(၁)
မတ်လ နွေရက်တွေကို ကျွန်တော်တို့ ၁၅ နှစ်ကျော် ဖြတ်ကျော်ခဲ့ကြပါပြီ။ ကျွန်တော်က ကျောင်းသားတပ်မတော်က ရဲဘော်တယောက်ဖြစ်လေတော့ တောထဲက (ကျွန်တော်တို့နိုင်ငံ နယ်စပ်မြေပေါ်က) ၁၅ နှစ် သက်တမ်းနွေဟာ လွမ်းစရာတွေကို ထမ်းထမ်းလာတတ်တယ်။
အဲဒီသစ်ရွက်တွေ တဖြိုင်းဖြိုင်း ကြွေတတ်တဲ့ နွေရက်တွေမှာ ကျွန်တော်ဟာ (ကျွန်တော်တို့နိုင်ငံရဲ့ စစ်ရေးသဘာဝအရ) ရှေ့တန်းစစ်မြေပြင်မှာ ရှိနေတတ်တယ်။ (ကျွန်တော်တို့ စကားအရ) စစ်ပူနေတဲ့ အဲဒီနွေရက်တွေမှာ ကင်းစောင့်ရင်း စစ်ချီရင်းမှ တခါက ‘နွေ’ ကို ကြေကြေကွဲကွဲ ဆွေးဆွေးမြမြ သတိရနေတတ်သူပါ။ ကျွန်တော်တို့ လူငယ်ဘဝဆိုတာ အဲဒီ သစ်ရွက်ကြွေတွေနဲ့ တွဲယှက်ထားခဲ့ကြတာပဲ မဟုတ်ပါလား။ သစ်ရွက်တွေက မြို့ပေါ်မှာလည်း ကြွေခဲ့တယ်။ တောထဲမှာလည်း ကြွေခဲ့တယ်။ ရဲဘော်မ အခု နေထိုင် နေတဲ့ နိုင်ငံမြေခြားက သစ်ပင်တွေကကော ကျွန်တော်တို့ရဲ့ သစ်ပင်တွေလို လွမ်းစရာ ကောင်းအောင် ကြွေကျတတ်ပါသလား။
(၂)
နဝတ အာဏာအသိမ်းမှာ ရှစ်လေးလုံး သွေးတွေ ကျွန်တော်တို့ ရင်တပြင်လုံးမှာ ပြည့်ညပ်နေတော့တယ်။ ဘာလုပ်ကြမလဲ ဆိုတဲ့ အတွေးကို အဲဒီညက ဗမာပြည်က လူငယ်တိုင်း တွေးဖြစ်ကြမှာပေါ့။ ‘ခွင့်လွှတ်ပါ အမေ’ဆိုတဲ့ စကားဟာ အဲဒီနေ့ရက်တွေထဲ တတိုင်းပြည်လုံးအနှံ့ မြည်ညံ နေခဲ့ရော့မယ်။ (တို့တိုင်းပြည်ကို တို့ချစ်သည်) အမေ့အိမ်ကနေ အခွာခက်တဲ့ခြေလှမ်းတွေကို ဇွတ်ဖယ်ခွာ သံယောဇဉ် သွေးစိမ်းရှင်ရှင်တွေကို သယ်မ လူငယ်ဆန်တဲ့ လှပမှုတွေသာ ကိုယ်စီ ပါလာခဲ့ကြတာပါ။ အဲဒီတုန်းကတော့ အဲဒီလောက်နဲ့ကို လုံလောက်ခဲ့ကြတယ်။
(၃)
လူငယ်နဲ့ တောအုံခြုံကြားတွေဟာ နီးစပ်သင့်ခဲ့ပါသလား။ စာသင်ခန်းအစား စစ်မြေပြင်ကို လူငယ်တွေ ရွေးသင့်ပါသလား။ လူငယ်တွေနှုတ်ဖျားမှာ ဘယ်လို စကားတွေသာ ရှိခဲ့သင့်ပါသလဲ။ အဲဒီ စစ်မုဆိုးတွေမှာလည်း သားတွေ သမီးတွေ ရှိနေခဲ့မှာပေါ့။ အဲဒီညမှာ သင်းတို့ဟာ သင်းတို့ သားသမီးတွေကို ဘာတွေသင်ပေးနေမလဲ။
(၄)
‘လာနော် အဖော်တွေပါတယ်’ လို့ စပယ်ယာလေးက ကျနော်တို့ (အိမ်က ထွက်စ အဝေးပြေးလမ်းမမှာ နိမိတ်ပြ စကားနဲ့) သူ့ကားပေါ် တင်ခေါ်လာတယ်။
လမ်းတလျှောက်မှာလည်း (သူထမ်းနိုင်တဲ့ ရှစ်လေးလုံးတာဝန်တွေ ယူပေးခဲ့တယ်)။ ခရီးမိုင် နှစ်ရာကျော်ကိစ္စမှာ သူထမ်းပြခဲ့တဲ့ တာဝန်တွေဟာ (ဘယ်လောက်များ မွန် မြတ်ခဲ့ပါသလဲ ဆိုရင်) ၁၅ နှစ်ကျော်သည့် တိုင် ကျွန်တော့်မှာ မမေ့ရက်နိုင်စရာ။ ကားပေါ်ကအဆင်း ကျွန်တော်တို့ ပေးလာတဲ့ ငွေတွေကို (စပယ်ယာနဲ့ ဒရိုင်ဘာက ငြင်းပယ်ချင်းရဲ့ လေးနက်မှုတွေ။) ‘ကံကောင်းနိုင်ကြပါစေ’ ဆိုတဲ့ စကားသံ။ မျက်လုံးတွေက ရီဝေ။ တောင်တန်းတွေက ပို၍ မြင့်မောက်ခဲ့ကြတဲ့ ဟောဒီည။ စိတ်သွားတိုင်း ကိုယ်ပါခဲ့တဲ့ အဲဒီညတွေဟာ မှောင်နေ ပေမဲ့ လူငယ်စိတ်တွေနဲ့ လက်စိုနေခဲ့တယ်။
(၅)
မီးခွက်ဆီမီးက မှိန်ဖျော့ လျှောကျ၊ မျက်နှာတွေ၊ မျက်နှာတွေ၊ သားသည်ကို ခါးထစ်ခွင်လာတဲ့ မိန်းမ။ ကိုယ်ဝန် နေ့စေ့ လစေ့လုနီး မိန်းမ၊ သာသနာဆရာက ရီရီဝေဝေ၊ ဒေသခံ ကျောင်းဆရာမလေးမှာ သူတတ်တာက ငိုခြင်း အနုပညာ၊ လူပျို ငယ်ရွယ်တွေက (ကျွန်တော်တို့နဲ့ ပါလာတဲ့ ကျောင်းသူပျိုများက ဆွဲငင်အားရှိခဲ့ထင်ပါ့) မနက်ဖြန် သူတို့လိုက်ပို့ရေး တာဝန်ယူချင်သပတဲ့။ တာဝန်တွေ ကိုယ့်ဘာသာကိုယ် အပ်နှင်းလို့။ သင်တိုင်းဖြူတချို့က လှပ နုနယ်သော မြို့သူများကို ငေး၊ သူတို့လေးတွေ အတွေးနက်နေရော့မယ်။ အားလုံးက ဝမ်းသာအားရနဲ့ တိတ်ငြိမ်နေတဲ့ အဲဒီည။ (ပထမဆုံးသော တောထဲက ည) မိုးအလင်းမှာ တောင်တွေက ကျောင်းသားတွေကို ကြို နေတော့တယ်။
(၆)
ပါဝါမျက်မှန်ကလေး တလက်လက်။ သွယ်နွဲ့နွဲ့ကိုယ်မှာ ဝန်စည်စလှယ်တွေက တွဲလွဲခိုလျက် …။ “ရတယ်အကို ညီမ နိုင်ပါတယ်” ဆိုတဲ့စကားကို ကျနော်လည်း ကြားပါတယ်။ ဒေါနတောင်တန်းကြီးလည်း ကြားပါတယ်။ ရှေ့က ရဲဘော်တွေလည်း ကြားပါတယ်။ ရန်သူလည်း ကြားလိမ့်မယ်။ အခုဆို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးလည်း ကြားရော့မယ်။
လွမ်းစရာတွေကို မေ့သွားနိုင်တဲ့ လျော့ပါးမှုတွေ ရဲဘော်မမှာ ကင်းစင်နေတာကို ယုံတုန်း…။
(၇)
သက်သာသလား။ ရဲဘော်က နားလည် စွာပြုံးပြတယ်။ ရန်ကုန်မြို့လည်ခေါင် (ကျောက်တံတားမှာ) နေခဲ့သူမှာ ငှက်ဖျား ဗဟုသုတ မရှိနိုင်ခဲ့။ တက္ကသိုလ်ကျောင်းသားဟာ ငှက်ဖျားရောဂါကို (ဟိုစဉ်က) ဘယ်လို လေးနက်ခဲ့မှာလဲ။ မဖြစ်နိုင်ပါဘူး ဆိုတာတွေ တို့ခေတ်မှာ ဖြစ်ခဲ့တယ်။
ကြေကွဲစရာ …။
(၈)
ဘယ်လိုမှ မမေ့နိုင်ခဲ့ဘူး။ လက်နက်ကြီး သံတွေက နံနက်အရုဏ်နဲ့ နေ့လည်တွေမှာ ခပ်စိပ်စိပ် ကြားနေရတယ်။ ဝါးရုံပင်တွေ ခပ်အုပ်အုပ်ထဲမှာ မြေစိုက်တဲငယ်လေး။ ဝါး ကုတင်လေးကတော့ ခိုင်ခိုင်ခန့်ခန့်။ တစက် ချင်းကျနေတဲ့ ဆေးစက်တွေကို ကအန်တော် ငေးနေတယ်။ မျက်မှန်အောက်က မျက်လုံးတွေ ဘာလို့ စိုဝင်းတောက်ပနေရတာလဲ ရဲဘော်မ။ မယ်ညောခီးက ကျနော်တို့ ရဲဘော်တွေ အခြေအနေ ဘယ်လိုရှိသလဲ။ ဘာသတင်း ထပ်ကြားသလဲ ရဲဘော်မ။ သူက ကအန်တော့်ကို တွေတွေငေးငေး စိုက်ငေး ကြည့်နေတယ်။ အဲဒီအခိုက်မှာပဲ ကအန်တော် မထင်မှတ်တဲ့ အပြုအမူတခု သူမပေါ်က ပြုတ်ကျလာတယ်။ နူးညံ့ပျော့နွေးတဲ့ လက်ဖဝါးလေးက ကျွန်တော့် နဖူးဆံစတွေကို သပ်တင် အကြင်နာတရားမှာ ရဲဘော် စိတ်တွေနဲ့ ဝေနေခဲ့။
(၉)
“ဒီလိုဖြစ်တာ ဆရာမရဲ့”က အတော် တားမြစ်တဲ့ ကြားက ရဲဘော်အောင်နိုင်က ဆရာမကို ကျွန်တော်အိပ်နေပြီ အထင်နဲ့ (ဆရာမက ချော့မေးနေတော့) တိုးတိုး တိတ်တိတ် ရှင်းပြနေတယ်။ “ကျွန်တော်တို့က ရန်သူကို လမ်းကနေ သွားပိတ်ပြီး မိုင်းထောင်ကြတာ။ အဲဒီ လမ်းကနေ ရန်သူ ဝင်လာမယ်လို့ သတင်းရလို့။ တကယ်လို့သာ အဲဒီလမ်းက ရန်သူဝင်လာနိုင်ရင် ကျွန်တော်တို့အတွက် အရေးပါတဲ့ ခံစစ် ကုန်းတကုန်း ကျသွားနိုင်တယ်လေ။ သတင်းရရခြင်း သွားထောင်ကြရတာ။ ကျန်းမာရေးကောင်းတဲ့ ရဲဘော်အားလုံး လိုလိုကလည်း ခံစစ်ကုန်းထဲ ရောက်နေတာ ဆိုတော့ ရဲဘော် ရုတ်တရက် ထုတ်ရခက်နေ တယ်။ ဒါနဲ့ တပ်ခွဲမှူးက သူကိုယ်တိုင် လိုက်မယ်ဆိုပြီး မိုင်းသင်တန်းဆင်းထားတဲ့ ကျွန်တော့် အားကိုးနဲ့ သွားကြတာပဲ။ ကျွန်တော်ကလည်း မိုင်းဘာသာကို စနစ်တကျ သင်ထားတာပါ။ မိုင်းထောင်ထားတဲ့ နေရာကို ပြန်ဖော်နိုင်ဖို့ မြေပုံကိုလည်း အသေအချာ ဆွဲ တတ်တဲ့အကျင့် လုပ်ထားတာပါ။ ဒါပေမယ့် အဲဒီနေ့ကတော့ အရေးကလည်းကြီး မိုင်းကလည်း ၁ဝ လုံး ကျော်ကျော်ပဲဆိုတော့ မြေပုံဆွဲမထားလိုက်မိဘူး ဆရာမ။”
ရဲဘော်အောင်နိုင်မှာ ထားဝယ်သား ဖြစ်ပြီး စကားပြောရင်လည်းြုပံး၍ အမြဲပြော တတ်သည်။ သဘောမနော သိပ်ကောင်းသူ၊ ရဲဘော်တွေအပေါ် အလွန် အနစ်နာခံတတ် သူလည်း ဖြစ်သည်။ သူ့ကို မချစ်သူမရှိ။ စကားပြောလျှင် အသံဝဲဝဲပြုံးပြုံးနှင့်မို့ သူ့စကားသံတွင် နစ်မြောသူများတတ်သည်။ ခုလဲ သူမက ပြုံးလဲ့လဲ့နှင့် အောင်နိုင်စကားကို ငေးစိုက်နားထောင်ရင်း ပတ်တီးများကို တိုင်းဆဖြတ်နေသည်။ ကျန်ကုတင်ရှိ ရဲဘော်တွေ ကလည်း ကုတင်ပေါ်မှ စြုပံ နားထောင်နေ သည်။ ကျန်တဲ့ ဆရာမ ၃၊ ၄ ယောက် ကတော့ မီးဖိုထဲ အလုပ်လုပ်ရင်းက နားစိုက် နေတော့ အောင်နိုင်တို့ မိုးပေါ် ကုတ်တက် ချင်တော့တာပေါ့လေ။
“ဒါပေမယ့် ဖြစ်ချင်တော့ ဆရာမရေ အဲဒီလမ်းက တော်တော်အသုံးဝင်တဲ့ လမ်းဆိုတော့ လာနေတဲ့ရန်သူက ဘယ်ဆီနေမှန်း မသိသေးဘူး။ ကျနော်တို့ ကျောင်းသား တပ်မတော်က ရဲဘော်တယောက် ရန်သူ့ လက်နက်ကြီးစ ခေါင်းကိုမှန်လို့ လူနာက အသည်းအသန် ဖြစ်နေပြီ၊ ဆေးရုံရှိရာ နောက်တန်းကို အနီးဆုံးနဲ့ အမြန်ဆုံး သယ်ဖို့ ဖြစ်လာတော့ ကျွန်တော်တို့ မိုင်းထောင်ထားတဲ့ လမ်းအတိုင်းလာခဲ့ဖို့ စစ်ရုံးက လမ်း ကြောင်းပေး ညွန်ကြားလိုက်တယ်။ ကျွန်တော်တို့ကိုလည်း အရေးကြီး ကိုယ့်လူနာ အရင်ဖြတ်မယ်။ မိုင်းခဏ ပြန်ဖော်ထားပေးဖို့ အမိန့်ပေးလာတယ်။ ကျွန်တော်တို့လည်း ချက်ခြင်း ပြန်ဖော်ပါတယ်။ ကျွန်တော်တို့ လူနာနဲ့အတူ ဒေသခံ စစ်ပြေးဒုက္ခသည်တွေလည်း ပါလာတယ်။ သူတို့ခမျာလည်း လမ်းကြောင်းက ပိတ်နေတာ ပွင့်တဲ့အခိုက် အားကိုးရှိတဲ့အခိုက် လိုက်လာကြတာ၊ လူတွေက မနည်းပါဘူး။”
အောင်နိုင်က စကားကို ရပ်ထားလိုက်သည်။ သူဆက်ပြောဖို့ နင်နေဟန်ရှိသည်။ ရဲဘော်မနဲ့ ကျန်ပရိသတ်ကလည်း အလိုက် သိစွာနဲ့ တိတ်ဆိတ် နေလိုက်ကြသည်။ ရဲဘော်မက လူနာတချို့ဆေးသွင်းထား သဖြင့် ဆေးစက် ပုံမှန်ကျ မကျ လိုက်စစ် နေသည်။ သူမ၏ ချစ်စရာ ရဲဘော်တွေ လေးစားကြတဲ့ အကျင့်လေးက အလုပ်နဲ့ လက်မပြတ်တတ်တာပဲ ဖြစ်သည်။
သူ့စကားကို အားလုံးက စိတ်ဝင်စား ဟန်ဖြင့် တိတ်ဆိတ်နေသောအခါ အားနာ တတ်သော အောင်နိုင်မှာ ခံစားချက်ထက် အားနာစိတ်က သူ့ကို ဖိထားလိုက်သည်။ သူ ကြာကြာ မတိတ်ရက်တော့။
“မိုင်းတွေ ပြန်ဖော်တော့ မိုင်းက တလုံး လိုနေတယ် ဆရာမရဲ့။”
သူမ၏ လှပသော နှုတ်ခမ်းလေးက ဆတ်ကနဲ ဟသွားသည်။ “ဘယ်လိုမှ ရှာလို့ မရတော့ဘူး၊ လူနာသယ်လာတဲ့ အဖွဲ့ကလည်း ကျွန်တော်တို့နေရာကို ဖြတ်တော့မယ်။ လှမ်းပြောနေပြီ။ ကျွန်တော်လည်း စိတ်တွေထူပူနေပြီ။ ကျွန်တော် ပြာချင် တိုင်းပြာ နေတဲ့အချိန်မှာ တပ်ခွဲမှူးက တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက် ပေးပါတော့တယ်။
“ကဲ … ရဲဘော်အောင်နိုင် မိုင်းတလုံးကတော့ ပျောက်နေတာ သေချာသွားပြီ။ ကျွန်တော်တို့ တပ်ကလည်း ဖြတ်တော့မှာ။ ဒီတော့ မိုင်းသမားဆိုတာ ကိုယ့်တာဝန် ကိုယ်ယူရတယ်။ ကအန်တော်တို့ အားနည်း ချက်ကြောင့် ကျွန်တော်တို့ မိုင်းဟာ ကျွန်တော်တို့ ရဲဘော် ပြန်မနင်းမိစေရဘူး။ ကျွန်တော်တို့ ပြည်သူတွေ မနင်းမိစေရဘူး။ ကဲ … ဒီတော့ မပေါ်တဲ့မိုင်း ပေါ်အောင် (ပေါက်အောင်) ခင်ဗျားနဲ့ ကျွန်တော်တို့ မိုင်းမြုပ်ထားတဲ့ နေရာတွေကို တခေါက်ထပ် ရှာကြသေးတာပေါ့။ (အောင်နိုင်က သက် ပြင်းကို လေးပင်နာကျင်စွာချလျက်) အဲဒီ မှာပဲ ကအန်တော့် တပ်ခွဲမှူး မိုင်းနင်းမိခဲ့ တာပါ”။
နားထောင်နေသူ အတော်များများ တိတ်ဆိတ်ငြိမ်သက်။ သူမကတော့ တွေ တွေ။ ဖြတ်နေတဲ့ ပတ်တီးစလေးကို လက်ထဲ ရစ်ချေရင်း ဆေးရုံကုန်းပေါ်မှ လှမ်းမြင်နေရ သော သံလွင်မြစ်ကြီးကို လှမ်းငေးနေသည်။ ပျိုစညနေရဲ့ နေခြည် နုနုနွေးနွေးတွေနဲ့ ဝင်းဝင်းလက်လက်အငွေ့တွေ သူမ မျက်လုံး မှာ စွန်းပေနေတာကို ဟန်ဆောင် မျက်စေ့ မှိတ်နေတဲ့ ကျွန်တော် အတိုင်းသား မြင်ခဲ့ ရတယ်။ ဆေးရုံအောက်ဘက် ကမ်းနားအစပ် ရဲဘော်ဘားတိုက်များဆီမှ ဟင်းရွက်စိုက်ခင်း ရေလောင်းရင်း အော်ဆိုလိုက်သော ရဲဘော်များရဲ့ သီချင်းတစက သူမရဲ့မျက်လုံးတွေကြား တမြေ့မြေ့ ဖြတ်သန်းသွားခဲ့တယ်။
“အနေဝေး … ရေဝေးမှာ … ဆုံးရှုံးရတော့မယ့် … ပြည်မှာဆောင်း”။
(၁ဝ)
ကျွန်တော်တို့တွေ ဒေါနကို ကျော်လာ ရာမှာ ခြေဖဝါးတိုင်းဟာ (ညီနေမယ် ထင်ခဲ့ တာပါ) စစ်သင်တန်းတွေကလည်း ဒီလို ညီရေ ကို အလေးထားခဲ့ကြတာပါပဲ။
ဘယ်ညာညီညီ လှမ်းခြင်းကိစ္စတွေမှာ ကအန်တော်ကတော့ မတတ်နိုင်တော့ပါ။ ဒီလို ဘယ်ညာ မညီမညာနဲ့ပဲ ရှေ့ခရီးကို ကျွန်တော် ဆက်သွားနေမှာပါ။ ခုလို သံလွင်ရေကြည် စိမ်းစြုပနေပြီဖြစ်တဲ့ နွေရက်တွေ ကျွန်တော်တို့ ရှေ့ကို ရောက်လာခဲ့ပြန်ပြီ ရဲဘော်မ။ တောမီးတွေလည်း လောင်စြုပနေပါပြီ။ မီးလောင်မြေ မည်းမည်းပေါ်က ပုတတ်စာ လှလှလေးတွေ ထိုးခွဲ ထွက်လာတာကို ရဲဘော်မ ပထမဆုံးမြင်တော့ အို … အံ့အားသင့် နုပျိုရွန်းစိုသွားတဲ့ မျက်နှာလေးကို ဒီဒေါန တောင်တန်းကြီးကလည်း လိုက်ရှာနေလိမ့်မယ်။
လျှပ်စစ်မီးရောင်တွေ လင်းလက်ပြိုးပျက် နေတတ်တဲ့ ကြွေရောင်တွေ ရောင်ပြန် လက်ကြွနေတဲ့ ကွန်ကရစ်အခင်းမြေမှာ ပုတတ်စာပင်လေးတွေ ပေါက်နိုင်မပေါက်နိုင် ကျွန်တော်တို့ မသိတတ်ကြပေမည့် သတိရခြင်း အဆိပ်ပြေစေဖို့ ပုတတ်စာလေးတပင် တလေတော့ ရဲဘော်မနားမှာ ရှိနေပါစေလေ။
နေထွက်လာတာ၊ အထူးသဖြင့် နေဝင် သွားတာတွေကို တခုတ်တရ ငေးနေတတ် လေ့ရှိတဲ့ ရဲဘော်မအတွက်လည်း အဲဒီ ဒေသမှာ နေလုံးကြီးရှိနေပါစေ။ အဲဒီနေလုံးကြီး လွတ်လွတ်ကအတ်ကအတ် မှိန်လျှဖျော့ကျ သွားတတ်တဲ့ ကျယ်လွင့်ခြင်း ဟင်းလင်းပြင်နဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းတွေလဲ ရဲဘော်မ အနားမှာ တည်နေပါစေ။
မာနယ်ပလော ထီးပါဝီကျိုး တိုက်ပွဲရက်များမှာ ရဲဘော်တွေ ရှေ့တန်းသွားဖို့ စက်လှေပေါ် တက်နေတာတွေ၊ ရှေ့တန်းက အပြန်ရက် တပ်ရင်းစက်လှေဆိပ်ဟာ ရဲဘော် စကားတွေနဲ့ ညံညံပွက်ပွက် ဖြစ်နေတာ တွေ၊ မျက်ရည်ဝနေတဲ့ ရဲဘော်မရဲ့ မျက်ဝန်းထဲမှာ ဒီက ရဲဘော်တွေနဲ့ အစားထိုး အလွမ်းမဖြေတတ်တဲ့ ရဲဘော်မရေ… တောင်ယာ ကောက်သင်းနံ့လေးတွေကို နိုင်ငံတကာလေဆိပ်မှာ အငမ်းမရ ရှာနေဦးမှာလား။ ရန်သူမျိုးငါးပါး ပိုအားကောင်းတဲ့ ခေတ်ထဲမှာ ကိုယ့်တောင်ယာကိုယ် ရိတ်သိမ်းခွင့်ရ လိုက်တဲ့ တောပုန်း တောင်သူကြီး တယောက် ဟောဒီညနေကို ထိုင်ငေးနေပုံများ ရဲဘော်မကို ပြောပြချင်သေးတယ်။
(၁၁)
စစ်ရေးချုပ် မြို့ပေါ်က ပြန်လာတော့ ရဲဘော်မထံက အီးမေးလ်နဲ့ စာပို့လာသတဲ့။ ရဲဘော်တွေ ဆူညံနေတယ်။
ရဲဘော်မက ကျွန်တော်တို့ကို အသက် ရှူမိခြင်းနဲ့အမျှ သတိရနေရှာသတဲ့။ သူ့ယောကျာ်းကလည်း အင်္ဂလိပ်ပေမဲ့ ကျွန်တော်တို့ ကျောင်းသားတွေရဲ့ တော်လှန်ရေးကို အားပေးသတဲ့။ ရဲဘော်မဟာ သံလွင်ရေ ကြည်ချိန်ရယ်၊ တောမီးလောင်ချိန်ရယ်၊ မီးလောင်ပြင် မည်းနက်နက်ပေါ်မှ ပုတတ်စာ ဖြူဖြူလွလွလေးတွေရယ်၊ ရဲဘော်များကို လွမ်းစိတ်ရယ်တွေ အတွက် ဘီဘီစီကနေ သီချင်း ခဏခဏ တောင်းပေးသတဲ့။
ဒါပေမယ့် ဘီဘီစီက…။
ထက်မိုး
Sunday, April 27, 2008
ပုတတ်စာလေးတွေ မီးလောင်မြေမှာ ဝေနေပြန်ပြီ ရဲဘော်မရေ
Posted by ကိုဈာန် at 9:26 AM
Labels: အက်ဆေး/၀တ္ထုတို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment