Monday, July 16, 2007

အနာဂါတ်မှန်ကွဲစလေးများ

ကိုဈာန်
(၁)
မြန်မာအလုပ်သမားများနဲ့ ဈေးရောင်း ဈေးဝယ်တွေ ပျားပန်းခတ်နေတဲ့ မဲဆောက်ဈေးကလေးဟာ စည်စည်ကားကား ရှိလှပါတယ်။ အဲဒီအချိန်မှာ ဈေးဒေါင့်တနေရာက လှုပ်လှုပ်ရှားရှား ဖြစ်သွားတာကို တွေ့လိုက်ရတယ်။ (၁၂)နှစ် အရွယ်လောက်ရှိတဲ့ ကောင်မလေးတယောက်၊ လက်တဖက်က (၉) နှစ်အရွယ်လောက်ရှိတဲ့ ကလေးလေးကို လက်က ဆွဲ၊ တဖက်က ကော်သောက်ရေခွက်လေးကို ပြုတ်မကျအောင်ကိုင်ပြီး လူအပ်ကြားထဲမှာ အသည်းအ့် ပြေးလွှားနေပါ တယ်။ ကျနော်လည်း ဘေးမှာရှိတဲ့ ဈေးသည် တစ်ယောက်ကို ‘ဘာဖြစ်တာလဲလို့’ မေးလိုက်မိပါတယ်။ “သူတောင်းစား တွေကို ရဲက လိုက်ဖမ်းတာ ဖြစ်မှာပေါ့တဲ့”

ဟာ...ခနဲ ကောင်မလေးနဲ့ကောင်လေး ထွက်ပြေးသွားတဲ့ ဘက်ကို ရင်မောစွာ ကြည့်လိုက်မိတယ်။ ကောင်မလေးနဲ့ ကောင်လေးကတော့ လူအုပ်ကြားထဲမှာ အလုအယက် ပြေးလွှားနေတုန်း၊ ကော်သောက်ရေခွက်ကလေးထဲက အကြွေစေ့လေးတွေကို ပြုတ်မကျအောင် ထိန်းကိုင်၊ သူ့မောင်လေးကိုလည်း မကျန်ခဲ့အောင် လက်ကစွဲစွဲမြဲမြဲကိုင်၊ ဖမ်းမိရင်ဆိုတဲ့ သောကအပူတွေနဲ့ လွတ်ရာလွတ်ကြောင်းကိုရှာ၊ လူအုပ်ကြားထဲ ခယတဲ့မျက်နှာလေးတွေနဲ့ အတင်းတိုး ပြေးလွှား လမ်းရှာ ဖျတ်ခနဲ့တွေ့လိုက်ရတဲ့ အချိန်လေးမှာတင်ပဲ တကွက်ချင်းတကွက်ချင်း ပြန်မြင်ယောင်နေမိ၊ ကလေး တွေ လွတ်မြောက်ပါစေ။

(၂)
“ကန်စွန်းရွက်ယူအုံးမလားဦး (၅) ဘတ်တန်အစည်းလည်းရှိတယ်၊ (၂) ဘတ်တန်လည်းရှိတယ်။ (၂)ဘတ်တန် (၃)စီး ယူရင် (၅)ဘတ်နဲ့ ယူဦး”၀ယ်မယ်လို့တောင် မပြောရသေးဘူး စကားကိုတောက်လျောက်ပြောသွားတဲ့ ကန်စွန်းရွက် စည်းတွေကို ပွေ့ပိုက်ပြီး လာရောင်းတဲ့ ကောင်မလေးကို ကျနော် ကြည့်မိပါတယ်။ အမဲရောင် ဘက်လုနေပြီ ဖြစ်တဲ့ ကျောင်းဝတ်စုံ အဖြူအစိမ်း စကတ်လေးကို ၀တ်ဆင်ထားတဲ့ (၁၁) နှစ်အရွယ်သာသာ ကောင်မလေး တစ်ယောက်။
“(၅) ဘတ်တန်နှစ်စီး ယူမယ်သမီး”ကျနော်က ဆက်ပြီး “သမီးကျောင်း မတက်ဘူးလား” ကျောင်းတက်ရမယ့်အရွယ်၊ ကျောင်းဝတ်စုံ ၀တ်ထားတာမို့ ကျနော်လည်း မေးမိတာပါ၊၊
“သမီးအရင်က ရောင်ခြည်ဦး ကျောင်းမှာတက်တယ် ကျောင်းထွက်လိုက်တာ ကြာပြီလေ၊ အခုသမီးညီမလေးပဲ တက်တယ်။” သက်ပြင်းတိုးညင်းစွာချရင်း ကောင်မလေးက ပြန်ဖြေပါတယ်။ နောက် (၁၀)ဘတ်တန် အကြွေပြား လေးကို ၀မ်းသာအားရလှန်းယူပြီး ထွက်သွားတဲ့ကောင်မလေးကို ကျနော်ငေးကြည့် နေတုန်းဘေးနားမှာ ရှိတဲ့ သူငယ်ချင်းက “ဟုတ်တယ်... သူက အရင်ရောင်ခြည်ဦး ကျောင်းမှာတက်တယ်လေ၊ အခုလည်း ကန်စွန်းရွက် ရောင်းရတဲ့ ပိုက်ဆံလေးနဲ့ ညနေအတွက် ဆန်ကီလိုဝက် လောက် ၀ယ်စားရတာကွ၊ အဘွားနဲ့နေတာ သူ့အဖေအမေက ဘန်ကောက် တက်သွားတာ (၁) နှစ်လောက်ရှိပြီ” ပြောရင်း သူလည်း သက်ပြင်း တိုးတိုးလေး ချလိုက်တာ တွေ့ရတယ်။ ကျူးကျော်ရပ်ကွက်က ရှစ်ပေပတ်လည် မရှိတရှိ တဲလေးအတွင်း သူမ အဘွားကတော့ ထမင်းချက်ဖို့ သူ့မြေးမလေးကို ရဲမဖမ်းပါစေနဲ့ဟု ဆုတောင်းရင်း မျှော်နေရှာ ပေလိမ့်မယ်။
(၃)
“အကို ကျနော်တို့ ပုလင်းတွေ ကောက်သွားမယ်နော်”ကလေးနှစ်ယောက် ခြံနောက်ဘက် မြောင်းထဲမှာ လွှင့်ပစ်ထားတဲ့ ပုလင်းခွံတွေ ကောက်ဖို့ ခွင့်တောင်းနေတာပါ။ ကလေးတွေကို ကြည့်တော့ အသက် (၉) နှစ် (၁၀) နှစ်လောက်ပဲ ရှိအုံးမယ်။ တယောက်က အင်္ကျီမပါ၊ နောက်ကလေးတယောက်က အင်္ကျီခပ်နွမ်းနွမ်းလေးဝတ်ထားပြီး နှစ်ယောက် စလုံးက ဖိနပ်ဗလာ။ ပုလင်းတွေ များများရတော့ ပျော်နေတဲ့ပုံ။
‘စက္ကူပုံးတွေလည်းအများကြီးပဲ ကောက်ကောက်၊ ဟာ.. ဒီပုလင်းဆို (၂) ဘတ်လောက်တော့ ရမယ်’ ပြောပြီး နှစ်ယောက်သား အလုအယက် ကောက်နေကြတယ်။
‘ပုလင်းကွဲစူးမယ်နော်’လို့ ပြောနေတဲ့ အသံကိုတောင် ကြားပုံမရ။ “ဒီနေ့တော့ ပွတာပဲဟေ့”လို့ ပြောလည်းပြော ဆာလာအိတ် တစ်လုံးနီးပါးလောက်ရှိတဲ့ ပုလင်းတွေ၊ ကတ်ထူစက္ကူတွေပါတဲ့ အိတ်ကြီးကို ကလေးနှစ်ယောက် မနိုင့်တနိုင်နဲ့ တယောက်တဖက် သယ်ပိုးပြီးထွက်သွားကြပါတယ်။ ကလေးတွေအတွက် တနေ့စာ ပျော်ရွှင်မှုလေးတော့ ရသွားကြမှာပါပဲ။ သူတို့ ပျော်ရွှင်မှုဆိုတာက...။

(၄)
နေ့လည်နေမွန်းမတည့်ခင်အချိန်။
“ဒီ မုန့်ဟင်းခါးထုတ်တွေကုန်မှ အိမ်ပြန်ရမှာလေ”
(၃)ဘတ်တန် မုန့်ဟင်းခါး (၃)ထုတ်ကို ဗန်းပေါ်တင်ပြီး လိုက်ရောင်းနေတဲ့ (၁၁)နှစ်အရွယ် ကောင်မလေးက ပြောတာပါ။ ‘အမေနေမကောင်းလို့ ဈေးလိုက်မရောင်းနိုင်လို့ သမီး ဈေးကူရောင်းပေးတာ၊ အဖေလည်း မရှိတော့ဘူး၊ အကို တယောက်ရှိတာ ဘန်ကောက်တက်သွားတာ (၂)နှစ်လောက်ရှိပြီ ဘာသတင်းမှ မရသေးဘူး’။ ‘မုန်းဟင်းခါးတွေ အကုန်ယူလိုက်ပါလားဦးရယ်၊ အေးလေ မကုန်ရင်လည်း မနက်စာ လုပ်လို့ရတာပဲ။’ သူ့ကိုယ်သူ ပြော သလိုလို ကျနော့်ကိုပြောသလိုလိုနဲ့စကားကို တိုးတိုးပြောနေတယ်။ တီးတိုးရွက်နေတုန်း ကောင်မလေးရဲ့ မျက်ဝန်းမှာ မျက်ရည်စို့ တက်လာတာကို တွေ့လိုက်ရတယ်။ လောကဓံအထုအထောင်းကို ၀ဋ်ကြွေးတခုလို့ သတ်မှတ်တဲ့အထဲမှာ သည် ကောင်မလေးလည်း ပါဝင်နေပါလိမ့်မယ်။ သူမရဲ့နေလောင်ထားတဲ့ အသားအရည်၊ လောကဓံတရားရဲ့ဖိနှိပ်မှုကို ခံစားနေ ရတဲ့ မျက်ဝန်းက ကောင်မကလေးရဲ့ ဘ၀ ခံစားမှုကို ပြောပြနေသလိုပါပဲ။

(၅)
တရွက်ချင်းလှန်ဖတ်ဖြစ်ခဲ့တဲ့ စာမျက်နှာတွေမှာ စီးမျောရင်း တခါတရံ ၀မ်းနည်းလိုက်၊ ရင်မောလိုက်၊ စာနာလိုက် ဘ၀ရသ အထွေထွေကို တရွက်ချင်းတရွက်ချင်း ကြေကွဲ...၊ ဟုတ်တယ် ဘယ်လိုမှ ပြန်ဆက်လို့မရတဲ့ မှန်ကွဲစတွေက– ဘ၀အမောတွေ၊ လောကဓံ တရားရဲ ရိုက်ချက်တွေ၊ အရာရာကြောက်ရွှံ့နေတဲ့ မျက်ဝန်းတွေ၊ လွမ်းဖွယ် ဆွေးဖွယ်တွေ၊ ဘ၀နှင့် ရင်းပြီးခံစားရခဲ့ရတဲ့ ခံစားမှုတွေ... ရင်ထဲမှာ စူးရှ။ အဲဒီဘ၀နဲ့ရင်းပြီးခံစားနေကြရတဲ့ သူတို့ ကလေးတွေရဲ့ ဘ၀တွေဟာ သူတို့ကိုယ်တိုင်ကြောင့်ပဲလား၊ သူတို့တွေရဲ့ မိဘတွေကြောင့်ပဲလား၊ မြန်မာပြည် ခေတ်စနစ်ဆိုးကြီး ကြောင့်ပဲလား၊ လောကဓံတရားရဲ့ ရိုက်ချက်တွေက ပြင်းလိုက်တာ...။ မည်သည့်အတွက်ကြောင့် ပါလဲ။
အဲဒီလားပေါင်းများစွာရဲ့ အနာဂတ်မှန်ကွဲစကလေးတွေကတော့ လောကဓံတရားမျိုးစုံအောက်မှာ ဘ၀ခရီးကို ဆက်လျောက် နေရအုံးမှာ အသေအချာပင်။

1 comment:

ဒီဝိုင်း said...

တကယ်စိတ်မကောင်းစရာပါဘဲဗျာ….ကရုဏာသက်၊ ကိုယ်ချင်းစာမိပါတယ်။

 
/* EOT ----------------------------------------- */