Tuesday, April 29, 2008

အချစ်ပန်းလေးတွေ ပွင့်နေကြပြီ ရဲဘော်

တမာခင်

ဒီအချိန်ဆို လိုင်စင်တောင်တန်းမှာ ခရမ်းပြာပြာ အချစ်ပန်းလေးတွေ ဖူးပွင့်နေကြပြီပေါ့ ရဲဘော်၊ ကြည့်လေရာ အရပ် ရှစ်မျက်နှာမှာ ခရမ်းရောင်လွှမ်းနေတဲ့ တောင်ကုန်းတောင်တန်းကြီးတွေက ပတ်လည်ဝိုင်းလို့၊ တောင်ကြို တောင်ကြား ချိုင့်ဝှမ်းလေးတွေထဲမှာတော့ ခမ်းတောက်ဖူးဝါဝါလေးတွေက အပြွတ်လိုက်အခိုင်လိုက် သင်္ကြန်အလွမ်းပြေ ပိတောက် ပန်းလေးတွေ ကိုယ်စားပေါ့လေ။ ခြုံနွယ်ပိတ်ပေါင်းတွေကြားထဲမှာတော့ ခတ္တာပန်းလို တောရိုင်းပန်း ဖြူဖြူလေးတွေ၊ နေကြာအရိုင်းဝါဝါလေးတွေကလည်း ပုန်းလျိုးကွယ်လျိုးနဲ့။

ဒီတောရိုင်းပန်းလေးတွေပါပဲ ရှေ့တန်းပြန်ရဲဘော်တွေကို ဂုဏ်ပြုကြဆိုခဲ့တာ။
ဒီတောရိုင်းပန်းလေးတွေပါပဲ ကျဆုံးသွားခဲ့တဲ့ရဲဘော်တွေ အတွက် လွမ်းသူပန်းခွေလှလှလေးတွေ လုပ်ခဲ့ကြတာ။
ဒီတောရိုင်းပန်းလေးတွေပါပဲ။ မြေပုံလေးတွေပေါ်မှာ သတိရတိုင်း မြက်ရှင်းပေးကြရင်းနဲ့ အလွမ်းပန်းလေးတွေ တင်ခဲ့ ကြတာ။

ဒီတောရိုင်းပန်းလေးတွေပါပဲ၊ ဘုရားမှာတင်ပြီး ဆုတောင်းပေးခဲ့ကြ၊ အမျှဝေပေးခဲ့ကြတာ၊ ကျောင်းသားတပ်မတော် ရဲဘော် ရဲမေတွေ အားလုံးကတော့ တညီတညွတ်တည်း ကန့်ကွက်မဲမရှိ နာမည်ပေး ခေါ်ဝေါသုံးစွဲခဲ့ကြတယ်လေ။
ဘာတဲ့ ...။
အချစ်ပန်းလေးတွေတဲ့။
----------

“ဝုန်း”
“ရဲဘော်မျိုးမြင့်အောင် မိုင်းနင်းမိလို့တဲ့”။ စခန်းတခုလုံး တောမီးပမာ ပံျ့သွားခဲ့တယ်။ ရဲဘော်ရဲမေတွေ မိုင်းသင်တန်းကွင်း ရှိရာ ပြေးလွှားသွားကြတယ်။ ထမ်းစဉ်ပေါ်အမြန်တင် လေးယောက်တဆိုင်း အလှည့်ကျထမ်းရင်း လေးဆယ့်ငါးမိနစ် လောက်သွားရတဲ့ ရှားဟော့ပန်နားက ကေအိုင်အေဆေးရုံကို အပြေးအလွား ပို့ခဲ့ကြတယ်။ တနာရီအတွင်းမှာပါပဲ။ တတောက်တောက်နဲ့လမ်းလျှောက်တတ်စ သားငယ်ကိုကြည့်ပြီး အမေသဘောကျ ဂုဏ်ယူခဲ့တဲ့ ခြေထောက်လေးနှစ်ဘက် ဟာ ပေါင်ရင်းကနေ၊ အခုနေ အမေများတွေ့ခဲ့ရင်ဖြင့် ...။

“ကျနော့်ကို ပစ်သတ်ပေးကြစမ်းပါ။ ကျနော် မနေချင်တော့ဘူး”
“အားတင်းထားစမ်းပါ ရဲဘော်၊ မင်းဘာမှမဖြစ်ဘူး မင်းဘေးမှာ ရဲဘော်ရဲမေတွေ အများကြီးရှိတယ်”
“ပစ်သတ်လိုက်ပါတော့၊ ကျနော် တကယ်မခံစားနိုင်တော့လို့ပါ” တချက်တချက် ပေါ်လာလိုက် တချက်တချက်ဖျော့တော့ တိုးဝင်သွားလိုက်နဲ့ အရုဏ်တက်ချိန်လောက်မှာတော့ ရဲဘော်ရဲ့ ဆန္ဒပြည့်ဝသွားလို့ထင်ပါရဲ့ အပြစ်ကင်းစင်လှတဲ့ လူငယ်လေးတယောက် အိပ်မောကျနေသလိုပါပဲ။ အခုလောက်ဆို အိမ်ကိုမပြန်နိုင်တော့တဲ့ ရဲဘော်ရဲ့ကိုယ်စား အိမ်ပြန်ချင်နေရှာတဲ့ ဝိညာဉ်လေးက အသော့နှင်ရင်း အေးမြတဲ့ မိခင်ရင်ခွင်ဆီ ပြေးဝင်ခိုလှုံဖို့ အိမ်တံခါးတွေကို တဝုန်းဝုန်းနဲ့ လှုပ်နိုးနေကြရောပေါ့။
ရဲမေတွေကတော့ တောစပ်နားက တောရိုင်းပန်းလေးတွေကို ခူးယူနေကြရပြန်ပြီပေါ့ ရဲဘော်။ သူတို့ချစ်တဲ့ရဲဘော်အတွက် လွမ်းသူ့ပန်းခွေလေးတွေကို တောရိုင်းပန်းလေးတွေနဲ့ ငြိမ်ငြိမ်ဆိတ်ဆိတ်လေး ပြုလုပ်ကြလိမ့်အုံးမယ်လေ။
----------


တပ်မဟာ (၃) ဗန်းမော်ခရိုင် ပတ်ဝန်းကျင် ဒေသတွေဟာ ကျောင်းသားတပ်မတော် (မြောက်ပိုင်းဒေသ)ဗန်းမော်ဒေသခံ ကျောင်းသားတွေ စည်းရုံးရေး အပိုင်ဆင်းထားတဲ့ နယ်မြေတွေမို့ စစ် သင်တန်း ပေးထားပြီးသား ပြည့်သူ့စစ်တွေလည်းရှိကြပါတယ်။ တခါ တလေမှာတော့ သူတို့မွေးထားတဲ့ ကြက်မတမ်းလေးတွေ အစုံလိုက် အစုံလိုက်ထမ်းရင်း တပ်ရင်းထိ ရောက်လာတတ်ကြပါသေးတယ်။ တပတ်တခါလောက် အနီးပတ်ဝန်းကျင် ရွာလေးတွေမှာ တတောင်တက် တတောင်ဆင်း တနေကုန်တနေခမ်း ခြေတိုအောင် ဟင်း ရှာထွက်လေ့ရှိကြတဲ့ ရဲဘော်ရဲမေတွေကို မွေးရင်းပွားရင်း စားစေ ချင်ကြတဲ့ စေတနာတွေနဲ့ပါ။

တခါကဆို ကေအိုင်အေ တော်လှန်ရေးနေ့ အကြီးအကျယ် ကျင်းပချင်တယ်ဆိုတော့ ပြည်သူ့စစ်တွေဖြစ်ကြတဲ့ မအူပင်ကအငြိမ့် တဖွဲ့ကို ကျောင်းသားတပ်က ခေါ်ပေးခဲ့ပါတယ်။ မကြည့်ရတာ ကြာလှပြီဖြစ်တဲ့ မင်းသမီးဝတ်စုံ လက်လက်တောက်တောက်တွေနဲ့ အငြိမ့်ကတာကို တောတွေတောင်တွေထဲမှာ ပြန်ကြည့်ကြရတော့ ခံစားမှုက ထူးထူးဆန်းဆန်းတမျိုးကြီးပါပဲ။ ဝါသနာပါတဲ့ ကျောင်းသားတွေက လူပျက်တွေဝင်လုပ်လို့ပေါ့။ အဲဒီအငြိမ့်အဖွဲ့လည်း ပြန်သွားရော၊ မကြာပါဘူး သတင်းရတာနဲ့လိုက်ဖမ်းလို့ အငြိမ့် တဖွဲ့လုံး တောထဲပြန်ပြေးဝင်လာခဲ့ကြရတယ်။ အဲဒီကစပြီး နှစ်တိုင်း အငြိမ့်ကြည့်ရတော့တာပါပဲ။
စပါးရိတ်သိမ်းချိန်မျိုးမှာ ဗန်းမော်တပ်ရင်းနဲ့သိပ်မဝေးတဲ့ အမာခံရွာတွေကို တရွာပြီးတရွာ စစ်ကြောင်းလှည့်လည်သွားကြ တာ လနဲ့ချီပြီးကြာပါတယ်။ ဝါဒဖြန့်ချိရေးအဖွဲ့က ရဲဘော်ရဲမေတွေ က ဂစ်တာတွေကိုယ်စီထမ်း ကျောင်းသားသီချင်းတွေ ဆိုကြ၊ ကကြ၊ တီးကြမှုတ်ကြနဲ့ စည်းရုံးရေးဆင်း၊ ဆေးတပ်ဖွဲ့က ဆေးဆရာ ဆရာ မတွေက တအိမ်ဝင်တအိမ်ထွက် ဆေးလိုက်ကုလို့၊ ကျန်တဲ့သူတွေ က လယ်ထဲဆင်း စပါးရိတ်ပေါ့၊ လယ်ကွက်ထဲရောက်မှ တံစဉ်ကို ဘယ်လိုယူ ဘယ်လိုကိုင် ဘယ်လိုရိတ်နဲ့ တတ်သိနားလည်ပြီးသား ရဲဘော်ရဲမေတွေက ပြပေးကြရင်း လုပ်ငန်းစကြပါတယ်။ လူအင်အား နဲ့ဆိုတော့ လယ်ကွက် တကွက်ပြီးတကွက် ဘာမှ မကြာလိုက်သလို ပါပဲ။

အစပထမတော့ စပါးရိတ် မလိုက်ကြရမှာ စိုးရိမ်နေကြတာ ပေါ့၊ ဘယ်သူမှ အစောင့်ချန်မနေခဲ့ချင်ကြဘူး။ လယ်ကွက်တကွက်ကနေ နှစ်ကွက်၊ နှစ်ကွက်ကနေ သုံးကွက်လောက်လဲရောက်ရော ကျင့်သားမရတဲ့ ခါးတွေက နာလာပါတော့တယ်။ စပါးရိတ်နေရင်းနဲ့ မခံနိုင်တော့တဲ့အခါ ခဏရပ်လိုက် ကိုယ်ဝန်ဆောင်တွေလို လက်နှစ် ဘက်နဲ့ ခါးကိုထောက်ရင်း ဖိချလိုက် နှိပ်ချလိုက်ကြ ပြန်ရိတ်လိုက် ကြနဲ့ပေါ့။ ငါးကွက်လောက်မှာတော့ တဆင့်တိုးလာပါတယ်။ ခါး မကုန်းနိုင်ကြတော့လို့ ငုတ်တုတ်လေးတွေ ထိုင်ရိတ်တဲ့သူက ရိတ်နေ ကြပါပြီ။ ကျင့်သားရနေပြီးသား ရဲဘော်ရဲမေတွေ ကျတော့လည်း ဘာမှမဖြစ်သလိုပဲ သန်မှသန် မြန်မှမြန် တကယ့်ပြည်သူပြည်သား တွေရဲ့ သားသမီးတွေပါပဲ။

လယ်ပိုင်ရှင်တွေကျွေးတဲ့ နေ့လယ်စာ ကောက်သစ်ဆန် မွှေးမွှေးလေးရယ် ငါးကြော်တကောင် ဒါမှမဟုတ် ကြက်သားတတုံး ဒါမှမဟုတ် ဝက်သားတတုံး ပင်ပင်ပန်းပန်းနဲ့ စားလိုက်ကြတာလည်း မြိန်မှမြိန်ပါပဲ။ တပ်ရင်းမှာ မရနိုင်ကြတဲ့ နတ်သုဒ္စါလေးတွေပဲပေါ့။ ခါးနာတာတောင် ပျောက်သွားသလိုပါပဲ။ အားသစ်တွေပြန်ရ ပြန်စနဲ့ ဒီလိုနဲ့ တရွာဝင်တရွာထွက်ပါပဲ။ ညနေစာကတော့ ကိုယ်တည်းတဲ့ အိမ်မှာ တပ်စိပ်အလိုက် ထင်းခွေ၊ ရေခပ်၊ ဟင်းရှာ ကိုယ့်ဘာသာ ကိုယ်ချက်စားပေါ့။ စားပြီးတာနဲ့ ရွာထဲလျှောက်လည် တည်သီးတွေ ဝါထိန်နေအောင်သီးနေတဲ့ အိမ်လေးတွေတွေ့ပြီဆိုရင် “အနူး လငိုင် လခေါင်း ဂျော့ရှားနာအီးရော၊ အမေ တလုံးနှစ်လုံး ပေးစားပါနော်” ဝင်တောင်းကြ၊ ခူးစားကြ ရွာသားတွေကလည်း အမှန်တကယ် လုပ်အားလိုအပ်နေတဲ့အချိန် လာကူပေးကြတဲ့သူတွေမို့ ကြည် ကြည်ဖြူဖြူနဲ့ဆိုတော့ ပျော်စရာကြီးပါပဲ။
တပ်ရင်းနဲ့ ဝေးတဲ့ရွာတွေမှာတော့ ရွာသားတွေနဲ့အတူ စပါးကူစိုက၊် ကူရိတ်ပေးရင်းနဲ့ တဘက်က ကိုယ့်တာဝန်ကျရာ ထမ်းဆောင်နေတဲ့ ရွာသူရွာသားလို ပုံမှားရိုက်ပြီး နေထိုင်ကြရတဲ့ ရဲဘော်ရဲမေတွေ တရွာမှာ နှစ်ယောက်လောက် အလှည့်ကျရှိနေ တတ်ကြပါတယ်။ ရဲဘော်တွေကတော့ မရေနိုင်ပါဘူး။ ရဲမေတွေ ထဲမှာတော့ ရဲမေသီတာခိုင်၊ ရဲမေမစိန်၊ ရဲမေမစန္ဒာ၊ ရဲမေမငွေ၊ ရဲမေ မမူ၊ ရဲမေအေးအေးသန်း၊ ရဲမေအေးမိစံတို့ဟာ အဲဒီလိုတာဝန်တွေ ကို ယူခဲ့ကြရသူတွေပါ။ လိုအပ်ရင် လယ်ကွင်းထဲက ထွက်ပြီး ငါးပိ ငါးခြောက်တွေ ပြည့်သိပ်နေတဲ့ခြင်းကြီးတွေကြားမှာ တာဝန်အရ သယ်ရမယ့်ပ္စည်းလေးတွေ ကြားညှပ်ရင်း ပလိုင်းကြီးတွေ ခေါင်းညွတ် တဲ့အထိ ရွက်ပြီး စွန့်စွန့်စားစားနဲ့ ရွာစဉ်လျှောက်ကြရတဲ့ ရွာသူ လုံမပျိုလေးတွေပေါ့။
ရဲမေမငွေနဲ့ ရဲမေနန်းစောတို့ရဲ့မိခင်တွေဆို မဆီမဆိုင် သမီးတွေအတွက်နဲ့ အဖမ်းခံခဲ့ကြရပါသေးတယ်။ ရဲမေမငွေရဲ့ အမေဟာ တကယ့်အရိုးခံ ရွာသူမကြီးပါ။ သူ့ကို စစ်တော့မယ်ဆိုရင် သေးပါချင်သလို ချေးပါချင်သလိုတွေဖြစ်ပြီး “နင့်သမီးလာလား” ဆို အကြောက်ကြောက်အလန့်လန့်နဲ့ လာတယ်ဖြေလိုက်၊ မလာ ဘူးဖြေလိုက်၊ “ဘယ်နေ့ကလဲ”ဆို စာကလည်းမတတ်တော့ ကြောက်ကြောက်နဲ့ပဲ ပါးစပ်ထဲတွေ့ရာ ယောင်ရမ်းဖြေ၊ တခါဖြေရင် တမျိုး၊ နောက်တခါဖြေရင် တမျိုးဖြစ်နေတော့ တမင်လိမ်ပြောတာ ထင်ပြီး နှိပ်စက်တာ တော်တော်လေး ခံလိုက်ရပါသေးတယ်။ ဘာပဲ ဖြစ်ဖြစ် သမီးနှစ်ယောက်နဲ့ပတ်သက်ပြီး အမေနှစ်ယောက်ကတော့ ထောင်ထဲမှာပဲ မိတ်ဆွေတွေ ဖြစ်သွားကြလေရဲ့။
---------

ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း (၆၆၆၇)မြင့်တဲ့ လိုင်စင်တောင်တန်း ကျောင်းသားတပ်မတော်မြောက်ပိုင်း (ဗဟို) ဟာ ရေခဲတဲ့အထိ အလွန်ချမ်းatးလှပါတယ်။ ရောက်စကဆို နေရောင်တောင် မမြင်ရပါဘူး။ တနေ့လုံးနီးပါး မြူနှင်းတွေကျနေ တတ်လို့ လှမ်းမြင်နေရသူ ဘယ်သူရယ်လို့မကွဲပြားသလို အမြဲ တမ်းလိုလိုလည်း မီးဖိုထားကြရပါတယ်။ တပ်စခန်းထဲက ဘယ် အဆောင်ကိုပဲသွားသွား မီးဖိုဘေးမှာပဲ မီးလှုံရင်း စကားပြောကြရပါတယ်။ ဘယ်လောက်တောင် ဖြစ်သွားကြလဲဆိုရင် ဘယ်ရဲဘော် ရဲမေမဆို မီးဖိုဘေးမှာထိုင်မိတာနဲ့ မီးမရှိလည်း လက်တွေကအကျင့် ပါပြီး မီးလှုံသလိုဖြစ်နေကြတော့တာပါ။

ရဲမေတွေဆို လစဉ်လာနေကျရာသီပန်းလေးတွေတောင် ပုံမှန်မပွင့်နိုင်ကြတော့လို့ သွေးဆေးနဲ့အရက်ရောထားတဲ့ ဆေးပု လင်းလေးတွေ ကိုယ်စီဆောင်ထားကြရပါတယ်။ တလတခါ ခွေး သားနဲ့ အရက်တပက်ကို ကျန်းမားရေးအရ တန်းစီလူစစ်ပြီး ဆေး တိုက်သလို မသောက်မနေရ သောက်ခိုင်းရတဲ့အထိပါပဲ။

ညညဆို ရဲမေဆောင်ရဲ့မီးဖိုပတ်ပတ်လည်မှာ ဂလူးကို့စ် အားဆေးသွင်းတဲ့ ပုလင်းလွတ်တွေကို ရေဖြည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားတဲ့ ရေနွေးပုလင်းတွေက ပတ်လည်ဝိုင်းနေတတ်ပါတယ်။ ပွက်ပွက်ဆူပြီဆို တယောက်နှစ်ပုလင်းစီ ယူသွားကြပြီး လက်မှာ တပုလင်းကိုင် ခြေထောက်မှာ တပုလင်းထားရတဲ့ စောင်တထည်စီကို နှစ်ထပ်ထပ် နှစ်ယောက်ပေါင်းအိပ်ကြမှ အိပ်လို့ပျော်ပါတယ်။ ဒါတောင် သန်းခေါင်မတိုင်ခင်ပဲ အပူဓာတ်ကခံပါတယ်။ အဲဒီအချိန်ဆို ပြန်နိုးလာတတ်ကြပါသေးတယ်။ မနက်ရောက်ရင် မျက်ခင်းစိမ်းစိမ်း လေးတွေပေါ်မှာ ရေခဲတွေက အချပ်လိုက်ပါပဲ၊ စားဖိုတာဝန်ကျသူ တိုင်း မီးအရင်မွှေးကြရပါတယ်။ ထမင်းအိုး၊ ဟင်းအိုးတွေထဲ ရေတွေ ခဲနေတာကို အရင်ပျော်အောင်လုပ်ပြီးမှ ဆေးကြောရ ပြန်ချက်ကြရ ပါတယ်။

တခါကဆို နှင်းတွေအပွင့်လိုက်အဆုပ်လိုက် မိုးရွာသလို တဖွဲဖွဲတသဲသဲကျနေလိုက်တာများ မြေပြင်ပေါ်မှာတထွာလောက် ထူမယ်ထင်ပါတယ်။ သစ်ပင်ပေါ်တွေ၊ အဆောက်အအုံပေါ်တွေ၊ မြေကွက်လပ်မကျန်ပါဘူး။ မြင်မြင်သမျှ ဖွေးဖွေးလှုပ်နေတာပါ။ အဲဒီအထဲမှာပဲ စစ်ရေးပြသင်တန်း မောင်းချသွားခဲ့ကြတာပါ။ ကြွက်၊ ခြင်၊ ယင်၊ ဘာဆိုဘာမျှမရှိသေးပါဘူး။ နောက်မှ လူတွေများလာ တော့၊ သစ်ဝါးတွေပြုန်းတီးလာပြီး၊ နေရောင်လည်း မြင်လာရသလို ºကက်၊ ခြင်၊ ယင်တွေပါ ရောက်လာကြတာပါ။ အဲသလောက် ခိုက်ခိုက်တုန်အောင် ချမ်းအေးရတဲ့အထဲ အပတ်စဉ် (၁)သင်တန်း သားတွေဟာ ညစဉ်ညတိုင်း လက်ချာဟောဝင်ကြရပါတယ်။

“ကြက်ကလေး ချီးတစ်”
အသက်ကလည်းငယ်သေး လူပုံကလည်း ပုကွကွဂင်တိုတို နဲ့ လူ့ဖလံလေး၊ စောင်အကြီးကြီး ရစ်ပတ်ခြုံထားတဲ့ကြားက နှာရည် က တရှုံ့ရှုံ့ ကုပ်ကုပ်ကုပ်ကုပ်နဲ့ ကြက်ကလေးချီးတစ်သလို ညစဉ် လက်ချာဟောထဲ ဝင်လာလေ့ရှိတဲ့သူ့ကို နိုင်ငံရေးသင်တန်းဆရာက အဲဒီလို နာမည်ပေးရာကစပြီး အားလုံးက ချစ်စနိုးလိုက်ခေါ်ကြရင်း နဲ့ တွင်သွားတဲ့နာမည်လေးပါ။ သင်တန်းမှာတုန်းကတော့ အသက် ကလည်းငယ် လူကလည်းသေးနဲ့ ဘာကိုမှ ခံနိုင်ရည်မရှိသေးတဲ့ ရဲဘော်ငယ်လေး တယောက်ပေါ့။ နာမည်ပြောင်တွေပဲ ခေါ်ကြတာများလို့ တချို့ဆို နာမည်အရင်းတောင် မသိကြတော့ပါဘူး။

နာမည်ရင်းက ရဲဘော်မျိုးကိုကိုပါ။ ဇာတိက မိုးညှင်း-နမ္မား မြို့ငယ်လေးက၊ မိဘနှစ်ပါးစလုံးက စာတိုက်ဝန်ထမ်းတွေ၊ ဗန်းမော် ခရိုင် မန်စီမြို့နယ် မန်ဝိန်းဒေသ ကချင်တပိုင်း ရှမ်းတပိုင်းရွာလေးမှာ ရွာသားတွေကြား နေထိုင်သွားလာရင်း အထက်မှာဖော်ပြခဲ့တဲ့ တာဝန်မျိုးတွေ ထမ်းဆောင်နေတဲ့ ရဲဘော်တဦးပါ။ ရွာထဲကအိမ် ရဲဘော်တွေရဲ့အိမ်။ ရွာထဲကမိဘ ရဲဘော်တွေရဲ့မိဘ။ ရွာထဲက ညီအကို မောင်နှမ ရဲဘော်တွေရဲ့ ညီအကိုမောင်နှမ သဘောမျိုး နေလာခဲ့ကြတာပါ။ ရွာသားတွေကလည်း အားကိုးကြသလို ကိုယ့်သားသမီးလေးတွေလိုပဲ သဘောထားကြပါတယ်။ တနေ့မှာတော့ ...။

ဒီလမ်းလေးတွေက သူနဲ့မစိမ်းကြ၊ ရင်းနှီးကျွမ်းဝင်ပြီးသား လမ်းကလေးတွေပဲမဟုတ်လား။ “အော် အီးအီး အွက်”ဟော ကြက်တွန်သံတောင် ကြားနေရပြီ၊ ဒါ ရွာနဲ့နီးလာပြီဆိုတဲ့သဘော ရဲဘော်တိုင်းနောကြေပြီးသား၊ မရောက်တာ အတန်ငယ်ကြာနေပြီ ဖြစ်တဲ့ ရွာလေးဆီကို ခြေလှမ်းသွက်သွက်နဲ့ လှမ်းလာခဲ့တယ်။ အင်း ... ငါ့ကိုမြင်တာနဲ့ “ဒီတခေါက် ပျောက်သွားတာ ကြာလိုက်တာလို့” အပြစ်တင်ကြလိမ့်အုံးမယ်။
မွေးမိခင်ရဲ့အိမ်လေးဆီ ပြန်ခွင့်မရသေးပေမဲ့ ပြန်စရာကျွေး မိခင်ရဲ့အိမ်လေး ကိုယ်စားရှိနေတာကိုပဲ သူကျေနပ်လို့မဆုံးပါဘူး။ အဘနဲ့အမေက အသက်ကြီးမှ အိမ်ထောင်ကျကြတော့ သားသမီး မရတော့ဘူး ထင်နေတဲ့ကြားက ညီမလေးကိုရခဲ့ကြတယ်။ လိုအပ် တာလေးတွေ ကူညီလုပ်ကိုင်ပေးတတ်တဲ့ သူ့ကိုတော့ သူတို့ရဲ့သား ကြီးတဲ့လေ။ ညီမလေးကလည်း အကိုတယောက်ကောက်ရသလို ပါပဲ။ ကိုယ့်အိမ်ကို ကိုယ်ပြန်ရောက်သွားသလို ခံစားမှုမျိုးနဲ့နွေးထွေးမှုတွေ ပေးတတ်တဲ့အိမ်လေးဆီ အရင်ခြေဦးလှည့်လိုက်မိတယ်။
မရောက်တာကြာလို့ပဲလား၊ သူ့စိတ်က ထင်လို့ပဲလားမသိ၊ အိမ်လေးဆီက ခါတိုင်းလို ဘာလုပ်ရှားသံမှမကြားရ၊ ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်လို့ပါလား။ ဘာပဲဖြစ်ဖြစ် ငါ့ကိုမြင်ကြရင်တော့ ဝမ်းသာသွားကြမှာပါ။

“အဘရေ ... အမေရေ”
“သြော် ... ဘယ်တုန်းက ပြန်ရောက်နေလဲ”
“အခုပဲ အဘ ဒီကိုတန်းဝင်လာတာ”
“အေး ... အေး ... ထိုင်”
ခါတိုင်းတွေ့လိုက်တာနဲ့ “ဟဲ့ ... ထမင်းစားခဲ့ပြီလား၊ ဘယ်ကစားခဲ့တာလဲ၊ ဟိုမှ မုံည‡င်းပေါင်းထားတာရှိတယ် စားသွား” ဆိုပြီး မီးဖိုချောင်ဘက် မေးလေးငေါ့ပြတတ်ခဲ့တဲ့ အမေဟာ သူ့ဘက် တချက်သာလှည့်ကြည့်လာပြီးနောက် ပြန်လှည့်သွားရင်း ဆေးပေါ့ လိပ်သာ တွင်တွင်ဖွာနေပါတယ်။
“ဟေ့ ... မင်းတို့ကျောင်းသားတွေ အခြေအနေဘယ်လိုလဲ၊ ဘယ်သူဘယ်ရောက်နေလဲ၊ အခု ဘာတွေလုပ်နေကြလဲ” သိချင်တာ တွေ တရစပ်မေးမြန်းလေ့ရှိတဲ့ အဘကလည်း ငူငူငိုင်ငိုင်ကြီး ထိုင်လို့။ ခါတိုင်းနဲ့မတူတာတော့ အမှန်ပါပဲ။

ပိုပြီးထူးခြားစေတာက “ဟာ ... အကို ဘယ်တုန်းက ရောက်နေတာလဲ မနက်ကျ ပြန်လာခဲ့အုံး အကိုóကက်တဲ့ ဝဥသုတ် ထားပေးမယ်”လို့ ပြောဆိုနေကြ ညီမလေး ခမ်းဆာရဲ့ ဝဲတဲတဲ ဆာတာတာ အသံလေး လုံးဝပျောက်ဆုံးနေတာပါပဲ။

“အမေ ခမ်းဆာရော”ဆိုတော့ အဘကို မေးငေါ့ပြလိုက် တယ်။ အဘက “လာ ... လိုက်ခဲ့”တဲ့။ “ခမ်းဆာက အဘတို့နဲ့ အတူမနေ တော့ဘူးလား”ဆိုတော့ “မနေတော့ဘူး”တဲ့ ခေါင်းရမ်း ပြတယ်။ “ဘာဖြစ်လို့လဲ အဘ”ဆိုတော့လည်း အဖြေမပေးဘူး။ ခေါင်းကြီးငိုက်စိုက်နဲ့ ခြေလှမ်းကြဲကြီးလှမ်းနေတဲ့ အဘနောက်ကို အပြေးလိုက်ခဲ့ရပေမယ့် သူနားမလည်နိုင်တော့ဘူး၊ ဘာတွေဖြစ်နေ ကြတာလဲ။

ရွာစွန်ရွာဖျားကို ကျော်လာလို့ တောလမ်းလေးဘက် ချိုးကွေ့လိုက်တဲ့အချိန်မှာ သူ သဘောပေါက်လိုက်ပါပြီ။ မြေပုံများစွာကို ဖြတ်ကျော်လာခဲ့ပြီးနောက် မခြောက်သေးတဲ့ မြေပုံမို့မို့လေးတခု၊ ခမ်းဆာ၊ အသက် (၁၅)နှစ်တဲ့။
သူ့မျက်လုံးထဲမှာ မျက်ရည်တွေ အိုင်ထွန်းလာကြပါတယ်။ မြန်လိုက်တာ ညီမလေးရယ်၊ မယုံနိုင်စရာပါပဲ၊ အကိုတပ်ရင်းကို ပြန်သွားတာ ဒီလောက်လည်း မကြာလှသေးပါဘူး။ ငယ်ငယ်လေးနဲ့ အသေစောလှချည်းလား ညီမလေးရယ်။

“ဘယ်လိုဖြစ်ရတာလဲ အဘရယ် ညီမလေးက ဘာရောဂါနဲ့ ဆုံးသွားခဲ့ရတာလဲ”
“ဘာရောဂါ ... ဟုတ်လား၊ ဘာရောဂါမှမဟုတ်ဘူး ဟိုခွေး မသားတွေ ဟိုခွေးမသားတွေကြောင့် ...”ဆိုပြီး အဘဟာ အသံ အက်အက်ကြီးနဲ့ စကားတောင် မဆက်နိုင်ရှာတော့ပါဘူး။ ရှိုက်ကြီး တငင် ချုံးးပွဲချငိုပါတော့တယ်။

“ကြည့်စမ်းပါအုံး နှမချင်းမစာနာ ရက်စက်လိုက်ကြတာ ဗျာ၊ ကလေးစိတ်တောင် မပျောက်သေးတဲ့ ညီမလေးခမ်းဆာကို ထင်းခွေအပြန် ခြုံထဲဆွဲခေါ်ပြီး နအဖ စစ်ဗိုလ်တယောက်က မုဒိန်း ကျင့်လွှတ်လိုက်သတဲ့။ ညီမလေးဟာ ခွေထားတဲ့ထင်းစည်းလေး တောင်မယူနိုင်တော့ပဲ ကြောက်အားလန့်အား ငိုကြီးချက်မနဲ့ အိမ်ကိုပြန်ပြေးလာခဲ့တယ်။ အမေကို တင်းတင်းဖက်ထားပြီး ရှိုက်ကြီးတငင် ငိုနေတာကလွဲပြီး ဘာမှမေးလို့လည်းမရဘူး။ ငိုရတာ မောလွန်းလို့ တိတ်သွားတဲ့အချိန်မှာလည်း မျက်လုံးလေးပြူး ကြောင်ကြောင်နဲ့ ဟိုကြည့်ဒီကြည့် အထိတ်ထိတ်အလန့်လန့်နဲ့ ဖြစ်နေရှာသတဲ့။ မနက်ရောက်တော့ စာရွက်အစုတ်ကလေးတရွက်ပေါ်မှာ အဖြစ်အပျက်တွေကို စာလုံး ပေါင်းတတ်သလို ပေါင်းပြီး ရေးတတ်သလို ခဲတံလေးနဲ့ရေးထားခဲ့တဲ့ ညီမလေးရဲ့စာတိုလေးကို တွေ့လို့လိုက်ရှာကြတော့ လယ်အနီး တောစပ်ထဲကသစ်ပင်ကြီး တပင်အောက်မှာ ကြိုးဆွဲချသေနေတဲ့ ညီမလေးအလောင်းကို တွေ့ကြရသတဲ့”။

“တောက် ... ဟို ခွေးမသားတွေကြောင့် ဟို ... ခွေးမသား တွေကြောင့်”လက်သီးတင်းတင်းဆုပ်ထားတဲ့ကြားက သူ့တကိုယ် လုံးတုန်တက်သွားပါတယ်။ သူ ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့ မျက်ရည်တွေကတော့ တပေါက်ပေါက်နဲ့ သူ့ပါးပြင်ပေါ်မှာ တလိမ့်လိမ့် စီးဆင်းနေကြပါတယ်။ စီးချင်သလောက်သာ စီးကျပါစေ သူ မသုတ်လိုတော့။
“အကိုတို့က ဒီမိုကရေစီကျောင်းသားတွေပဲ၊ ဒီမိုကရေစီ ရရင် အကိုတို့က ကိုယ့်အိမ်ကို ကိုယ်ပြန်သွားကြမှာပါ၊ အဲဒီကျတော့ ခမ်းဆာတို့ကို သတိတောင် ရမှာမဟုတ်ပါဘူး”
“ဘယ်ဟုတ်မလဲ၊ ဒီမိုကရေစီရလို့အိမ်ပြန်ရရင်တောင် ဒီနေရာတွေကိုတော့ မရောက်ရောက်အောင် ပြန်လာလည်အုံးမှာပဲ၊ အဲဒီကျတော့ အဘတို့အမေတို့ ခမ်းဆာတို့ကို အကိုတို့ဆီ တလှည့် အလည်ပြန်ခေါ်သွားမှာပေါ့”
“တကယ်”
“တကယ်ပေါ့ အဲဒီကျ အကိုတို့ဆီက မုန့်ညှင်းပေါင်းတို့၊ ဝဥသုတ်တို့ တလှည့်ပြန်ကျွေးမှာပေါ့”ဆိုတော့ သဘောကျပြီး ရယ်နေလိုက်တာ ပါးလေးတွေ ရဲတွတ်ပြီး မျက်ပေါက်ကျဉ်းကျဉ်းလေးတွေ ပိတ်သွားတဲ့အထိ။
ခါတိုင်း ပင်ပန်းနွမ်းနုယ်လာတဲ့အရှိန်နဲ့ တုံးခနဲအိပ်ပျော်သွား တတ်ခဲ့တဲ့သူဟာ သူ့ကိုအားကိုးတတ် အထင်ကြီးတတ် နွဲ့ဆိုးဆိုး တတ်တဲ့ညီမလေး ခမ်းဆာရဲ့မျက်နှာလေးကို မြင်ယောင်နေရင်းနဲ့ သာ မိုးစင်စင်လင်းခဲ့ပါပြီ။
----------

ဒီနေ့ကတော့ မန်ဝိန်းဈေးနေ့လေးတနေ့ပေါ့။ တပ်ကုန်း စခန်းပေါ်မှာနေတဲ့ ဒီစစ်ဗိုလ်ကောင်ဟာ ဒီဈေးနေ့ကိုတော့ သေချာပေါက် လာတတ်တယ်ဆိုတာ သူစုံစမ်းထားပြီးသား။ တပ်ကုန်းစခန်း ဘက်ကို ခွဲထွက်သွားတဲ့လမ်းဟာ အများပြည်သူမသွားတဲ့ ဒီခွေး မသားတွေ မဖြစ်မနေဖြတ်ရမယ့် အသေချာဆုံးလမ်းပဲ။ ဟုတ်တယ် ဒီလမ်းဟာ မင်းတို့နဲ့အသင့်တော်ဆုံးပဲ။

ဒါပေမယ့် ငါလိုချင်တာ ငါ့ညီမလေးကို မုဒိန်းကျင့်သွားတဲ့ ဟိုစစ်ဗိုလ်ကောင်ကိုပဲ။ ချိန်ကိုက်မိုင်းဆို မသေချာဘူး၊ ဒီကောင့် မမိဘဲ တခြားကောင်တွေမိသွားရင် နောက်တခေါက်ဆို သတိထားကြတော့ မယ်။ လုပ်ဖို့မလွယ်တော့ဘူး။ အဲဒီတော့ ဒီကောင်အလာ သေချာ အောင်စောင့်ပြီး ဆွဲမိုင်းကိုသုံးတာပိုကောင်းတယ်။ ဆွဲမိုင်းသုံးရင် တော့ ငါ့အတွက် အန္တရာယ်ကြီးတယ်၊ ဒါပေမယ့် ငါ့ကို အထင်တကြီး အားကိုးနေတတ်တဲ့ ညီမလေး ခမ်းဆာ၊ ငါ့ညီမလေး။ ဟုတ်တယ် ငါ့ညီမလေးအတွက် ငါလုပ်ကိုလုပ်ရမယ် ခွေးမသားကောင် ... တောက်။
တပ်စခန်းက အထွက်တင်ပါပဲ။

“ဝုန်း”ဆို ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးနဲ့အတူ ဈေးနေ့ကို ထွက်လာကြတဲ့ စစ်ဗိုလ်ကောင်၊ တပ်ကြပ်ကြီးနဲ့ စစ်သားတချို့ လေထဲကို လွင့်စင်မြောက်တက်သွားကြပါတယ်။ တပ်ကြပ်ကြီးကတော့ ပွဲချင်းပြီးပါပဲ။ စစ်ဗိုလ်ကောင်နဲ့ ကျန်တဲ့သူတွေလည်း ဒဏ်ရာ အကြီးအကျယ် ရသွားကြလေရဲ့။ ငါ ပွဲချင်းပြီးစေချင်တာက ဟိုခွေးမျိုး စစ်ဗိုလ်ကောင်ကို ... တောက်၊ ဒါပေမယ့် ဒီကောင်လည်း အနှေးနဲ့ အမြန်ပါပဲ သေမှာ၊ မှတ်ထား ခွေးမသားကောင်။ ငါ့ညီမလေးကို စော်ကားအုံး။

ရန်သူဟာ ပျားတုတ်ခံရသလိုပါပဲ။ အခံရ ပိုခက်သွားတာက သူတို့ တပ်ကုန်းအထွက်မှာတောင် လာပြီး မိုင်းထောင်ဝံ့တာကိုပါ။ အထက်ကများသိခဲ့ရင် ဘယ်လောက်တောင် သ္ခိာကျလိုက်မလဲ။ ဂမူးရှူးတိုး ကောက်ရိုးပုံထဲကျတဲ့အပ်ကို ရှာသလို တရားခံကို ပိုက်စိပ်တိုက် ရှာဖွေပါတော့တယ်။
သူ ရွာဘက်ကို သွားလို့မရဘူး၊ ရွာသားတွေမှာ အန္တရာယ်ရှိတယ်။ ဒီခွေးကောင်တွေက မထင်ရင်မထင်သလို ယောကျာ်းမှန်သမျှ ရွာလည်မှာစုခိုင်းပြီး အစုလိုက်အပြုံလိုက် အတွဲလိုက်ဆွဲပစ်ဖို့ ဝန်မလေးဘူး။ ငါပြေးစရာကတော့ လယ်ကွင်းပဲရှိတယ်။ လယ်ပြင် မှာ ဆင်သွားသလိုထင်းနေပေမဲ့လည်း မတတ်နိုင်ဘူး။ ဒီလမ်းကို ရွေးရမှာပဲ။
“ဟော ... ဟိုမှာဟေ့ ... ဟေ့ကောင် မပြေးနဲ့ ရပ်စမ်း” ပြောပြောဆိုဆို ကျည်ဆံတွေ အတွဲလိုက်ပါပဲ တဖောင်းဖောင်းနဲ့ သူ့ဘေးမှာ ပွတ်ကာသီကာဖြတ်သွားကြတယ်။ သူကတော့ မရပ်မနားကွေ့ပတ်ပြေးလျက်၊ လယ်ကွင်းတွေကြားက မြောင်းသေး သေးလေးနား အရောက်မှာတော့ သူဆက်မပြေးတော့ ပြေးနေလို့ လည်းအပိုပဲ။ သူဆုံးဖြတ်ချက်ချပြီးတာနဲ့ မြောင်းလေးထဲဝပ်ချ လိုက်တယ်။ သူ့မှာပါလာတဲ့ ပ္စတိုလေးတလက်ကို ဆွဲထုတ် လိုက်ပြီး မတုန်မလှုပ်ခံပစ်နေတော့တယ်။ ဒါပေမယ့် တယောက်နဲ့ အများ ဝိုင်းပစ်ကြတဲ့အချိန်မှာတော့ ...။

ဒဏ်ရာတွေဗလပွနဲ့ မသေမရှင်ဖြစ်နေတဲ့သူ့ကို လည်ပင်းမှာကြိုးချည် ထော်လာဂျီနဲ့တရွတ်တိုက် မန်ဝိန်းစေမြို့လေးထဲကို ဆွဲခေါ်သွားကြတယ်။ ပြီးတော့ ရွာသူရွာသား မြို့သူမြို့သားတွေ အားလုံးမြင်သာအောင် “သူပုန်ဆို ဒီလိုဖြစ်သွားမယ် ကြည့် ထားကြ”လို့ နမူနာပြလိုက်ပါတယ်။ သေသွားတဲ့ အခါမှာလည်း ဈေးemးက ညောင်ပင်ကြီးမှာချိတ်ဆွဲထားပြီး မသင်္ဂြိုလ်ရဘူးလို့ အမိန့် ထုတ်ထားတဲ့အပြင် နှစ်ရက်သုံးရက်ကြာလို့ ပုပ်စော်နံနေတဲ့ အလောင်းကောင်ကြီးကို òမ့ငယ်လေး ywfဝန်းကျင်မှာရှိတဲ့ ရွာတွေက ရွာသူကြီးတွေခေါ်၊ ရွာသားတွေခေါ်ပြီး မင်းတို့ချစ်တဲ့သူပုန်တွေလေ အခုနမ်းကြစမ်းဆိုပြီး အတင်းနမ်းခိုင်းသေးသတဲ့။ ဘယ်လောက် စက်ဆုပ်စရာ အော့နှလုံးနာဖွယ်ရာ ကောင်းလိုက်တဲ့ လုပ်ရပ်ပါလဲ။ နောက်တော့ မြို့နယ်ဆရာဝန်က ကျန်းမာရေးအကြောင်းပြပြီး မသင့်တော်ကြောင်းပြောမှ မြေမြှုပ်သဂြိုလ်ခွင့် ရခဲ့ပါတယ်။

ဘယ်သူမှ ပန်းခွေမလုပ်ရဘူးလို့ တားမြစ်ထားတဲ့ကြားထဲ ကပဲ နံနက်တိုင်း နံနက်တိုင်း သူ့ရဲ့မြေပုံလေးပေါ်မှာ ဘယ်သူ ဘယ်ဝါရယ်လို့ အမည်တပ်မထားတဲ့ ပန်းလေးတွေကတော့ အမြဲရှိနေ တတ်ပါသတဲ့။
ရဲဘော်ကျဆုံးခဲ့တဲ့မြေမှာ ရဲဘော်အတွက် အချစ်ပန်းလေး တွေ နံနက်တိုင်း နံနက်တိုင်း ပွင့်လန်းနေကြတယ်ဆိုတာကိုများ ရဲဘော်သိခဲ့ရင်၊ ပြီးတော့ ... ဒီအဖြစ်အပျက်တွေကို သူရောက်နေတဲ့ နေရာကနေ ရဲဘော်ရဲ့ညီမလေး ခမ်းဆာတယောက် မြင်တွေ့ခွင့်များ ရရှိခဲ့ရင်၊ သူရဲ့အကိုတယောက်လို ရဲဘော်ကို သူအထင်တကြီးနဲ့ အားကိုးမိခဲ့တာတွေဟာ မမှားဘူးလို့ သူသိခွင့်များရခဲ့ရင်တော့ ... ရဲဘော်ရယ်။

နောက်တန်းစခန်း (ဗဟို)မှာတော့ ရဲမေတစု တောရိုင်းပန်း လေးတွေကိုယ်စီကိုင်ရင်း ဘုန်းကြီးကျောင်းကုန်း တက်သွားကြလေရဲ့။ သူတို့ချစ်တဲ့ရဲဘော်အတွက် တောရိုင်းပန်းလေးတွေကို ဘုရားမှာတင်ပြီး ဆုတောင်းအမျှဝေကြလိမ့်အုံးမယ် ရဲဘော်။
---------

ဒီအချိန်ဆို လိုင်စင်တောင်တန်းမှာ ခရမ်းပြာပြာအချစ်ပန်း လေးတွေ ဖူးပွင့်နေကြပြီပေါ့ ရဲဘော်၊ ကြည့်လေရာ အရပ်ရှစ်မျက် နှာမှာ ခရမ်းရောင်လွှမ်းနေတဲ့ တောင်ကုန်း တောင်တန်းကြီးတွေက ပတ်လည်ဝိုင်းလို့၊ တောင်óကတောင်ကြား ချိုင့်ဝှမ်းလေးတွေထဲမှာ တော့ ခမ်းတောက်ဖူးဝါဝါလွေက အပြွတ်လိုက်အခိုင်လိုက် သင်္ကြန်အလွမ်းပြေ ပိတောက်ပန်းလေးတွေ ကိုယ်စားပေါ့လေ။ ခြုံပိတ်ပေါင်းတွေကြားထဲမှာတော့ ခတ္တာပန်းလို တောရိုင်းပန်း ဖြူဖြူလေးတွေ၊ နေကြာအရိုင်း ဝါဝါလေးတွေကလည်း ပုန်းလျိုး ကွယ်လျိုးနဲ့။

ဒီတောရိုင်းပန်းလေးတွေပါပဲ ရှေ့တန်းပြန်ရဲဘော်တွေကို ဂုဏ်ပြုကြဆိုခဲ့တာ။
ဒီတောရိုင်းပန်းလေးတွေပါပဲ ကျဆုံးသွားခဲ့တဲ့ရဲဘော်တွေ အတွက် လွမ်းသူ့ပန်းခွေ လှလှလေးတွေလုပ်ခဲ့ကြတာ။
ဒီတောရိုင်းပန်းလေးတွေပါပဲ။ မြေပုံလေးတွေပေါ်မှာ သတိရတိုင်း မြက်ရှင်းပေးကြရင်းနဲ့ အလွမ်းပန်းလေးတွေတင်ခဲ့ကြတာ၊ ဒီတောရိုင်းပန်းလေးတွေပါပဲ၊ ဘုရားမှာတင်ပြီး ဆုတောင်းပေးခဲ့ကြ၊ အမျှဝေပေးခဲ့ကြတာ၊ ကျောင်းသားရဲဘော်ရဲမေတွေ အားလုံးကတော့ တညီတညွတ်တည်း ကန့်ကွက်မဲမရှိ နာမည်ပေး ခေါ်ဝေါ်သုံးစွဲခဲ့ကြ တယ်လေ၊ ဘာတဲ့ ...။
အချစ်ပန်းလေးတွေတဲ့။

တမာခင်
ဒေါင်းအိုးဝေ အတွဲ ၁ အမှတ် ၅ ၂၀၀၇ ခုနှစ်


No comments:

 
/* EOT ----------------------------------------- */