Wednesday, August 29, 2007

အလွမ်းနက်နက်တွေရဲ့ မျက်ဝန်းထဲမှာ

ကိုဈာန်

(၁)
“ဒါကတော့ မော်ဒယ်ဂဲလ်တွေ လမ်းလျောက်နည်း ...”
သူ့ခန္ဓာကိုယ် ပိန်ပိန်သေးသေးလေးကို တွန့်လိမ်တွန့်လိမ် နဲ့ မော်ဒယ်ဂဲလ်စတိုင်လမ်းလျှောက်နေတဲ့ ကိုတူးနိုင်ကိုကြည့်ပြီး ရဲဘော်တွေ တ၀ါးဝါးနဲ့ပွဲကျနေကြသည်။ အစကတည်းက သူလမ်း လျောက်ရင် လိမ်ဖယ်လိမ်ဖယ်ဆိုတော့ မော်ဒယ်ဂဲလ်စတိုင်လျောက်တော့ ပိုတူသွားသည်။ ဒါကတော့ စိုးမြတ်နန္ဒာ၊ ဒါကတော့ အိန္ဒြာကျော်ဇင် ပုံစံမျိုးစုံအောင်လုပ်ပြနေသည်။

ညနေ နေ၀င်ဆည်းဆာချိန်မှာ ရဲဘော်တွေ ဘားတိုက်ပေါ်မှာ စုပြီးရောက်တက်ရာရာစကားပြောရင်း သူက ဟာသဖောက်နေတာပါ။ အသားကညိုညို လူကပိန်သေး မျက်နှာပေါ်မှာက ၀က်ခြံဗရပွနဲ့၊ သူ့ပုံက အမြဲရယ်ရွှင်နေတက်သည်။ ရဲဘော်တွေ ပျော်ရွှင်အောင်လည်း နောက်တတ်၊ ဟာသ စကားပုံတွေကိုလည်း တခုမဟုတ်တခု အမြဲပြောတတ်သည်။

သူက ကျနော်တို့တပ်ရင်းမှာ ဆေးမှူး။ ပညာပေးတော့ အမြဲ ပြောပြသည်။ ရေ၏ကောင်းကျိုး ... ရေသောက်ရင် အသားအရည် စိုပြည်သည်၊ ဦးနှောက်လန်းဆန်းသည်၊ ရေနှင့်အညစ်အညမ်းတွေ ဆေးထုတ်လို့ရသည် ... ကျနော်လည်း သိပ်မမှတ်မိတော့။ အဲဒီလို ရေ၏ကောင်းကျိုးကို အမြဲပြောသည်။ သူ့ကျတော့ အဲဒီလိုမဟုတ်။ ရေချိုးချင်မှ ချိုးသည်၊ ရေတော့သောက်ပါ၏ အယ်ကိုဟော ...၊ ကျနော်တို့က ခင်ဗျား ကျတော့ ခင်ဗျားပြောတဲ့အတိုင်းလဲ မလုပ်ဘူး။

“ဟ ... ငါက ဆေးမှူးဆိုတော့ ကောင်းကျိုးဆိုးကျိုးတွေကို သိတယ် လေကွာ ဟဲ... ဟဲ”

(၂)
ညနေ မှောင်စကပြုနေပြီ။
“ဟေ့ ... ဘားတိုက်ကြီးပေါ်မှာ ကော်ဖီထုပ်နဲ့ခရောင်းတစ် (စီးကရက်) တွေ ဝေနေတယ်။ သွားယူလိုက်အုံး။ နောက်ကျရင် စကေးမရပဲဖြစ်နေမယ်”။

ကိုတူးနိုင်တယောက် ရဲဘော် တွေနေတဲ့ ဘားတိုက် တတိုက်ပြီး တတိုက်ကို ခြေညောင်းခံပြီး လိုက်ဆော် သြနေလေသည်။ ဘယ်က ရှာကြံထား သည်မသိသည့် ကော်ဖီထုပ်နဲ့စီးကရက် ကိုလည်း တပြပြ။ တောထဲမှာနေသည့် ရဲဘော်တွေအတွက် ကော်ဖီထုပ်နဲ့ ခရောင်းတစ် (စီးကရက်)ရရင် ရွှေ။ တလတခါတောင် ရချင်မှရသည်။ သုခိတာဆေးပေါ့လိပ်ကိုပဲ ဖွာနေကြရသည့်ရဲဘော်တွေ ကော်ဖီထုတ် နဲ့ခရောင်းတစ် (စီးကရက်)ရမည်ဆိုတော့ ပျော်သွားကြသည်။ တခါတလေ သုခိတာ ဆေးပေါ့လိပ် ပြတ်သွားရင် သုခိတာဆေးပေါ့လိပ်ဖင်ဆီခံ အပေါ်က ဆေးသားအကျန်လေးတွေကိုယူပြီး စက္ကူနဲ့ပြန်လိပ် သောက်နေကြရတာ။ ဒီညတော့ အိပ်ခါနီး ကော်ဖီလေးသောက်၊ စီးကရက်လေးဖွာ၊ ဖယောင်းတိုင် မီးလေးနဲ့စာဖတ်ဆိုတော့ အိပ်မက် လှလှတောင်မက်နိုင်တယ်လို့ စိတ်ကူးတဲ့သူက ကူးနေပြီ။ စကေး မမီမှာစိုးလို့ ဘားတိုက်ကြီးကို ရဲဘော်တွေအပြေးအလွှား ...။

“ဗျို့ ... ရိက္ခာထိန်းကြီး ကော်ဖီထုပ်နဲ့ ခရောင်းတစ် (စီးက ရက်)ဝေနေတယ်ဆို ဗျ” ရိက္ခာကိုင်သည့် ရဲဘော်ကလည်း ကြောင် တောင်တောင်ဖြစ်သွားသည်။
“ဟာ ... မင်းတို့ကို ဘယ်သူပြောတုန်း... ဒီမှာတောင် ရိက္ခာတက်မယူနိုင်ရသေးတဲ့ကြားထဲ”
“ကိုတူးနိုင် ကျနော်တို့ဘားတိုက်တွေကို လာပြောသွားတာ ဗျ ...”

“ဒီလူ ဘယ်ရောက်သွားပါလိမ့် ... ဒါ ကျနော်တို့ကို လာကြပ် သွားတာဖြစ်မယ် ... တွေ့မယ် ဒီလူ ...”
ရဲဘော်တွေ သူ့ဘားတိုက်ဘက်သွားရှာသည် မတွေ့ ... ဘားတိုက်တွေနှံ့အောင် သူ့ကိုလိုက်ရှာသည် မတွေ့ ...၊ မနက်မိုး လင်းမှ ပြန်ပေါ်လာသည်။ အညောင်းတွေဘာတွေဆန့်လို့ ညတုန်းက သူဘာမှမလုပ်သလိုလို ခပ်တည်တည်။ စခန်းမှာရှိသည့် ရဲဘော်တွေအကုန်လုံး မနက်ပိုင်း ကျောင်းသားတပ်မတော်အလံတိုင်ကို အလေးðပ သစ္စာဆိုတန်းဖြုတ်ပြီးတော့ ရဲဘော်တွေက သူ့ကို ညကအကြပ်ခံရသည့်ကိစ္စ ထုထောင်းဖို့ မေးမြန်းကြ သည်။

“ခင်ဗျား ... ညတုန်းက ကျနော် တို့ကိုကြပ်ပြီး ဘယ်ပျောက်သွားတာ တုန်း ...”

“ဘယ်မှမပျောက်ဘူး ရှိပါတယ် ဟ” သူမသိသလိုလို၊ သူ မလုပ်သလိုလို ခပ်တည်တည်ပဲ။ ပုံမှန်အတိုင်းပဲ။

“ခင်ဗျားကို ကျနော်တို့လိုက် ရှာကြတာ ဘယ်မှာမှမတွေ့ဘူး ...”
“ဟေ ... ဟုတ်လား မင်းတို့ ငါ့ကိုမတွေ့ဘူးလား ... မင်းတို့ ကော်ဖီ ထုပ်နဲ့ခရောင်းတစ် (စီးကရက်)လာ ထုတ်မယ်ဆိုလို့ ငါကရိက္ခာထုတ်မယ့် စတိုခန်းထဲက စောင့်နေတာ ကွ ... အဟီး ...” ရဲဘော်တွေအားလုံး မျက်နှာများ မဲ့ရွဲ့သွားတော့သည်။

“ခင်ဗျားကတော့ ရယ်နိုင်တာပေါ့ဗျာ ကျနော်တို့မှာ ခြေလည်းညောင်း ကော်ဖီထုပ်နဲ့ ခရောင်းတစ် (စီးကရက်)ရမယ်ဆိုတော့ ဘားတိုက်ကြီးကို အသည်းအသန်ပြေးလိုက်ရတာ ... အမောပဲ” သူက တော့ ဘာမှပြန်မပြော တပြုံးပြုံး။

(၃)
နောက်တနေ့ မနက်၊ ကိုတူးနိုင်ကို ပုခက်နဲ့ထမ်းပြီးဆေးရုံ ပို့ဖို့အတွက် လှေပေါ်တင်သွားတာ တွေ့လိုက်သည်။

“ဘာဖြစ်တာတုန်း ဗျ ... မနေ့တုန်းကတောင် မော်ဒယ်ဂဲလ် လမ်းလျောက် နည်းတွေတောင် လျောက်ပြနေတာပဲ”ကျနော့် ဘေးနားမှာရှိတဲ့ ရဲဘော်တယောက် ကို မေးကြည့်မိသည်။ သူကလည်း သေသေ ချာချာမသိ။

“အေးဗျ ... ညတုန်းကအကောင်း အခုမနက်ကျတော့ လေဖြန်းတယ်ဆိုလား ဘာလား လမ်းလည်းမလျောက်နိုင်တော့ ဘူး ... စကားပြောရင်လည်း အသံမပီ မသနဲ့ တ၀ူးဝူးတ၀ါးဝါးဖြစ်နေတာပဲ”ဟု ပြောပြတော့ ကျနော်လည်းစိတ်မကောင်း ဖြစ်မိသွားသည်။ ရဲဘော်တွေအားလုံး လည်း စိတ်မကောင်းကြ။ ရဲဘော်တွေအား လုံးလည်း မျော်စင်လေးမှနေပြီး လှေထွက် သွားသည့်ဘက်ကို မျက်စိတဆုံးကြည့်ပြီး ကိုယ့်ဘားတိုက်ကို အသီးသီးကိုခေါင်းငိုက် စိုက်ချပြီး ပြန်သွားကြသည်။

နောက် ၃ နာရီကြာတော့ ကိုတူး နိုင်ကိုသယ်သွားသည့်လှေ ပြန်ဆိုက်လာ သည်။ အံမယ် ကိုယ်တော်ချော ကိုတူးနိုင် လှေပေါ်က ဆင်းပြီး တောင်ကုန်းပေါ်ကို အကျအနလမ်းလျောက်ပြီး ðပံးဖီးဖီးနဲ့ ပြန်ရောက်လာသည်။ ကုန်းပေါ်ရောက် တော့ ကျနော်တို့ထိုင်နေကျ မျော်စင်လေး တွင် သူလေည‡င်းခံပြီး ထိုင်နေလိုက်သေး၏။ ဘားတိုက်အသီးသီးက ရဲဘော်တွေအားလုံးလည်း သူနားစုðပံရောက် လာကြသည်။ အားလုံးလည်း အံ့အားသင့်နေကြသည်။ ၀ိုင်းမေးမြန်း ကြသည့်စကားတွေလည်း ထပ်နေသည်။

“ဘယ်လိုဖြစ်တာလည်း ... အခုပြန်ရောက်လာပြီ ခင်ဗျား ခုနကလေဖြတ်သလိုဖြစ်ပြီး စကားတောင်မပြောနိုင်ဘူး ...” နောက် တယောက်ကလည်း ထောက်ခံပြီး “ဟုတ်တယ် ... ခင်ဗျား ခုနက လမ်းတောင်မှ မလျောက်နိုင်တာ ...”

“ကဲ ... ကဲ ... အားလုံးပဲပြောပြမယ် ခဏစောင့်အုံး ကုန်းပေါ် တက်လာတော့ နည်းနည်းမောလို့ ...”သူကတော့ သူ့ထုံးစံအတိုင်း မိန့်မိန့်ကြီးပြုံးလို့ ...၊ အားလုံးကလည်း သိချင်ဇောနဲ့ သူ့ကိုဝိုင်း ကြည့်နေကြသည်။ “ရေလေး တခွက်လောက်တိုက်ပါအုံး ဟ ...” လူနာဆိုတော့လည်း ဘားတိုက်ကြီးပေါ် ရေပြေးယူတဲ့သူက ယူပေး၊ ယပ်ခပ်ပေးတဲ့သူက ခပ်ပေး သူကတော့ဇိမ်တွေ့နေသည်။ “ဟိတ် ကောင် ... ယပ်မခပ်နဲ့ကွာ တော်ကြာလေပြန်ဖြန်းသွားအုံးမယ်” “ဟုတ်ကဲ့ ... ဟုတ်ကဲ့ ...”သိချင်ဇောနဲ့ လုပ်ပေးနေသူကို သူက ဟောက်လိုက်သေး၏။

“ပြောတော့ဗျာ ...”
“အော် ... အေး ... အေး ... ဒီလိုကွ၊ ငါ့ကိုကွာ ပုခက်ထမ်းစင် နဲ့လှေပေါ်တင်ခေါ်သွားကော ဟိုဘက်ကမ်းလည်းရောက်ကော ရဲဘော်နှစ်ယောက်က ပုခက်ထမ်းစင်နဲ့ထမ်းပြီး လှေပေါ်ကနေပြန် ချကော”ရဲဘော်တွေ စိတ်မရှည်ချင်တော့ မျက်ဒေါင့်နီကြီးများနဲ့ ကြည့်နေကြပြီ။ သူက အဲဒီတော့မှ အတိုချုံးပြီးပြောပြသည်။ လှေပေါ်ကဆင်းတော့ကွာ ဆေးရုံသွားဖို့ ကားစောင့်ရတယ်၊ ကား စောင့်တာက နေပူကျဲတဲကြီးထဲမှာ ပုခက်ထမ်းစင်ကိုလည်း မြေပေါ် ချ၊ နေကလည်း ပူ၊ ကားစောင့်တာ နှစ်နာရီလောက်ကြာသွားတယ်။ နေပူနဲ့ထိလို့ထင်ပါ ရဲ့ကွာ ... တနာရီလောက်ကြာတော့ လက်တွေ လှုပ်လာတယ်၊ တနာရီခွဲလောက်ကြာတော့ ပါးရွဲ့တာ ပြန်တည့်ပြီး စကားပြောလာနိုင်တယ်။ နှစ်နာရီလောက်ကြာတော့ လမ်းလျောက် လာနိုင်တော့တာပဲဗျို့ ...ဆိုပြီး ကျနော်တို့ကို ပြောပြသည်။ တော်သေးတာပေါ့ နှစ်နာရီစာသာ အသေးစိတ်ပြန်ပြောရင်တော့ နှစ်နာရီ၊ သုံးနာရီစာလောက် နားထောင်နေရအုံးမယ်ဆိုပြီး ရဲဘော် တွေပြုံးမိကြသည်။ သူက အဲဒီလိုလည်း ဟာသဖောက်တတ်သည်။

(၄)
ညနေပိုင်းနေ၀င်ရီတရောအချိန်ဆိုရင် ကျောင်းသားတပ်မတော် အလံတိုင်ကိုအလေးပြုပြီး မျှော်စင်လေးမှာ ရဲဘော်တွေ ၀ိုင်းစုပြီး စကားပြောတတ်ကြသည်။ သောင်းရင်းမြစ်ရဲ့ ပြောင်းပြန် စီးတဲ့ရေပြင်ကြီးကိုကြည့် နေ၀င်ရီတရောအရောင်က သောင်ရင်း ရေပြင်ကိုဟပ်တာ သိပ်ကြည့်လို့ ကောင်းပါသည်။ အဲဒီအချိန်ဆိုရင် လွမ်းသလို ဆွေးသလိုလိုဖြစ်တက်ကြပါသည်။ ဂစ်တာတီးသီချင်း ဆိုတဲ့သူက ဆို၊ လွမ်းလွမ်းဆွေးဆွေးနဲ့ ငေးသူက ငေးပေါ့။

“အနေဝေး ... ရေဝေးမှာ ... ဆုံးရှုံးသွားရတော့မယ့် ပြည်မှာ ဆောင်း ...”
ခင်ဝမ်းသီချင်းကို ရဲဘော်တယောက်က လွမ်းလွမ်းဆွေးဆွေးနဲ့ ဆိုနေဆို။ ကိုတူးနိုင်ကလည်း အဝေးတနေရာကို ငေးရီလို့၊ သူ့မျက်ဝန်းမှာ မျက်ရည်တွေရစ်ဝိုင်းလို့ ...။ အမြဲနောက်ပြောင် ဟာသ ဖောက်တက်တဲ့ သူ့မှာ အလွမ်းနက်နက်တွေ ပြည့်နှက်နေပါလား ...။ သူ့အလွမ်းတွေကို သူပြန်တူးဆွနေတာကို သူမျက်ဝန်းကနေ လှစ်ခနဲ တွေ့လိုက်ရသလိုပဲ။ မျက်မမြင်တယောက်ရဲ့ မျက်ဝန်းတွေလိုမျိုးနဲ့ ဟိုး ... အဝေး ... ကြီး ... ကို ... ငေး ...။

သူက ဘေးနားမှာရှိနေတဲ့ကျနော့်ဘက်ကို ရီဝေေ၀မျက်ဝန်းတွေနဲ့ လှည့်ကြည့်လာသည်။ သူတခုခုကို ရင်ဖွင့်ချင်လာသည်ထင် သည်။

“ကိုတူးနိုင် ... ခင်ဗျားက သိပ်လွမ်းလှချည်လားဗျ” ကျနော်က သူရင်ဖွင့်လိုက်ရင် ခံစားချက်တွေလျော့ စေချင်လို့ မေးလိုက်တာပါ။

“ကျနော့် ... မိန်းမနဲ့သားလေး ... နို့ဘိုးဒ္ခုသည် စခန်းထဲမှာရှိတယ် ဗျ၊ သားလေးကော နေကောင်းရဲ့လား မသိဘူး၊ မိန်းမလည်း ဘယ်လိုနေရှာ မလဲမသိဘူး ဗျာ ...”ကြေကွဲသံဖွဖွလေးနဲ့ ကျနော့်ကို ပြောလာသည်။ သူ့မျက်ဝန်းတွေ ... သူ့စကားသံတွေ ... သူရဲ့ကြေကွဲမှုတွေက ကျနော်ဆီကို ပါ ကူးစက်လာခဲ့သည် ...။

(၅)
နောက်တနေ့ ကျနော်တို့ဆီက ကျောင်းသားတပ်ဖွဲ့တဖွဲ့ ရှေ့တန်းကို ထွက်သွားခဲ့ရသည်။ အဲဒီ ရှေ့တန်း ထွက်သွားခဲ့တဲ့တပ်ဖွဲ့ထဲမှာ ကိုထူးနိုင်က ဆေးမှူးအဖြစ်ပါသွားခဲ့သည်။ ကျနော်တို့တပ်ဖွဲ့က နောက်တန်းတွင် ကျန်ခဲ့သည်။

တညနေ ...
ကိုတူးနိုင်တယောက်ဒဏ်ရာရပြီး ပုခက်ထမ်းစင်နဲ့ ရှေ့တန်းကနေ သောင်ရင်းကမ်းနား ကျနော်တို့ စခန်းကိုပြန်ရောက်လာခဲ့သည်။ သူနှင့်အတူ ဒဏ်ရာရလာသော ခွဲမှူးမောင်ဝင်းလဲပါသည်။ အဲဒီက နေတဆင့် ဆေးရုံကိုပို့ရမှာပါ။ “ရဲဘော်ဝင်းကို၊ ရဲဘော်အောင်ကျော်စိုး၊ ရဲဘော်စိုးဝင်းသန်း (ကျဆုံး)”ဆိုတဲ့ ကြေးနန်းကတော့ ရပြီးသား၊ ရဲဘော်အောင်ကျော်စိုး ခြေထောက်သဲဝဲစားနေချိန်မှာ ကိုတူးနိုင်က ဆေးထည့်ပေးသည်။ ရဲဘော်ဝင်းကိုက ဆေးမှူးလုပ်ချင်သူဆိုတော့ ရပ်ကြည့်နေတဲ့အချိန်မှာ ရန်သူ့လက်နက်ကြီးက သူတို့နားကျသည်။ သုံးယောက်စလုံး ထိသည်။ သူတို့ကို ပြန်လာပို့တဲ့ရဲဘော်က ပြန်ပြော ပြသည်။ အဲဒီအတွက် ရဲဘော်တွေအားလုံးလည်း စိတ်မကောင်း ဖြစ်နေချိန်ပါ။ ကိုတူးနိုင် ပုခတ်ထမ်းစင်နဲ့ရောက်လာတယ်ဆိုတော့ ကျနော်တို့လည်း သူနားမှာစုပြုံပြီး အားပေးကြပါသည်။ သူကလည်း ကျဆုံးသွားတဲ့ ရဲဘော်တွေအားလုံးကိုလည်း စိတ်မကောင်းဖြစ်နေ ကြမှန်း သူသိနေသည်။

“ဟ ... မင်းတို့က ငါ့ကိုမျောက်ပွဲကြည့်သလို ကြည့်နေပါ လား၊ ငါဘာမှမဖြစ်ဘူး ပလာစတာကပ်ရင် ပျောက်တယ် လက်နက် ကျည်ဆံက ဆံပင်ဖြတ်ပြီး ခေါင်းထိတာပဲရှိတယ်”သူ့ခေါင်းကြည့်တော့ လည်း မီးခြစ်ဆံထက်နည်းနည်းကြီးတဲ့ အပေါက်ပဲတွေ့သည်။ နောက် သူကစကားပြောနိုင်သေးတယ်ဆိုတော့ ကျနော်တို့လည်း သိပ်စိတ်မပူတော့။ သူ့ဦးခေါင်းဒဏ်ရာကိုကုဖို့အတွက် မဲဆောက် ဆေးရုံကိုရောက်သွားသည်။ သူတို့ကို ဆေးရုံတက်ရင်ကူညီဖို့ ရဲဘော် လည်းပါသွားသည်။ ငါးရက်-ခြောက်ရက်နေတော့ သတင်းရောက်လာ သည်။

“ရဲဘော်တူးနိုင် ကျဆုံးသွားပြီ၊ မဲဆောက်ဆေးရုံကြီးမှာပဲ မဲဆောက်မှာပဲ သင်္ဂြိုဟ်မယ်”
ကျနော်တို့ ရဲဘော်တွေအားလုံး မယုံကြည်နိုင်ကြ။ အရင်ကလိုပဲ သူ နောက်ပြီး ပြန်လာမှာပါ ... ဗျာ။ နေပူထိရင်လေ သူပြန်နေကောင်းမှာပါ ...။ ကျနော်တို့ကို အဖြစ်အပျက်လေးတွေ ပြန်လာပြောပါဗျာ ...။
တစ်နာရီ-နှစ်နာရီမဟုတ်ဘူး။ နှစ်ရက်ကြာကြာ သုံးရက်ကြာကြာ ကျနော်တို့စိတ်ရှည်ရှည် နားထောင်ပေးပါ့မယ်။

နေ၀င်ရီတရော ... သောင်ရင်းမြစ်ရဲ့ ရေအလျှင်ကို ငေးကြည့်သူက ကြည့် ...။ သူ့ကို သယ်သွားသည့်လှေများ ပြန်လာလေမလားလို့ မျှော်သူကမျှော် ...။ လွမ်းလွမ်း ဆွေးဆွေး သီချင်းဆိုသူကဆို ...။

ကိုတူးနိုင်ရေ ... ခင်ဗျားကရော အဝေးတနေရာကို ငေးရီ နေဦးမှာလား၊ မျက်ဝန်းမှာ မျက်ရည်တွေ ရစ်ဝိုင်းပြီး အလွမ်းနက်နက်တွေ ပြည့်နှက်နေဦးမှာလား ...။ ခင်ဗျားအလွမ်းတွေကို ခင်ဗျား ပြန်တူးဆွပြီး ... အလွမ်းသမားတယောက်ရဲ့ မျက်ဝန်းတွေလိုမျိုးနဲ့ ဟိုး ... အဝေး ... ကြီး ... ကို ... ဝေး ... ... ဝေး ... ...။


ကိုဈာန်
(၂၀၀၇ စက်တင်ဘာလ ၅ ရက်၊ ဒီမိုကရေစီသူရဲကောင်းများနေ့ အတွက် အမှတ်တရ)။


1 comment:

ဂျစ်တူး - gyit_tu said...

ဆရာဈာန်လေး.. ဒီဟာ ပြန်ဖတ်ပြီး ပြန်ဝမ်းနည်းပြန်ပြီ ။

 
/* EOT ----------------------------------------- */