စိုးနေလင်း (အသက် ၄၀ ပြည့်အမှတ်တရ)
၁။
မနက်ငါးနာရီကို သူအလွန်မုန်း တီးပါသည်။
၂။
အမှန်မှာ ကာလတိုင်းတာမှု ကိန်းဂဏန်းသက်သက်အနေနှင့်မူ ငါးနာရီအား မည်သို့မျှမုန်းတီးရန် အကြောင်းမရှိပါ။ သို့သော် ထိုမနက်ငါးနာရီသည် သူ၏ပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့ရုပ်များနှင့် ပူးပေါင်းလိုက်သောအခါ များစွာ စက်ဆုပ်မုန်းတီးဖွယ်ရာ အရာတခု ဖြစ်သွားပါတော့သည်။ မနက် ငါးနာရီထိုးတိုင်း သူ၏မှတ်ဉာဏ်အာရုံတွင် ပြန်၍အမှတ်ရ ပုံပေါ်လာတတ်သော ဆီဆုံတခုကို လှည့်နေရသည့် နွားတကောင်၏ပုံ ရေဆေး ပန်းချီကားတချပ်ကြောင့်လည်း မနက်ငါးနာရီသည် ပို၍ ဆိုးဆိုးဝါးဝါး မုန်းတီးစရာ ကောင်းသွားရခြင်းလည်း ဖြစ်နိုင်ပါသည်။
ထိုပန်းချီကားကိုရေးဆွဲခဲ့သူ ပန်းချီဆရာ၏အမည်ကိုမူ ဝေေ၀၀ါးဝါးမျှပင် သူမမှတ်မိတော့ပါ။ ထိုပန်းချီဆရာကို သူအလွန်အားနာမိသော်လည်း မည်သို့မျှမတတ်နိုင်ပါ။ မှတ်ဉာဏ်တို့၏ သဘောသဘာဝနှင့်ပတ်သက်၍ အတော်အတန် ဖတ်မှတ်ခဲ့ဖူးသော်လည်း အချက်အလက်ပြည့်ပြည့်စုံစုံ တိတိကျကျ ပြန် ၍ရှင်းပြနိုင်စွမ်း သူ့တွင်မရှိပါ။ ဦးခေါင်းကို မကြာခဏ ထိခိုက်နာကျင်ခံရပါက မှတ်ဉာဏ်စွမ်းအား ချို့ယွင်း အားနည်းတတ်ကြောင်းကိုတော့ သူမှတ်မိနေပါသည်။
သူ့ပတ်ဝန်းကျင်တနေရာမှ နာရီတလုံး၏နာရီအလိုက် မတူခြားနားသော အော်ဂင်တေးသွားလေးများကိုလည်း သူမှတ်မိပါသည်။ အဆိုပါ အော်ဂင် တီးလုံးလေးများသည် အတော်ပင် နားဝင်ချိုသာသည်ဟုဆိုလျှင် သူမငြင်းချင်ပါ။ သို့သော် မနက်ငါးနာရီ အော်ဂင်တီးလုံးနှင့် နာရီထိုးချက်တို့ကိုမူ သူမည်သို့မျှ နားထောင်လိုစိတ် မရှိပါ။ ဆန္ဒမရှိခြင်းသက်သက်မျှသာမဟုတ်ဘဲ မုန်းတီးစက်ဆုပ်နေမိသည်ဟု ဆိုရပါမည်။ မနက်ငါးနာရီအချိန် ရောက်သည်နှင့် ဆက်တိုက်လိုလို ကြားရတတ်သော အခြားနာရီထိုးသံများ၊ သံချောင်းခေါက် သံများ အားလုံးသည်လည်း သူ၏မုန်းတီးစက်ဆုပ်မှုတွင် အပါအ၀င်ဖြစ်ပါသည်။
သူ့တွင် အချိန်နာရီနှင့် ပတ်သက်သော စိတ်ရောဂါအနည်းငယ်မျှပင် မရှိကြောင်းကိုလည်း သူအတိအကျ သိပါသည်။ စိတ်ရောဂါကုသနည်းတခု ဖြစ် သော (Chimney Sweeping) ခေါ် မီးခိုးခေါင်းတိုင် လှဲကျင်းခြင်း နည်းစနစ်ဖြင့် ကုသစရာလိုမည်မထင်ပါ။ မနက်ငါးနာရီထိုးသည်နှင့် တပြိုင်နက်လှုပ်ရှားထကြွလာသည့် လူသံအချို့၊ သောက်ရေအိုးဖုံးဖွင့်သံ၊ ဖျာဆွဲသံ၊ ခြေသံ၊ စောင်ခါသံ၊ ချောင်းဆိုးသံ စုပေါင်းအော်ဆိုလိုက်သော ‘သြကာသ’ အစချီ ဘုရားရှစ်ခိုးသံ၊ အာရုံတွင် ထင်ဟပ် သတိရလာသော ဆီဆုံကိုလှည့်နေသည့် နွားတကောင်ပုံ ပန်းချီကား ၎င်းတို့အားလုံးပေါင်းစပ်လိုက်သောအခါ သူ့ရင်ထဲမှအုံကြွလာသော မုန်းတီးမှုအစိုင် အခဲကို သူမည်သို့မျှ တားဆီးဖယ်ရှား၍ မရတော့ပါ။ မုန်းတီးရွံရှာခြင်း၊ ချစ်ခင်နှစ်သက်ခြင်း စသည်တို့မှာ လူပုဂ္ဂိုလ်တဦးချင်းစီအလိုက် ရှိနေကြသော ကိုယ်ပိုင် ခံစားမှုများဖြစ်ကြောင်း သိရှိနှင့်ကြပြီးဖြစ်ပါလိမ့်မည်။ သူသည်လည်း သူ၏ကိုယ်ပိုင် မုန်းတီးပိုင်ခွင့်ဖြင့်သာ မနက်ငါးနာရီကို မုန်းတီးနေခဲ့ခြင်းဖြစ် ပါသည်။ သူ၏ မုန်းတီးမှုသည် သူ့ပတ်ဝန်းကျင်ရှိ သက်ရှိ (လူ) တစုံတယောက်၏ရုပ်နှင့် စိတ်အခြေအနေတရပ်ရပ်ကို ထိပါးနိုင်ခြင်းမရှိကြောင်းကို သူကောင်းစွာသိရှိနေပါသည်။
ပင်ကိုယ်သဘာဝအရ ငြိမ်သက်အေးချမ်းခြင်းကို သူများစွာနှစ်သက်ခဲ့ပါသည်။ ငြိမ်သက်အေးချမ်းစွာ တွေးတောစဉ်းစားရခြင်း၏ ရသအရသာကို သူ ကောင်းစွာခံစားတတ်ခဲ့သည်မှာ ကာလအားဖြင့် ကြာမြင့်လှပြီဖြစ်ပါသည်။ ဆိတ်ငြိမ်ခြင်းသည် ရွှေဖြစ်သည်ဆိုသော ပညာရှိစကားတခုကို သူကြားဖူးသည်ဟု ထင်ပါသည်။
၃။
မနက်ငါးနာရီကို သူမုန်းတီးသော်လည်း မနက်ငါးနာရီသည် သူ့အားသံပတ်အသစ်တဖန် ပြန်တင်းပေးခြင်းမှလွဲ၍ သူ့အား ပင်ပန်းဆင်းရဲစေခြင်း၊ မနိုင် ၀န်ကိုထမ်းစေခြင်း၊ ကြိမ်ဖြင့်ရိုက်နှက်ခြင်း အလျဉ်းမရှိပါ။ မနက်ငါးနာရီထိုးသည့် အချိန်တွင် မုန်းတီးစက်ဆုပ်မှု အပြည့်နှင့်အတူ အိပ်ရာသိမ်း၊ မျက်နှာသစ်၊ အညစ် အကြေးစွန့် စသည့်စဉ်းစားတွေးခေါ်မှု မလိုအပ်သောလုပ်ဆောင်မှု ကလေးများ လုပ်ရုံကလွဲ၍သူ့တွင် ဘာမျှလုပ်စရာမရှိပါ။ ထ၊ ထိုင်၊ လဲလျောင်း၊ နှစ်သက်ရာတခု ခုကို လုပ်လိုက်ရန်သာရှိပါသည်။ လူအတော်များများ လုပ်လေ့ရှိသော ဘုရားရှစ်ခိုးခြင်း၊ ဆုတောင်းခြင်းအလုပ်ကိုလည်း သူ့အနေဖြင့် လုပ်ရန်မလိုအပ်ကြောင်း ခိုင်ခိုင်မာမာသိရှိထားပြီး ဖြစ်ပါသည်။ ဘုရားရှစ်ခိုးခြင်း၊ ဆုတောင်းခြင်း၊ တရားထိုင်ခြင်း အလုပ်များကို မှန်မှန်လုပ်ကိုင်ရင်း ဒေါသ၊ လောဘ လွန်ကဲနေဆဲလူများကို သူမကြာခဏ အံ့သြ စိတ်ပျက်ဖွယ်ရာ တွေ့မြင်နေရပါသည်။ သူ့အား သူတော်ကောင်းဟု မထင်မြင်ကြစေလိုပါ။ သူ့တွင် လူသားတို့တွင် ရှိအပ်သော လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ ကာမဂုဏ်အာရုံခံစားမှု၊ တပ်မက်စိတ်များရှိသလို လူသားတယောက်အနေဖြင့် ရှိသင့်ရှိအပ်သော သိက္ခာမာနလည်း အပြည့်အ၀ရှိနေပါ သည်။ ယခုအချိန်တွင် သူ၏မျက်စိစွမ်းအား အတော်ပင်ကျဆင်းနေသည်ဟု ထင်ပါသည်။ သူ့ပတ်ဝန်းကျင်ရှိ လူအတော် များများ၏မျက်နှာကို သူကြည့်၍မမြင်ပါ။ အံ့သြစရာကောင်းသည်မှာ သူကြည့်နေကျ New Gem အိတ်ဆောင် အင်္ဂလိပ်အဘိဓာန် စာအုပ်ကလေးမှ စာလုံးသေးသေးလေးများကိုမူ သူဖတ်၍ရနေဆဲ ဖြစ်ပါသည်။
အိပ်ရာသိမ်းပြီးဖြစ်သော်လည်း အများအားဖြင့်သူသည် ပြန်၍လဲလျောင်းရင်း တွေးတော စဉ်းစားနေလေ့ ရှိပါသည်။ သို့သော်လည်း သူမြင်ယောင်နေမိ သည့် ပန်းချီကားထဲမှ ဆီဆုံဆွဲနေသည့် နွား၏ပင်ပန်းဆင်းရဲမှုနှင့် စိတ်ပျက်ငြီးငွေ့မှုတို့သည် သူ့အားကူးစက် စီးဝင်နေသလို ခံစားရပါသည်။ နွားသည်စက်ဝိုင်းကို တပတ်ပြီးတပတ် ထပ်ပြန်တလဲလဲ ရေးဆွဲနေရရှာပေလိမ့်မည်။ သို့သော် နွားသည် ဂျီသြမေတြီဘာသာရပ်ကို သင်ကြားနေသည့် ကျောင်းသားတယောက်မဟုတ် ပါ။ ကျောင်းသားတယောက်အဖို့ ကွန်ပါသံချွန်ကို စက္ကူတွင်ထောက်၍ လိုအပ်သော အချင်းဝက်ဖြင့် ကွန်ပါချွန်၏ထိပ်မှအတံကလေးကို လက်ညှိုးနှင့်လက်မကြား တွင်ညှပ်၍ သက်သောင့်သက် သာလှည့်လိုက်ရုံမျှဖြင့် စက်ဝိုင်းတခုကို ရေးဆွဲနိုင်ပေလိမ့်မည်။ စက်ဝိုင်းကို အထပ်ထပ် ဖြစ်အောင် ဆွဲလိုလျှင်လည်း လက်ညှိုးနှင့် လက်မကို အသာလေး လှည့်ပေးနေရုံသာ ဖြစ်ပါသည်။ မည်သို့မျှ အပမ်းကြီးစရာ မရှိပါ။ သို့သော်လည်း ကျောင်းသားသည် ဆီဆုံလှည့်သော နွားမဟုတ်နိုင်သလို ဆီဆုံလှည့်သော နွားသည်လည်း ကျောင်းသားတယောက် မဖြစ်နိုင်ဟူသော အချက်မှာမူ အလွန်သေချာပါသည်။
၎။
ထုံးစံအတိုင်း အပြောင်းအလဲမရှိသော အော်ဂင်တီးလုံးသံအဆုံး မနက်ငါးနာရီတီးသံကို သူစိတ်ပျက်စွာ နားထောင်နေလိုက်ပါသည်။ သူသည် အိပ် ရာမှနိုးလာသူတဦးမဟုတ်ကြောင်း ကျိန်းစပ်နေသောမျက်လုံးများက ပြောပြနေပါသည်။ ပတ်ဝန်းကျင်မှအသံများနှင့် ဆီဆုံဆွဲနွားပန်းချီကားကို သူ၏စိတ်အာရုံမှ ခါလွှင့် ဖယ်ထုတ်ပစ်လိုက်စဉ်တွင်ပင် ထိုနေ့မှာ ဇွန်လကိုးရက်နေ့ဖြစ်ကြောင်း လျှပ်ပြက်သလို သူသတိရလိုက်ပါသည်။ လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်က သည်လို ဇွန်လ၏ သည်လိုနေ့မျိုးတနေ့တွင် သူ့အားမိခင်က မွေးဖွားပေးခဲ့ခြင်းဖြစ်ပါသည်။ သူ၏မိခင်သည် နာကျင်ကိုက်ခဲနေဆဲ ဝေဒနာကြားမှပင် သူ့အားကြည်ကြည်နူးနူး ပွေ့ယူနမ်းမွှေးခဲ့ပေလိမ့်မည်။ မိခင်ဖခင်တို့သည် သားသမီးတို့အား တာဝန်အရသာ ချစ်ခင်မြတ်နိုးကြခြင်း မဟုတ်ကြောင်းကို သူပီပီပြင်ပြင် နားလည်သိရှိပြီးဖြစ်ပါ သည်။ မွေးနေ့တွင် သူစိတ်ကြည်ကြည်လင်လင် ရှိနေချင်ပါသည်။ မိခင်ဖခင်တို့၏ ကျေးဇူးတရား၊ မေတ္တာတရားတို့ကို ပြန်ပြီးအောက်မေ့တသ ချင်ပါသည်။ မွေး နေ့တွင် အမှတ်တရတခုခု ရှိစေချင်ပါသည်။ မြန်မာ့ယဉ်ကျေးမှုတွင် မွေးနေ့ကျင်းပခြင်းဓလေ့မရှိသော်လည်း မွေးနေ့ ကျင်းပခြင်းကို သူနှစ်သက်ပါသည်။ ငွေကြေးနှင့်အခြေအနေအရ တတ်နိုင်ဖြစ်နိုင်ပါက သူ၏မွေးနေ့၊ သူ့ချစ်ဇနီး၏ မွေးနေ့၊ သူ့သားငယ်တို့၏ မွေးနေ့များကို နှစ်စဉ် တခမ်းတနားကျင်းပပေးချင်ပါသည်။
မွေးနေ့ကျင်းပခြင်းသည် မည်သည့်ယဉ်ကျေးမှုပင်ဖြစ်စေ ကောင်းမွန်သင့်လျော်သည်ဟု သူယုံကြည်ပါသည်။ မိခင်ဖခင်ရင်းတို့၏ ဂုဏ်ကျေးဇူးနှင့် မေတ္တာတရား တို့ထက် ပို၍ခမ်းနားကြီးကျယ်သော အရာမရှိဟုထင်ပါသည်။ မိခင်ဖခင်ရင်းဟုသုံးနှုန်းခြင်းမှာ ပထွေးမိထွေးများ၏ အခန်းကဏ္ဍမပါဟု ဆိုလိုခြင်းဖြစ်ပါသည်။ အလွန်တရာ နည်းပါးသော အရေအတွက်မှလွဲ၍ လင်ပါ၊ မယားပါ သားသမီးများကို ပထွေးမိထွေးတို့က နှိပ်စက်ညှဉ်းဆဲတတ်ကြောင်း စာတွေ့ လက်တွေ့ သိနားလည် ထားကြသူများ ပါသည်။ အချို့သူများမှာ အများအမြင်တွင် မိခင်ဖခင်ရင်းကဲ့သို့ မေတ္တာအကြင်နာထားဟန်ဖြင့် ဟန်ဆောင်ပန် ဆောင်လေသံကောင်း ဟစ်တတ်ပြီး အမှန်တကယ်တွင်မူ ကောက်ကျစ်စဉ်းလဲစွာ နှိပ်စက်ညှဉ်းပန်းတတ်ကြပါသည်။ ထိုသူများမှာ ပို၍ပင်ကြောက်စရာ စက်ဆုပ်ရွံရှာစရာကောင်းပါသည်။ မည်သို့ပင် ဖြစ်စေ ပထွေးမိထွေးသည် ဖခင်မိခင်ရင်းမဖြစ်နိုင်၊ မတူညီနိုင်ပါ။ ပထွေး မိထွေးတို့၏လက်အောက်တွင် ပင်ပန်းဆင်းရဲစွာ၊ နာကြည်းကြေကွဲစွာ ကြီးပြင်းလာကြရ သူ များစွာတို့အတွက် သူမကြာခဏ ၀မ်းနည်းမိ တတ်သလို ဒေါသဖြစ်ရတတ်ပါသည်။
သူသည် မတရားမှုကို အလွန့်အလွန် စက်ဆုပ်မုန်းတီးသူ ဖြစ်ပါသည်။
၅။
သူ၏ တရားမျှတမှုကို ချစ်မက်နှစ်သက်သည့်စိတ်ဓာတ်သည် မနက်ငါးနာရီကို သူမုန်းတီး စက်ဆုပ်မှုနှင့် ဆက်စပ်နေပါလိမ့်မည်။ သို့သော် သူသည် ဇွန်လ (၉) ရက်နေ့ မွန်းလွဲ (၁) နာရီ (၄၃) မိနစ်တွင်မွေးဖွားပြီး ဇွန်လ (၁၀) ရက်နေ့ မနက် (၅) နာရီကို စတင် မုန်းတီးလာခဲ့ခြင်း မဖြစ်နိုင်ပါ။ မနက် (၅) နာရီအား သူ မုန်းတီးစက်ဆုပ်ခြင်း စတင်ခဲ့သည့်အချိန်မှာ ၁၉၇၆ ခု မတ်လ (၂၆) ရက်နေ့ ဖြစ်နိုင်ပါသည်။ ခါးသည်းခက်ရှသော အရာများစွာရှိသည့်အနက် အခါးသည်း အခက်ရှဆုံးသောအရာမှာ အမှန်တရားဆိုသည့်အရာဖြစ်ကြောင်း သူမှတ်တမ်းတင်နိုင်ခဲ့ပါသည်။ သူသည်ထိုစဉ်က နောက်ဆုံးနှစ် သိပ္ပံကျောင်းသားတယောက် ဖြစ်ပါသည်။ ပင်လယ်ကဗွီးပင်ကြီးများ၏ ငိုကြွေးသံကို သူမည်သည့်အခါမှ မေ့နိုင်လိမ့်မည်မဟုတ်ပါ။
သို့သော်ထိုအချိန်ကရှိခဲ့သော မနက်ငါးနာရီအပေါ်မုန်းတီးမှုမှာ ယခုအချိန်လောက် ပြင်းထန်ဆိုးဝါးခြင်းမရှိဟုသူထင်ပါသည်။ စေ့ဆော်မှုအတိုင်းအဆ ပမာဏအနည်းအများကြောင့်ပင် ဖြစ်ပါလိမ့်မည်။ ပိုမိုကြီးမားပြင်းထန်သော စေ့ဆော်မှုကြောင့် ယခုတကြိမ် မနက်ငါးနာရီအား ပြင်းပြင်းထန်ထန် မုန်းတီးစက်ဆုပ် လာခြင်း စတင်ခဲ့သောအချိန်မှာ ၁၉၈၉ ခု စက်တင်ဘာလ (၂၄) ရက်နေ့ ဖြစ်ကြောင်း တိတိကျကျ သူမှတ်မိနေပါသည်။
အသေအချာ ကြိုတင်ပြောမထားနိုင်သော နေ့တနေ့တွင် ထိုမုန်းတီးမှုသည် ရုတ်ချည်းရပ်တန့် ကွယ်ပျောက်သွားလိမ့်မည်ဖြစ်ကြောင်း သူကြိုတင်၍ ပြောနိုင်ပါသည်။ မနက်ငါးနာရီနှင့်ယှဉ်တွဲနေကျ ပတ်ဝန်းကျင်ရုပ်အခြေအနေများ ယှဉ်တွဲပေါင်းစပ်နိုင်ခြင်းမရှိတော့သောအခါသူသည်လည်း မနက်ငါးနာရီဆိုသော အချိန်ကို မုန်းတီးစရာအကြောင်း ရှိတော့မည်မဟုတ်ပါ။ ထိုအချိန်တွင် သူ့အနေဖြင့် စက်ဆုပ်မုန်းတီးစရာ တစုံတရာမျှမရှိနိုင်တော့ဟု ဆိုလိုခြင်းကားမဟုတ်ပါ။
သီရိလင်္ကာနိုင်ငံတွင်မွေးဖွားပြီး ကနေဒါနိုင်ငံတွင်အနေကြာခဲ့သူ စာရေးဆရာ မိုက်ကယ်အွန်ဒါရီ (သူတို့၏အသံထွက်ကို အသေအချာမသိပါ၊ မိုက် ကယ်အွန်ဒါချီဟုလည်း ဖြစ်ချင်ဖြစ်နိုင်ပါသည်) ကို သူအလွန်သဘောကျပါသည်။ တိတိကျကျပြောရလျှင် သူ၏ ‘အင်္ဂလိပ်လူနာ’ ဆိုသောဝတ္ထုထဲမှ ကောက်နုတ် ဖော်ပြချက်အား သဘောကျခြင်းဖြစ်ပါသည်။ ၎င်းသည် စာရေးသူ မိုက်ကယ်အွန်ဒါရီ၏ အတွေးအမြင်လည်း ဖြစ်ပုံရပါသည်။ မိုက်ကယ်အွန်ဒါရီက လူမျိုးဟူသည် များကို ကျွန်ုပ်မုန်းတီးလာမိခဲ့ပြီး လူမျိုးနိုင်ငံများသည် ကျွန်ုပ်တို့အား ပုံပျက်ပန်းပျက်ဖြစ်စေခဲ့ပြီဟု ရေးခဲ့ပါသည်။ သူသည်လည်း စာရေးဆရာ မိုက်ကယ်အွန်ဒါရီ ကဲ့သို့ပင် လူမျိုးဆိုသည့်အရာကို မုန်းတီးလာခဲ့မိသည်မှာ အချိန်အတန်ကြာခဲ့ပြီဟု ထင်ပါသည်။
သူ့တွင် လူမျိုးစွဲ၊ နိုင်ငံ၊ တိုင်းပြည်စွဲ၊ ဒေသစွဲမရှိဟုပြောလျှင် ရနိုင်ပါလိမ့်မည်။ ရှိရမည်ဆိုလျှင်လည်း အလွန်သေးမွှားသော ပမာဏမျှသာ ဖြစ်ပါလိမ့် မည်။ ထိုအချက်ကို သူရဲရဲဝံ့ဝံ့ ပြောနိုင်ပါသည်။ အခြားသူများက ထိုသို့ လူမျိုးစွဲ၊ ဒေသစွဲမရှိခြင်းသို့မဟုတ် အနည်းငယ်ဆိုရုံမျှသာရှိခြင်းအတွက် အထင်အမြင် သေးကောင်းသေးနိုင်ပါသည်။ မုန်းတီးပင် မုန်းတီးနိုင်ပါသည်။ သူ့အနေဖြင့်မူ ထိုသူတို့၏ ဦးခေါင်းများအတွက် စိတ်မကောင်းဖြစ်ရုံသာရှိပါသည်။ သူတို့အား နှုတ်ခမ်းကိုအနည်းငယ်မျှ တွန့်ကွေး၍ပြုံးပြလိုက်ရန် သင့်မည်ထင်ပါသည်။ သို့သော်သူတို့၏ ချွန်ထက်သောအစွယ်တို့ကိုမူ အနည်းငယ်သတိထားရပါလိမ့်မည်။
၆။
လူမျိုးစွဲ၊ နိုင်ငံစွဲ၊ ဒေသစွဲများ ရှိနေကြသကဲ့သို့ ဘာသာအယူဝါဒစွဲ၊ ၀ါဒစွဲ၊ ပါတီစွဲ၊ ယဉ်ကျေးမှုစွဲနှင့် အခြားအစွဲပေါင်း မြောက်မြားစွာရှိနေကြပါသေး သည်။ ထိုသို့ စွဲလမ်းခြင်းကြီးမားမှုများကိုလည်း သူမုန်းတီးတတ်ပါသည်။ မုန်းတီးသည်ဟုဆိုရာတွင် ရန်ပြုတိုက်ခိုက်လိုသော သဘောမပါရှိကြောင်း သူအာမခံနိုင် ပါသည်။ သူ၏မုန်းတီးမှုမှာ ပြင်းထန်သော မနှစ်သက်မှုသက်သက်မျှသာ ဖြစ်ပါသည်။ လူမျိုးစွဲ၊ နိုင်ငံစွဲ၊ ဒေသစွဲကြီးမားမှုများကို သူမုန်းတီးရခြင်းအကြောင်းမှာ သူ ၏ လူသားအားလုံးအပေါ်ထားရှိသည့် ကြီးမားသောချစ်ခြင်းမေတ္တာကြောင့်ပင် ဖြစ်ပါလိမ့်မည်။ အချစ်သည်ကြီးမားကျယ်ပြန့်ပါက များစွာကောင်းမွန်အကျိုးကျေးဇူး ရှိနိုင်သော်လည်းအချစ်သည် ကြီးမားကျဉ်းမြောင်းပါက အရှိန်အဟုန်ပြင်းစွာဖြင့် လောင်မြိက် ပျက်စီးစေတတ်ပါသည်။ ၎င်းအတွက် ကမ္ဘာ့သမိုင်း၏ စာမျက်နှာတိုင်း လိုလိုမှာပင် သင်ခန်းစာများ လုံလောက်စွာရှိနှင့်ပြီးဖြစ်သည်ဟု သူထင်ပါသည်။ လူသားတို့သည် ထိုကဲ့သို့မကြာခဏ သင်ခန်းစာပေးရန်လိုအပ်လောက်အောင် မိုက်မဲကြသူများမဟုတ်ဟု သူမိုက်မဲရူးနှမ်းစွာ ယုံကြည်ခဲ့ဖူးပါသည်။ မကြာမီက မဂ္ဂဇင်းတအုပ်တွင် ဖတ်ခဲ့မိသော နာမည်ရ စာရေးဆရာတယောက်၏ ကမ္ဘာ ပေါ်တွင် မြန်မာလူမျိုးလောက် ယဉ်ကျေးသောလူမျိုးမရှိဟူသော အံ့သြစရာကောင်း လောက်အောင် ကြောင်တောင်ပေါသွပ်သော အတွေးအမြင်ကို သူသတိရမိ လိုက်ပါသည်။
အချို့သောသူများသည် မီးသွေးဖိုများထဲတွင် နေထိုင်ကြကြောင်း အစက သူမသိခဲ့သည်ကို သူဝမ်းနည်းစွာ ၀န်ခံရပါလိမ့်မည်။ ယခုအချိန်ထိမူ သူသည်သူ့ကိုယ်သူ လူယဉ်ကျေးတယောက်ဖြစ်သည်ဟု ထင်နေမိဆဲပင်ဖြစ်ပါသည်။ မည်သည့်အခြေအနေမျိုးကို ကြုံတွေ့ရသည် ဖြစ်စေ သည်းခံခွင့်လွှတ် နေထိုင်ခြင်းသည် ယဉ်ကျေးမှုတခုဖြစ်လာချိန်တွင် သူသည်သေချာပေါက် လူရိုင်းတယောက် ဖြစ်သွားပါလိမ့်မည်။
တွားသွားသတ္တ၀ါများကို သူ မည်သည့်အခါကမှ မနှစ်သက်ပါ။
၇။
သူ၏ တွေးမြင်ယုံကြည်မှုအတော်များများနှင့် အရာရာအကြောင်းကြောင်းသော ဖြစ်ပျက်မှုများပေါ်တွင် ချဉ်းကပ်စဉ်းစားသုံးသပ်ပုံ နည်းလမ်းများအ တွက် ကျေးဇူးအတင်ထိုက်ဆုံးသူများမှာ သူ၏ဖခင်နှင့် မိခင်တို့ပင်ဖြစ်ပါသည်။ အခြားကျေးဇူးတင်ထိုက်သူ များစွာရှိသည့်အနက် အစီအစဉ်တကျမဟုတ်သော် လည်း ဆိုဗီယက်သမ္မတဟောင်း မစ္စတာမီခေးလ်ဂေါ်ဘာချက်ကို ဦးစွာဖော်ပြချင်ပါသည်။ သူ၏ ဂလက်စနော့နှင့် ပယ်ရက်စထရွိုက်ကာသည် သူ့အားများစွာ ဆွဲ ဆောင်နိုင်ခဲ့ပါသည်။ ရီဇာဂေါ်ဘာချက်ရေးသားခဲ့သော ‘ကျမမျှော်လင့်မိသည်’ ဆိုသောစာအုပ်ကို အနည်းငယ်မျှသာ မြည်းစမ်းဖတ်ရှုခွင့်ရခဲ့သော်လည်း သူအလွန် နှစ်သက်မိပါသည်။ တပြိုင်နက်တည်းပင် ထိတ်လန့်တုန်လှုပ် မုန်းတီးစက်ဆုပ်စရာများကိုလည်း အနှံ့အပြား တွေ့ရှိခဲ့ရပါသည်။ မည်သို့ပင်ဖြစ်စေ ဓာတ်ခွဲစမ်းသပ်မှု တခု၏ရလဒ်ကို သူသိချင်နေသည်မှာ ကြာပြီဖြစ်ပါသည်။
လူသားတို့၏ သက်တမ်းပမာဏအရ ဓာတ်ခွဲစမ်းသပ်မှုတခု၏ အချိန်ကာလမှာ ထိုမျှအထိ ကြာရန်မသင့်ပါ။ စမ်းသပ်ခံပစ္စည်းများအတွက် သူ့ရင်ထဲ တွင် ကြေကြေကွဲကွဲ ခံစားခဲ့ရပါသည်။ နှစ်ပေါင်း (၇၀) ကျော် ဓာတ်ခွဲစမ်းသပ်မှု၏အဖြေကို သူယခု ထင်ထင်ရှားရှားပင် တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။ ထိုအဖြေသည် မှားယွင်းစရာအကြောင်းမရှိပါ။ သေချာပါသည်။
မြစ်ကြောင်းတချို့တွင် ချာလည်လည်နေဆဲဖြစ်သော လှေတချို့ကို တွေ့မြင်နေရဆဲဖြစ်ပါသည်။ အနီးကပ်သွား၍ ကြည့်ရှုရန်မလိုဘဲ ထိုလှေတို့၏ လှေ နံတွင် ဓားထစ်ရာများစွာ ရှိနေမည်ဟု သူအတတ်ပြောနိုင်ပါသည်။ ထိုလှေများ၏အောက်ရှိ မြစ်ရေမှာမူ စီးဆင်းနေဆဲဖြစ်ပါသည်။ သူသည် မြစ်ကြောင်းများ၏ စီးဆင်းမှုကို ကြည့်ရှုနေရင်းပင် စဉ်းစားဆင်ခြင်ဖွယ်ရာ၊ အတုယူဖွယ်ရာ၊ နှစ်သက်မြတ်နိုးဖွယ်ရာ၊ မုန်းတီးရွံရှာဖွယ်ရာများစွာကို သင်ယူတတ်မြောက်ခဲ့ပြီ ဖြစ်ပါ သည်။ သို့သော် ဟာမင်းဟက်စ်၏ သိဒ္ဓတ္ထလို သင်ယူတတ်မြောက်မှုနှင့်မူ တူညီနိုင်မည်မထင်ပါ။ များစွာကွာခြားကောင်း ကွာခြားနိုင်ပါသည်။
လှပကောင်းလှပမည်ဖြစ်သော်လည်း ဗေဒါပင်တို့၏ စရိုက်လက္ခဏာကို သူမနှစ်သက်နိုင်ပါ။ ကွယ်လွန်သူ ကဗျာစာဆိုကြီး ဆရာဇော်ဂျီ၏ ဗေဒါပင် တို့အပေါ် အမြင်နှင့်မူ သူ၏အမြင်သည် ပြောင်းပြန်ဖြစ်သည်ဟု ဆိုရပါမည်။ ဗေဒါပင်တို့သည် ရေစီးအတိုင်းသာ ဖော့ဂုဏ်ကြီးကြီးဖြင့် အလိုက်သင့်မျောပါလေ့ ရှိ ပါသည်။ သူသည် ဗေဒါပင်တို့ ပိတ်ဆို့လုမတတ် ကြပ်နေတတ်သော မြစ်ချောင်းအတော်များများတွင် ခရီးသွားခဲ့ဖူးပါသည်။ ဗေဒါကြပ်သောမြစ်ချောင်းများသည် ခရီးလမ်းကောင်းများ မဖြစ်နိုင်ပါ။
၈။
ယခုတလောတွင် မနက်ငါးနာရီအချိန်တို့သည် တစုံတရာဖောက်ပြန်ပျက်စီးနေသည်ဟု ထင်ပါသည်။ မနက်အရုဏ်ဦး၏ အနီရောင်ပျို့ပျို့ကောင်းကင် ပြင်ကို သူမတွေ့ရပါ။ ဖြူဖျော့ဖျော့နှင့် အရိုးငေါငေါကောင်းကင်ကိုသာ ကြောင်စီစီတွေ့မြင်နေရပါသည်။ ပို၍ဆိုးသည်မှာ ကောင်းကင်သည် သူနှင့်လုံးဝလိုက်ဖက် ခြင်းမရှိသည့် ဒေါင်လိုက်အစင်းအစင်း အင်္ကျီရှည်ကြီးကို ကိုးရိုးကားရား ၀တ်ဆင်ထားခြင်းဖြစ်ပါသည်။ အမှန်မှာ ကောင်းကင်သည် သဘာဝအတိုင်း ကျယ်ကျယ် ပြန့်ပြန့် ကြည်ကြည်စင်စင် သို့မဟုတ် ပြာပြာလွင်လွင်ပင် ရှိနေသင့်ပါသည်။ ကောင်းကင်ဓာတ်နှင့်ရနံ့ကို သူအလွန်ချစ်မက် နှစ်သက်ပါသည်။ သို့သော်သူသည် ယခုအချိန်အထိ ကောင်းကင်ဓာတ်နှင့်ရနံ့ကို ပြည့်ပြည့်၀၀တခါမှ ရယူရှူရှိုက်ခွင့် မရရှိခဲ့သေးသည်မှာ များစွာဝမ်းနည်းစရာကောင်းသည်ဟု ဆိုရပါမည်။ သူသည် ရေတွင်းတတွင်းထဲတွင် မွေးဖွားကြီးပြင်းခဲ့ခြင်း ဖြစ်နိုင်ပါသည်။
အချို့သူများမှာ မြေပြင်နှင့်ကောင်းကင်ကြားတွင် သွားလာလှုပ်ရှားနေကြသော်လည်း ကောင်းကင်ကို မော့ကြည့်ခဲ့ကြဖို့ မေ့လျော့နေခဲ့ကြပုံရပါသည်။ သို့မဟုတ် သူတို့၏ဦးခေါင်းများကိုမော့ဖို့ရန် အလွန်ဝန်လေးကြောက်လန့်နေကြခြင်းလည်း ဖြစ်နိုင်ပါသည်။ သူတို့၏ ခြေတံများအောက်တွင် မြက်ပင်များ သန်စွမ်း စွာပေါက်နေကြပါသည်။ ထိုသူတို့၏ ငုံ့ထားသောဦးခေါင်းများသည် မြက်ပင်များကို များစွာနှစ်သက်စွဲလမ်းနေပုံရပါသည်။
သူသည် မြေပြန့်၊ ကောင်းကင်၊ ပင်လယ်၊ သမုဒရြာ၊ မြစ်ချောင်း၊ သစ်ပင်ပန်းမန်၊ တောတောင်အားလုံးကို ချစ်မြတ်နိုးသူဖြစ်ပါသည်။ စားသောက်ရန် အတွက်သက်သက် အသက်ရှင်နေထိုင်ကြသူများ ရှိသည်ဆိုလျှင် သူများစွာအံ့သြမိပါလိမ့်မည်။ သူ၏ပတ်ဝန်းကျင်တွင် အစဉ်အလာ ဓလေ့ထုံးစံများဟု စာလုံး များရေးထိုးထားသော ၀န်ထုပ်ကြီးများကို တနင့်တပိုးထမ်း၍ သွားလာနေကြသူများစွာကို တွေ့မြင်နေရပါသည်။ သို့သော်ထိုသူများကို ကြည့်ရသည်မှာ ထိုဝန်ထုပ် ကြီးများကို ကျင့်သားရနေကြသည်ဟု ထင်ရပါသည်။ အချို့မှာ သူတို့ထမ်းပိုးလာသော ၀န်ထုပ်များအတွက်ပင် မာနတက်နေကြဟန်တူပါသည်။ အာကာသဟင်း လင်းပြင်နှင့်ကြယ်ကြီးများ၊ ဂြိုဟ်များ၊ အာကာသတွင်းနက်ကြီးများအကြောင်းကို စူးစမ်းလေ့လာ၍ စကြာဝဠာ၏အနက်အဓိပ္ပာယ် ဥပဒေသတို့ကို နားလည်ရန်ကြိုး စားနေကြသော သိပ္ပံပညာရှင်များကို သူအလွန်လေးစားချီးကျူးပါသည်။ ထိုသူတို့၏ကျောပေါ်တွင် ဟင်းလင်းပြင်ကြည့် မှန်ပြောင်းကြီးများကိုသာ တွေ့ရပါသည်။ ထိုပညာရှင်များထံမှ သူသည်ကမ္ဘာဂြိုဟ်၏အကြောင်း အတော်အတန်သိရှိခဲ့ပြီးဖြစ်ပါသည်။ သို့သော် သူတို့သည် လူမှုလောကနှင့် လူတို့၏ထူးခြားဆန်းပြားသော စရိုက်လက္ခဏာများ၊ ရှုပ်ထွေးကောက်ကွေ့သော လှုပ်ရှားမှုများကိုမူ သူ့အားသင်ကြားပေးနိုင်စွမ်း မရှိကြပါ။
ကမ္ဘာကျော် ရူပဗေဒပညာရှင် စတီဗင်ဝိန်းဘဂ်ကို မမြင်ဘူးသော်လည်း သူ၏ပြောစကားတခုကိုမူ သူမှတ်မိနေပါသည်။ “လူ့ ဘ၀အကြောင်းသိချင် ရင်တော့ အိုင်းစတိုင်းနဲ့ရှိတ်စပီးယား နှစ်ယောက်လုံးကိုမေးရမှာပဲ” ဟု သူကဆိုခဲ့ပါသည်။ သူသည် ရှိတ်စပီးယား၏ နာမည်ကျော် ပြဇာတ်များကို ဖတ်ဖူးခဲ့သော် လည်း မကြည့်ဘူးသေးကြောင်း ၀န်ခံရပါမည်။
၉။
နောက်တနေ့ မနက်ငါးနာရီဆိုသောအချိန်ကို သူမုန်းတီးစက်ဆုပ်ရဦးမည်မှာ သေချာပါသည်။ လူ့လောက၏အစိုးမရမှုတရား အရဆိုလျှင်မူ သေချာ သည်ဟုပြောရန်မဖြစ်နိုင်ပါ။ နောက်တနေ့ မနက်ငါးနာရီမထိုးမီ သူ့မုန်းတီးမှုကိုဖြစ်စေသော ပတ်ဝန်းကျင်အခြေအနေမှ သူကင်းလွတ်သွားနိုင်ပါသေးသည်။ လူ သားဟူသောဖြစ်တည်မှုနှင့် ရုပ်ပတ်ဝန်းကျင်တခုလုံးမှပင် ရုတ်တရက်အပြီးတိုင် ကင်းလွတ်လွင့်ပါးသွားနိုင်ပါသည်။ ထိုအချက်မှာ ငြင်းဖျက်၍မရနိုင်ကြောင်း သူ နားလည်ပြီးဖြစ်ပါသည်။
သို့သော်သူသည် ချစ်တတ်နေဆဲပင်ဖြစ်ပါသည်။ လူသားအားလုံးကို ချစ်ခြင်းနှင့်အတူသူ၏ အချစ်ဆုံးလူသားသုံးဦးအားလည်း အခိုင်အမာချစ်နေ ဆဲ၊ သံယောဇဉ်ကြီးမားဆဲဖြစ်ပါသည်။ သူ၏ အချစ်ဆုံးလူသားသုံးဦးရှိနေသည့် ရုပ်ပတ်ဝန်းကျင်သို့ သူရုတ်ချည်း ကူးပြောင်းရောက်ရှိသွားမည်ဆိုပါက သူမုန်းတီး စက်ဆုပ်နေသော မနက်ငါးနာရီ အော်ဂင်တီးလုံးနှင့်နာရီထိုးသံကို သူနားထောင် ရတော့မည်မဟုတ်ပါ။ သူ၏အချစ်ဆုံး လူသားသုံးဦးရှိရာပတ်ဝန်းကျင်မှ မနက်ငါး နာရီထိုးသံကို သူမုန်းတီးမည်မဟုတ်သည်မှာ အလွန့်အလွန် သေချာလှပါသည်။ မုန်းတီးခြင်းမရှိနိုင်သည့်ပြင် ထိုမနက်ငါးနာရီထိုးသံတို့သည် သူ့အတွက်အသာ ယာ အချိုမိန်ဆုံးသောရသကို ခံစားနိုင်ရန် အချက်ပေးသံစဉ်လေးများပင် ဖြစ်သွားကြပေလိမ့်မည်။
နေ့သည်ခါတိုင်းလိုပင် ကျဲတောက်တောက် အပူရောင်အောက်တွင် ၀ပ်စင်းညည်းညူနေပါသည်။ ကောင်းကင်ပြင်သည်လည်း သူနှင့်မလိုက်ဖက် သည့် ဒေါင်လိုက်အစင်းအစင်း အင်္ကျီရှည်ကြီးနှင့်သိက္ခာမဲ့စွာ ပျင်းရိနေပါသည်။ သူ့အနီးတွင် ဟောင်းနွမ်းသော စိုထိုင်းထိုင်းလေစ အနည်းငယ်ရှိနေကြောင်း သတိ ပြုမိလိုက်ပါသည်။
သေချာသည်မှာ ထိုအရုပ်ဆိုးဆိုးကောင်းကင်ကွက်ကွက်ကို ဖောက်ထွက်ပျံသန်းနိုင်ရန် သူ့တွင် လင်းယုန်တောင်ပံတစုံ လိုအပ်ပါလိမ့်မည်။
စိုးနေလင်း (အသက် ၄၀ ပြည့်အမှတ်တရ)
Tuesday, January 22, 2008
မနက်ငါးနာရီ၊ လင်းယုန်တောင်ပံတစုံနဲ့ ဗေဒါကြပ်တဲ့မြစ်တစင်း
Posted by ကိုဈာန် at 10:50 PM
Labels: အက်ဆေး/၀တ္ထုတို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment