သူရိန်ကျော်ဇော
မြန်မာနိုင်ငံမှာ ဘုန်းကြီးကျောင်းတွေ ရက်ရက်စက်စက် ၀င်အစီးခံရ။ ဖြိုခွင်းခံရတာဟာ မြန်မာ့ လူ့အဖွဲ့အစည်းထဲမှာ လူမှုရေးတည်ငြိမ်မှုကို တဘက်တလမ်းက ထိန်းပေးနေတဲ့ လူမှု အဆောက်အအုံတခု ဖျက်စီးခံလိုက်ရသလိုဘဲ၊ ဗုဒ္ဓဘာသာဝင် ကိုးဆယ်ရာခိုင်နှုံး လောက်ရှိတဲ့ မြန်မာနိုင်ငံမှာ ဘုန်းကြီးတွေဟာ လူထုပေါ်မှာရော တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရပေါ်မှာပါ အတိုင်းအတာတခု တခုအထိ အရှိန်အ၀ါရှိတယ်။ အနောက်တိုင်းက လစ်ဘရယ် အယူအဆတခုဖြစ်တဲ့ လူထုကိုယ်စားပြု ကိုယ်စားလှယ်များနဲ့ အုပ်ချုပ်ခြင်း (rule of representative government) ဆိုတဲ့ အယူအဆ အသားမကျသေးတဲ့ နိုင်ငံမှာ အုပ်စိုးသူများရဲ့ အာဏာတရားဝင် မ၀င်ဆိုတာ အဲဒီအုပ်စိုးသူ မင်းများကို သာသာနာပိုင်များက ဘယ်လို သဘောထား သလဲဆိုတဲ့ အချက်နဲ့ အကဲဖြတ်တာမျိုး တွေ့ရတတ်တယ်။
ဒီအချက်ကို မြန်မာနိုင်ငံအကြောင်း လေ့လာနေတဲ့ ပြည်တွင်း ပြည်ပက လေ့လာသုံးသပ်သူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံကြတယ်။ သာသနာကို အလုပ်အကျွေးပြုခြင်း၊ တနည်းအားဖြင့် ဘုန်းကြီးကျောင်းများကို လိုအပ်တဲ့ အထောက်အပံ့ပေးခြင်းဟာ အုပ်စိုးသူများရဲ့ တာဝန်တခုဆိုတာ မြန်မာ လူ့အဖွဲ့အစည်းထဲမှာ အစဉ်အဆက် ခံယူလာတဲ့ အချက်တခု ဖြစ်တယ်။ သီပေါမင်း ပါတော်မူပြီးနောက် အင်္ဂလိပ် အစိုးရမင်းများကို ကိုယ့်အရှင်သခင်အဖြစ် လက်မခံနိုင်တဲ့ အကြောင်းတခုက အင်္ဂလိပ် အစိုးရမင်းကို မိစ္ဆာ အယူဝါဒကို ကိုးကွယ်သူအဖြစ် မြင်ကြတဲ့အတွက် ဖြစ်တယ်။ ဆိုတော့ လူထုပေါ်မှာရော၊ အုပ်စိုးသူများပေါ်ပါ အရှိန်အ၀ါရှိတဲ့ ဘုန်းကြီးကျောင်းများဟာ လူမှုဝန်ဆောင်မှု လုပ်ငန်းတွေကို အစိုးရက နိုင်နိုင်နင်းနင်း လုပ်တာမျိုး မရှိတဲ့ မြန်မာ့ လူ့အဖွဲ့အစည်းမှာ အရေးပါတဲ့ လူမှုဝန်ဆောင်မှု လုပ်ငန်းတွေကို သူ့နည်း သူ့ဟန်နဲ့ တဘက် တလမ်းက ဆောင်ရွက်ပေးနေတဲ့ အင်မတန်မှ အရေးပါတဲ့ လူမှုရေး အဆောက်အအုံတွေ ဖြစ်နေတယ်။
အနောက်နိုင်ငံတွေမှာ ဆင်းရဲချမ်းသာ ကွာဟမှုကို တရားလွန် မဖြစ်အောင် ထိန်းတဲ့အခါ လူတိုင်း လူတန်းစေ့ နေနိုင်ရေးအတွက် လူမှုဖူလုံရေး လုပ်ငန်းတွေကို ဖော်ဆောင်တဲ့အခါ ချမ်းသာတဲ့ လူဆီက အခွန်ကို များများကောက်ပြီး အဲဒီက ငွေတွေကို တဘက်အစွန်းကို ပို့ပေးတဲ့အလုပ်ကို အစိုးရ အေဂျင်စီတွေက လုပ်တယ်။ အဲ့သလို လုပ်ငန်းတွေကို လုပ်ဆောင်မဲ့ အစိုးရ အေဂျင်စီတွေ မရှိတဲ့ မြန်မာနိုင်ငံမှာတော့ လူမှုတည်ငြိမ်မှု မပြိုပျက်အောင် ထိန်းပေမဲ့ ပုံသဏ္ဌာန် တိတိကျကျ မဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေ အားကောင်းလာတယ်။ အဲ့ဒီ အဖွဲ့အစည်းတွေထဲမှာ ဘုန်းကြီးကျောင်းတွေဟာ ရှေ့တန်းက ပါဝင်နေတယ်။ ပိုက်ဆံရှိတဲ့သူက ဘုန်းကြီးကျောင်းကို လှူလိုက်တဲ့ ပစ္စည်းကို ဘုန်းကြီးကျောင်းတွေက လိုအပ်တဲ့ သူတွေဆီကို ပြန်လည် ဖြန့်ဖြူးပေးနိုင်တယ်။ ရပ်ကွက်ထဲမှာ လူကြည်ညိုတဲ့ ဘုန်းတော်ကြီးက မရှိဆင်းရဲသားတွေအတွက် ငွေလှူကြပါ၊ ပညာမသင်နိုင်တဲ့ ခလေးတွေအတွက် ကျောင်းလေးစီစဉ်ချင်တယ်၊ တတ်နိုင်သမျှ ၀ိုင်းကြပါဆိုပြီး ဆော်သြ လိုက်ရင် ရပ်ထဲရွာထဲက ငွေကြေး ချောင်လည်သူများဆီက ပိုက်ဆံဟာ ဘုန်းတော်ကြီးရဲ့ ဆော်သြချက်နဲ့ဘဲ လိုအပ်နေတဲ့နေရာကို ရောက်လာတယ်။
မြန်မာနိုင်ငံမှာ လူတွေ စားဝတ်နေရေး ပိုပိုကြပ်တည်းလာတဲ့ အခြေအနေတွေမှာ ဘုန်းကြီးကျောင်းတွေရဲ့ အခန်းကဏ္ဌဟာ ပိုတောင်မှအရေးပါလာ ပိုတောင်မှကျယ်ပြောလာတယ်။ မရှိဆင်းရဲသားတွေကို ကျောင်းမှာ လက်ခံကျွေးထားတာအပြင် မူလတန်းကျောင်းတွေ ဖွင့်ပေးတာတို့၊ မြို့တက် ဆေးကုတဲ့အခါ တည်းစရာမရှိတဲ့ သူတွေအတွက်နေရာ ထိုင်ခင်း စီစဉ်ပေးတာမျိုးတွေထိပါ ဘုန်းတော်ကြီးတွေ၊ ဘုန်းကြီးကျောင်းတွေရဲ့ လုပ်နိုင် ကိုင်နိုင်စွမ်းတွေဟာပို ကျယ်ပြန့်လာတယ်။ ဘုန်းကြီးကျောင်းတွေဟာ လူ့အဖွဲ့အစည်းထဲကနေစင်ထွက်လာတဲ့ တုန်လှုပ် ခြောက်ခြားစရာ လောကဓံတွေကိုလည်း ရေမြှုတ်ကြီးတွေလို ကောင်းကောင်းစုပ်ယူနိုင်တဲ့ လူမှုအဖွဲ့ အစည်းတွေ ဖြစ်တယ်။ အနောက် နိုင်ငံတွေမှာလို (counseling) လုပ်တယ်ဆိုတာမျိုး ဆိုလိုတာက အဆင်မပြေမှု တခုခုကြောင့် စိတ်မော လူမောဖြစ်နေတဲ့ အခါမှာ ကိုယ့်ရဲ့ကြုံတွေ့ ခံစားချက်ကို စိတ်ရောဂါကု ဆရာဝန်ကို ရင်ဖွင့်ပြီး စိတ်သက်သာရာ ရအောင်ကြိုးစားတာမျိုးဟာ ဗမာမှာ မရှိပေမဲ့ ဘုန်းကြီးကျောင်းတွေဟာ အလားတူ လုပ်ငန်းမျိုးကို လုပ်ပေး နိုင်စွမ်း ရှိတယ်။ လုပ်လဲလုပ်ပေးနေတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်။
