်သံနှင့်ယမ်းညှော်နံ့၊ လယ်ကွက်စစ်မြေပြင်၊ ထယ်စာခဲတိုင်းမှာ ကပ်ငြိကျည်ဆန်ခွံများ၊ လင်သေသားပျောက်မိခင်တို့၏ ငိုသံနှင့် မျက်ရည်စက်များ၊ အသက်လု ပြေးကြလွှားကြ ၊ အစာရေစာငတ်မွတ်ခေါင်းပါးကြ၊ သေကြ ကျေကြ၊ တောမီးနှင့် တောကြောင် ရန် နှစ်ရန်ဒဏ် ခါးစည်းခံခဲ့ရ၊ မြေစာပင်များ ဖွတ်ဖွတ်ညက်ညက်ကြေမွ၊ ဘုန်းကြီးကျောင်းက စာအံသံများငြိမ်သက်တိတ်ဆိတ်။ စစ်မက်နှင့် ကြီးပြင်းကြရသည့်ဘ၀များ၊ မင်္ဂလသုတ်တောင်မှ ဆုံးခန်းတိုင် မသင်လိုက်ကြရ ။
ကြေကွဲစရာ။ သွေး၊ မျက်ရည် နှင့် စစ်မက်၊ ခါးသီးနာကျည်းစရာ အတိတ်။ သည်အနာဟောင်း ဘယ်တော့မှ သွေးမတိတ်တော့ဘူးလား။
ကဗျာရွတ်သံပျောက်သွား၏။ ပြင်ပကမ္ဘာကား ဘယ်သို့ရှိမည်မသိ၊ မိမိကား အခန်းငယ်တစ်ခု အတွင်း၊ ၀ါကျင့်ကျင့် လျပ်စစ်မီးရောင်အောက် အဖြေပျောက်အမေးများနှင့် သွေ့ခြောက်ညကို ဖြတ်သန်းလျှက်။

No comments:

 
/* EOT ----------------------------------------- */