Wednesday, February 6, 2008

ဂေါ်ကီရဲ့အမေ အနှစ်တရာပြည့်ပြီ

ရဲဘော် ဖိုးသံချောင်း

မာ့က်စင်ဂေါ်ကီဆိုသူက အမေဆိုသော ၀တ္ထုရှည်ကြီးတပုဒ်ကို ၁၉၀၇ ခုနှစ်ထဲတွင် ရေးထုတ်လိုက်သည်။ ထိုအချိန်တွင် သူ့အသက်မှာ ၃၉ နှစ်ရှိနေပြီ။ ယခု အနှစ်တရာတိတိ ကြာသောအခါ ဤစာအုပ်ကို ဂုဏ်ပြုနေကြသည်။ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်နှင့်လည်း အံဝင်ကြောင်း ပြောနေကြသည်။ ဤစာအုပ်နှင့် ပတ်သက်ပြီး မိမိဘ၀တွင် မှတ်လောက်သားလောက်များ ကျန်ရစ်နေသည်ကို ပြန်စဉ်းစားမိပါသည်။

ထိုစာအုပ်ကို ကျွန်တော်က ၁၉၆၃ ခုနှစ်တွင်မှ ဖတ်ရသည်။ အသက် ၁၈ နှစ် အရွယ်ပါ။ ကျောင်းသား လှုပ်ရှားမှုများ တွင်ပါဝင်မှုကြောင့် ကျွန်တော်ပြေးလွှား၊ ပုန်းအောင်းနေစဉ် အိမ်ကို လှမ်းမှာယူပြီး ဖတ်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းမှာ အင်္ဂလိပ်ဝတ္ထု ရှည်ကြီးတအုပ်ကို တသက်တွင် ပထမဆုံး ဖတ်ဖူးခြင်း ဖြစ်သည်။ လူကလည်း ပြေးလွှား ပုန်းအောင်းနေတုန်း၊ အားနေတုန်းမို့ စာ မျက်နှာ ၃၀၀ ကျော်လောက်ရှိသော စာအုပ်ထူကြီးကို နှစ်ရက်၊ သုံးရက်နှင့် အပြီးဖတ်လိုက်နိုင်ခြင်းကြောင့် အင်္ဂလိပ်လို ရေးထားသည့် စာအုပ်ထူကြီးများကိုဖတ်ရန် ကိုယ့်ကိုယ်ကို ယုံကြည်မှုရသွားစေခဲ့သည်ကို ကောင်းကောင်းမှတ်မိနေသည်။ ထို့ထက် ပိုအရေးကြီးသည်က ဤစာအုပ်ကို ဖတ်ပြီးနောက် သရုပ်မှန်စာပေ၏ အစွမ်းနှင့်အင်အားကို ကောင်းကောင်းသဘောပေါက် ယုံကြည်သွားခြင်းပင် ဖြစ်ပါသည်။ နောက်ပြီး ကိုယ့်နိုင်ငံရေး ယုံကြည်ချက်ကိုလည်း အားဖြည့်လောင်းသည့်အလား ခံစားခဲ့ရသည်။

ဤစာအုပ်မတိုင်မီက ပြည်တွင်းက၀တ္ထုပေါင်းများစွာကိုရော နိုင်ငံခြားဝတ္ထုဘာသာ ပေါင်းများစွာကိုပါ ကျွန်တော် ဖတ်ဖူးပါသည်။ အင်္ဂလိပ်လိုဆိုလျင်လည်း အတိုချုပ်ထားသော စာအုပ်တော်တော်များများ ဖတ်ဖူးပါသည်။ သို့သော် ဤ၀တ္ထုကိုဖတ်ပြီး နောက်ခံစားရသည့် ကျေနပ်မှု၊ အားတက်မှုမျိုး သည့်အယင်ဘယ်တုန်းကမှ မရရှိခဲ့ဖူးသည်မှာ အမှန်ပင် ဖြစ်သည်။ ဤ၀တ္ထုကိုဖတ်ရန် ကျွန်တော်တိုက်တွန်းမိသော လူအရေအတွက်ဆိုလျင်လည်း များလွန်း၍ မှတ်ပင် မမှတ်မိတော့။

‘အမေ’ကို ဗမာပြည်တွင် စာရေးဆရာဂုဏ်ရောင်နှင့် တောင်တွင်းဦးကိုကိုကြီးတို့ ဘာသာပြန်ဖူးသည်။ နှစ်ဦးပေါင်းလျင် စောင်ရေသောင်းဂဏန်းရှိလောက်သည်။ ယခုပြန်ထုတ်ခွင့် ရလျင်လည်း ရောင်းရမည်ဟု ယုံကြည်သည်။ နအဖ ပြောနေသော “အမေ”ဆိုသော စံနှင့် တိုင်းတာကြည့်သင့်သည်။ ဂေါ်ကီ၏ အမေသည် ဖိနှိပ်မှုနှစ်မျိုးကို ရင်ဆိုင်တွန်းလှန်ကာ လူသုံးမျိုးကို ကိုယ်စားပြု သည်ဟု ဆိုနိုင်သည်။ သူသည် (၁) မိန်းမ။ (၂) မိခင်။ (၃) အလုပ်သမားဆိုသော လူသုံးမျိုး ကိုကိုယ်စားပြုကာ ယောက်ျားတို့၏ စိုးမိုးမှုဆိုသော အိမ်တွင်း ကျေးကျွန်ပြုမှုနှင့် လုပ်ခ၏ ကျေးကျွန်ပြုမှုဆိုသော စနစ်ဆိုးနှစ်ခုကို ရင်ဆိုင်တွန်းလှန်သူဖြစ်ပေသည်။ ‘အမေ’သည် နိုင်ငံရေးစကားတွေ ဖောင်အောင် ပြောနေသော သာလိကာဇာတ်ကောင်မျိုး မဟုတ်ချေ။ သူသည် မူလက နိုင်ငံရေးဟူ၍ နကန်းတလုံးမှ မသိရှာသော။ သူ့သား ပေဗယ်လ်နှင့် သူ့ရဲဘော်တွေ လုပ်သမျှကို မှောင်ရိပ်ထဲမှ စိုးရိမ်တကြီး စောင့်ကြည့်ကာ သက်ပြင်းတဖိုဖိုဖြင့် ဘုရားတ’ နေရှာသော မိန်းမကြီး တဦးသာလျင် ဖြစ်ပေသည်။ သည့်နောက်တွင်မှ သူသည်သူ့သားရဲ့ ရဲဘော် တွေအပေါ် သူ့သားလိုပဲချစ်ခင်လာကာ။ သံယောဇဉ် မွေးမိသော မိခင်တဦးဖြစ်လာသည်။ နောက်တဆင့်တက်တော့ သူသည် သူ့သားနှင့် ရဲဘော်များအတိုင်း သဘောပေါက် ယုံကြည်လာသည်။ ထိုမှထပ်တဆင့်တက်တော့ သူကသူ့သားတို့တတွေ အဖမ်းခံရချိန်တွင် ကျန်ရစ်သော တာဝန်များကို သူက ဆက်လုပ်ခြင်းပင်ဖြစ်လေသည်။

ဤဖြစ်ပေါ်တိုးတက်မှုမှာ အလွယ်တကူ ဖြစ်ပေါ်လာသည် မဟုတ်။ အတွေးအခေါ်ပဋိ ပက္ခပေါင်းများစွာကို ဖြတ်သန်းပြီးမှ တဖြည်းဖြည်း မြင့်တက်လာခြင်း ဖြစ်သည်။ လူတန်းစား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာလေလေ။ သူ၏ အသိ ပိုတိုးတက်လာလေလေ ဖြစ်ခဲ့သည်မှ သတိပြုစရာ ဖြစ်သည်။ တချိန်က သူ့အဖို့နားစိမ်းရုံမက တုန်လှုပ်စရာဖြစ်သော “နိုင်ငံရေး၊ အတွေးအခေါ်၊ အုံကြွမှု၊ တိုက်ပွဲ၊ ဆိုရှယ်လစ်”စသည့် စကားများကို မှောင်ရိပ်ထဲမှနားထောင်ရင်း သူယဉ်ပါးခဲ့ရသည်။ နောက်တော့ သူကိုယ်တိုင် အကောင်အထည်ဖော်သူဖြစ်လာတော့သည်။ သူ့မှာသူယုံကြည်သော ဘာသာရေးအတွက် သားဖြစ်သူနှင့်ငြင်းခုံသည်ကိုလည်း ဤစာအုပ် တွင်ဖတ်ကြရသည်။ ထို့ကြောင့်ဂေါ်ကီ၏ ‘အမေ’မှာ တခေတ်ထွန်းတယောက်ပေါ်။ လူထူး လူချွန်မဟုတ်။ အင်မတန် သာမာန်ကျသော သဘာဝမိခင်တဦးသာလျင် ဖြစ်နေသည်ကိုက ဤ စာအုပ်၏ အစွမ်းဖြစ်နေပေသည်။

‘အမေ့’အဖို့ သူ့သားနှင့်အပေါင်းပါတွေလုပ်နေ၊ ပြောနေသမျမှာ အဆန်းချည်း ဖြစ်နေခဲ့သည်။ ၀တ္ထုတနေရာတွင် သူက သူ့သား၏ရောင်းရင်း ယူကရိန်းသားကို ဤသို့ပြောသည်။ “မင်းတို့ကလည်း ထူးဆန်းလိုက်တာ။ မင်းတို့အားလုံး ရဲဘော်တွေလား။ အာမေးနီးယန်း တွေ၊ ဂျူးတွေ၊ သြစထရီးယန်းတွေ၊ မင်းတို့တတွေ စကားပြောနေလိုက်ကြတာဟာ တကယ့် မိတ်ရင်း ကျွမ်းဟောင်းတွေလိုပဲ။ မင်းတို့ဟာ ၀မ်းနည်းစရာရှိလည်း အားလုံးအတွက် ၀မ်းနည်းတယ်။ ၀မ်းသာစရာရှိလည်း အားလုံးအတွက် ၀မ်းသာတယ်၊ ”ဤသည်ကိုယူကရိန်းသားကြီး ရိုင်ဘင်က ယခုကဲ့သို့ ပြန်ပြောသည်- “ဟုတ်တယ်။ အားလုံးအတွက်ပဲ အမေ။ အားလုံးအတွက်ပဲ။ ကမ္ဘာကြီးဟာ ကျွန်တော်တို့အတွက်၊ ကမ္ဘာကြီးဟာ အလုပ်သမားတွေအတွက်ပဲ။ ကျွန်တော်တို့မှာ နိုင်ငံမရှိ၊ လူမျိုး မရှိဘူး၊ ရဲဘော်နဲ့ ရန်သူပဲရှိတယ်။

‘အမေ’ကို ဂေါ်ကီရေးတော့ သူ့အသက်မှာ ၃၉ နှစ်ရှိနေပြီ။ ထိုအခါတွင် သူသည်နာမည်ရ စာရေးဆရာဘ၀ ရောက်နေပြီ ဖြစ်ယုံမက နိုင်ငံရေးလုပ်သက်လည်း အနှစ်နှစ်ဆယ်ရှိ နေပေပြီ။ သူသည် ဆင်စွယ်နန်းပေါ်မှာ ငှက်ကလေးတွေပျံနေ။ ပန်းကလေးတွေ ပွင့်နေသည်ကို ကြည့်ကာစာဖွဲ့နေသူမ ဟုတ်။ ပေရေစုတ်ပြတ်နေသည့် အလုပ်သမားများအကြား နေထိုင်ကာ ကမ္ဘာကျော်စာများကို ထုတ်လုပ်နေသူဖြစ်သည်။ တကယ်တွင် ဂေါ်ကီ၏ဘ၀သည်ပင် ဂန္တ၀င် ၀တ္ထုကြီးတပုဒ်ဖြစ်သည်။
သူငါးနှစ်သားကတည်းက အဖေသေသည်။ ထို့ကြောင့် သူ့ကို အမေ့ဘက်က အဖိုးအဖွားများက ခေါ်ထားခဲ့သည်။ သူ့ကို ခိုင်းစားလို့ရတဲ့အရွယ်ဖြစ်တဲ့ ၈ နှစ်သားမှာပဲ သူ့အဖိုးကသူ့ကို ခိုင်းစားသည်။ ဖိနပ်ချုပ်ဆိုင်၊ ဘုရားကားရောင်းသည့်ဆိုင်၊ ပန်းကန်ဆေး၊ ဆေးသုတ်၊ အစုံပင်။ သို့သော် သူသည် ကျောင်းမတက်ဖူးချေ။ သူ ၁၂ နှစ်သားအရွယ်ရောက်တော့ အဖိုးအိမ်က ထွက်ပြေးတော့သည်။ ထိုအခါမှစှုသူသည် ခြေသလုံးအိမ်တိုင်ပြုကာ တနေရာမှ တနေရာသို့ သွားလာ ရှာဖွေစားသောက် ရတော့သည်။ ထိုအတွေ့အကြုံများကို သူ၏ “ကျွန်တော်၏ တက္ကသိုလ်များ” စာအုပ်တွင် ဖတ်ရှုကြရသည်။ သူမလုပ်ဖူးသော အလုပ်ဟူ၍မရှိ သလောက်ပင်။ သူသည် သူခိုး၊ ပြည့်တန်ဆာစသည့် လူ့အောက်လွှာဝင်များနှင့်လည်း ပေါင်းသင်းခဲ့ရသည်။ သူများအိမ် တွင် လုပ်ရသောအခါမျာ့း နှိပ်စက်မှုဆိုသည်မှာ သူ့အဖို့မဆန်းသောအရာ သာဖြစ်ခဲ့သည်။

ငတ်တလှည့်ပြတ်တလှည့်နှင့် အသက်ရှင်ရင်း တနေ့၊ သူအသက် ၂၁ နှစ် အရွယ်တွင် သူ့ကိုယ်သူ သေနတ်နှင့် ပစ်သေရန် ကြိုးစားခဲ့ဖူးသည်။သေတော့မသေ။ သို့သော် အဆုပ်ကို ဖောက် ထွက်သွားသဖြင့် တီဘီရောဂါဖြစ်ကာ ထိုရောဂါက သူ့ကိုသေသည်အထိ ဒုက္ခပေးသွားသည်။ သူသင်္ဘောပေါ်၌ အလုပ်ကြမ်းလုပ်နေစဉ် စာနာတတ်သော ထမင်းချက်တဦးက သူ့ကို စာသင်ပေးခဲ့သည်။ ထိုပညာနှင့်ပင် သူသည်တော်စတွိုင်း၊ ချက်ကော့ဗ်တို့နှင့် အပေါင်းအ သင်းဖြစ်ကာ ဆိုဗီယက် စာပေထုတ်ဝေရေးဌာန၏ တာဝန်ခံဖြစ်လာခဲ့သည်။ သူသည် လေးကြိမ်မျှအဖမ်းခံရကာ တရပ်တကျေးသို့ နယ်နှင်ဒဏ်လည်း ခံရဖူးသည်။ သူသည် ၁၉၀၅ခုနှစ်တော်လှန်ရေးတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်။ သူ့ဘ၀တသက်တာမှာ ရုရှားနိုင်ငံတွင် ပေါ်ပေါက်သော နိုင်ငံရေးလှုပ်ရှားမှုတိုင်းတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်။ သူသည်လန်ဒန့် ကျင်းပသော ပထမအကြိမ်မြောက် ဘော်လ်ရှီဗစ်ပါတီကွန်ဂရက်ကိုတက် ရောက်ကာ အမေရိကန်သို့တကူးတကန့်သွား၍ အလုပ်သမားများအတွက် ရံပုံငွေကောက်ခံ ဖူးသည်။ သူ့ခရီးစဉ်ကို စီစဉ်သူများတွင် အမေရိကန်စာရေးဆရာများဖြစ်သော မာခ်တွိန်း၊ ဂျက်လန်ဒန်၊ အာ့ပ်တန်ဆင်ကလဲယား စသူတို့ပါဝင်သည်။

‘အမေ’စာအုပ်ကို အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ်ထုတ်လိုက်တော့ နယူးယောက်တိုင်းသတင်းစာက ဤသို့ဝေဖန် သုံးသပ်သည်ကို တွေ့ရသည်။ “စာဖတ်သူကို ထိုတော်လှန်ရေးသမား အစုလေးနှင့် တရင်းတနှီး ပေါင်းမိသွားစေသည်။ ထို့နောက်တွင် အမေနှင့်အတူ သူစာရွက်စာတန်းတွေ ဖြန့်ရာနောက်က ကောက်ကောက် လိုက်ပါနေမိတော့သည်။ သူက မှတဆင့် သူ့လူတွေကို နားလည်ယူရသည်။” ပါလာဂွေရာဗလာဆော်ဗာ ဆိုသော ဤမိခင်မျိုး ကမ္ဘာမှာ မည်မျရှိသနည်။ တကယ် ကောရှိရဲ့လား။ ဂေါ်ကီက စိတ်ကူးယဉ်ပြီး ဖန်တီးလိုက်လို့သာပေါ်ပေါက်လာတာလား။ မကြုံဖူး သူများအဖို့ တွေးတောစရာ ရှိသည်။ သို့သော် ဗမာပြည်ကဲ့သို့ အစိုးရဖိနှိပ်မှုကို ရာစုနှစ်တ၀က် ကျော် ဖြတ်သန်းခဲ့သည့်နိုင်ငံတွင်မူ ဤ‘အမေ’မျိုးပေါင်း များစွာကိုတွေ့ဖူးခဲ့ကြပေပြီ။ ရှစ်လေးလုံး အရေးအခင်းကို ဖြတ်သန်းခဲ့သူများတွင်လည်း ဤလို အမေမျိုးတွေ ရှိကြသည်။ ဒေါက်တာ မောင်မောင်က မီးဖိုချောင်ထဲက လူတွေမပါသေးဘူးလို့ စိမ်ခေါ်လိုက်တော့ ဤအမေမျိုးတွေ ထောင်နှင့်သောင်းနှင့် လမ်းပေါ်ကို တက်လာကြသည်။ ဂေါ်ကီ၏ အမေသည် ရုရှားနိုင်ငံက အမေမဟုတ်။ တကမ္ဘာလုံးမှ အမေဖြစ်သည်။

မှတ်ချက်။ ။ ဆရာရဲဘော်ဖိုးသံချောင်း (၂၀၀၇) ခုနှစ်တွင် ရေးခဲ့သောဆောင်းပါးအား ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။

1 comment:

barb michelen said...

Hello I just entered before I have to leave to the airport, it's been very nice to meet you, if you want here is the site I told you about where I type some stuff and make good money (I work from home): here it is

 
/* EOT ----------------------------------------- */