မြန်မာ့ လူနေမှု စံနစ်ပုံစံမှာ ဘုန်းတော်ကြီးကျောင်းတွေဟာ မြန်မာလူမျိုးတွေရဲ့ ကိုယ်ပါ အမှတ်အသားလိုမျိုးလဲ ဖြစ်နေတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ ဘာသာစကားမှာ ဗုဒ္ဓဘာသာရဲ့ အငွေ့အသက်တွေ အများကြီး စိမ့်ဝင်နေသလို မြတ်ဗုဒ္ဓရဲ့ အဆုံးအမကို တဆင့်ခံယူရာ၊ မြတ်ဗုဒ္ဓရဲ့ သားတော်များ အဖြစ်နဲ့ ဘုန်းတော်ကြီးတွေကို လူတွေက ရှုမြင် လက်ခံကြတဲ့အတွက် ဖြစ်တယ်။ ဒတ်(ချ) လူမျိုးမနုဿဗေဒပညာရှင် တယောက်က မြန်မာတယောက်ကို ဘာလူမျိုးလဲလို့ မေးတဲ့အခါ ဗုဒ္ဓဘာသာ လူမျိုးလို့ ဖြေတဲ့အတွက် အံ့အားသင့်ဘူးကြောင်း ပြန်ပြောပြဘူးတယ်။ မြန်မာလူမျိုးတွေအတွက် သာသနာ ကွယ်ပျောက်တာဟာ လူမျိုးပျောက်သလို ဖြစ်လိမ့်မယ်။
တချို့နေ့စဉ်ဘ၀ရဲ့ အစိတ်အပိုင်းတခုလို ဖြစ်နေတဲ့ ကိစ္စတွေ၊ လုပ်ငန်းကိုင်ငန်းတွေမှာ ဘုန်းတော်ကြီးတွေနဲ့ မပတ်သက်လို့ မရတာတွေ ရှိတယ်။ ဥပမာ မြန်မာလူမျိုးတွေရဲ့ ဓလေ့တခုဖြစ်တဲ့ မနက်ဘုန်းကြီး ဆွမ်းလောင်းတာမျိုး၊ အသံမစဲ ပဌာန်းပွဲတွေဟာ မြန်မာ လူမျိုးတွေနဲ့ ကင်းလို့ မရတဲ့ ကိစ္စတွေဘဲ။ ကျနော့် အမေဆို မနက်ဘုန်းကြီးဆွမ်း မလောင်းရရင် တခုခု လိုအပ်နေသလို ခံစားရတယ်လို့ ပြောတတ်တယ်။ တခြား ဗုဒ္ဓဘာသာ မြန်မာလူမျိုးများဟာလဲ အလားတူ ခံစားကြရမှာဘဲ။ လောကီသားတွေရဲ့ ဒါနပါရမီ ဖြည့်ဆည်းရာမှာ အလှူခံပုဂ္ဂိုလ်များအဖြစ်နဲ့ မြန်မာနိုင်ငံက သံဃာအဖွဲ့အစည်းဟာ လူတွေရဲ့ စိတ်ဓာတ်ရေးရာ လိုအပ်ချက်၊ ရုပ်ဝထ္ထုပစ္စည်းတွေ မပြည့်မစုံဖြစ်မှုကနေ ပေါ်လာတဲ့ အဆင်မပြေမှု အမျိုးမျိုးနဲ့ ကြုံနေရသူတွေကို စိတ်ပိုင်းဆိုင်ရာ အေးငြိမ်းမှုပေးနေတဲ့ လူမှု အဖွဲ့အစည်းကြီးတွေ ဖြစ်တယ်။ ခုဘုန်းတော်ကြီးတွေကို အကြမ်းဖက် နှိမ်နင်း ပစ်လိုက်တာဟာ ကျနော်တို့ မြန်မာ့ လူ့အဖွဲ့အစည်းထဲမှာ သာသနာ့ဝန်တင်မက မရှိမဖြစ် အရေး ပါတဲ့ လူမှုဝန်ဆောင်မှု လုပ်ငန်းတွေကိုပါ ၀င်ထမ်းနေရတဲ့ လူမှုအဖွဲ့အစည်းကြီး တခုလုံးကို တိုက်ခိုက်လိုက်ရာ ရောက်တယ်။ ရုပ်ပိုင်းဆိုင်ရာ ဘက်မှာ မဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်းထဲက လူတွေကို တတ်အားသရွေ့ စိတ္တသုခ ပေးနေတဲ့ လူမှုအဖွဲ့အစည်းကြီး ပျက်စီးသွားတာဟာ လူတွေကို ဆောက်တည်ရာမရ ဖြစ်သွားစေနိုင်တယ်။ ဒါတွေဟာ ဘုန်းတော်ကြီးတွေကို အကြမ်းဖက် နှိမ်နင်းမှုရဲ့ ရေရှည် အကျိုးဆက်တွေဘဲ။
သူရိန်ကျော်ဇော
Sunday, November 11, 2007
ဘုန်းကြီးကျောင်းတွေ ဖျက်ဆီးခံရတာရဲ့ ရေရှည်အကျိုးဆက်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment