ရွှေအိမ်စည်
(က)
လူတွေနဲ့ဝေး... ဝေး၊ ဝေးတဲ့နယ်မြေ
တနေရာရှိ... ရှိ၊ ရှိရမယ်လေ
နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာပျော်နေ
သဘာဝရဲ့ ရင်သွေးငယ်တွေ
(စိုင်းထီးဆိုင်၏ “သဘာဝရင်သွေးငယ်” သီချင်းမှ)
“အဟုန်းဝ” ရွာက ဘီးလင်းချောင်းအား ကားယားခွ၍ ထားသည်။ ချောင်း၏အရှေ့ဘက်ကမ်း၌လည်း အဟုန်းဝရွာရှိသလို ချောင်း၏အနောက်ဘက်ကမ်းခြေတွင်လည်း အဟုန်းဝရွာရှိသည်။ နှစ်ရွာလုံးက ဘီးလင်းချောင်းအား မေးတင်၍ ထားကြသည်။ မျက်နှာချင်းဆိုင်မဟုတ်။ ဓားလွယ်ခုတ်သဏ္ဍာန် ရှိသည်။ အနောက်ဘက်ကမ်းခြေရွာက မြစ်ညှာဘက် ပိုကျပြီး အရှေ့ဘက်ကမ်းရွာကမူ မြစ်အောက် ဘက်ကျသည်။ အဟုန်းဝအနောက်ဘက်ကမ်းရွာက ဘီးလင်းမြို့နှင့် ကမ်းတဘက်တည်းတွင်ရှိသည်။ ဘီးလင်း၊ ဖာပွန်လမ်းမနှင့်လည်း နီးသည်။ ချောင်းနှင့်ကားလမ်းကြားရှိ “ကျေးတောရွာ”...။ ဘီးလင်းနှင့်မူ (၇) မိုင်ခန့်သာဝေးပြီး မြင်းလှည်းနှင့် သွားလာ၍ရသည်။ အနောက်ဘက်ကမ်းရွာက အရှေ့ဘက်ကမ်းရွာထက် အိမ်ခြေပိုများပြီး ကရင်လူမျိုးများနေထိုင်ကြသည်။ တောင်ထန်းခြံလုပ်ငန်း များ ရှိကြသည်။ အာဏာပိုင်အဆက်ဆက်က စိုက်ခိုင်းသဖြင့် ကြံကိုသာစိုက်ပျိုးကြရသည်။ ကြံက စပါးလောက် တောင်သူများအတွက် တွက်ခြေမကိုက်။ မစိုက်မဖြစ် အာဏာစက်ကြောင့်သာ စိုက်နေ ကြရသည်။ တံတားခါးကျိုးတပ်စခန်း၊ အမှတ် (၃) ခြေမြန်တပ်ရင်းဌာနချုပ်နှင့် အဟုန်းဝအနောက်ဘက် ကမ်းခြေရွာတို့က တြိဂံတခု၏ အနားစွန်းများသဖွယ် ချောင်းနှင့်ကားလမ်းကြားတွင် ရှိ၍နေသည်။ နှစ်မိုင်၊ သုံးမိုင်ထက် မကွာဝေးကြ။ တပ်စခန်းနှစ်ခုက ဘီးလင်း၊ ဖာပွန်ကားလမ်းပေါ်တွင်ရှိပြီး ရွာက ချောင်းနဘေးတွင်ရှိသည်။ ဘီးလင်းမှလာသော် တံတားခါးကျိုး တပ်စခန်းအားလွန်လျှင် ကားလမ်းမှ ဖယ်ပြီး ရွာသို့သွားသည့် လှည်းလမ်းရှိသည်။ လှည်းလမ်းက ကြံခင်းများအား ဖြတ်၍သွားသည်။
ကျနော်တို့မြင်းလှည်းက တံတားခါးကျိုးတပ်စခန်းအား လွန်ခဲ့ပြီ။ ဂိတ်မှစစ်သားသည် ကျနော်တို့ မြင်းလှည်းအား ခဏမျှ ကြည့်ပြီး လမ်းအားပိတ်ထားသည့် ၀ါးတန်းဂိတ်များအား ဖွင့်ပေးသည်။ မည်သို့မျှ မစစ်မေး၊ အဟုန်းဝရွာသို့သွားသည့် လှည်းလမ်းဝသို့ ရောက်သည့်အခါ၌ ကျနော်တို့ မြင်းလှည်းပေါ်မှ ဆင်းကြ၏။ တယောက်.. နှစ်ယောက် .. သုံးယောက်။ ကျနော်တို့၌ လွယ်အိတ် တလုံးသာပါသည်။ လွယ်အိတ်ထဲ၌က အ၀တ်အစားအပိုတစုံစီနှင့် ငွေအနည်းငယ်မျှသာ...။
ထားတော့။ တပေါင်းနေသည် ဖျော့၍ ဖျော့၍လာပြီ။ ကျနော်တို့တခုတော့ စိုးရိမ်နေသည်။ ရွာ
အတွင်း၌ စစ်တပ်နှင့် မတိုးမိစေရန်။ တွေ့၍ မေးလားမြန်းလားလုပ်လာလျှင်လည်း ပြဿနာမရှိ။ ကျနော်တို့ ဖြေရန်စိတ်ကူးထားပြီးသား အဖြေများကရှိသည်။ ရွာအတွင်းသို့ လှည်းလမ်းအတိုင်း
ဝင်ခဲ့သည်။ ရွာတွင် စစ်ကြောင်းမရှိ။ ကျနော့်မိတ်ဆွေ၏ အမည်အားပြော၍ ရွာသားတဦးအား မေးရသည်။ သူညွှန်ပြသည့်အတိုင်း ကျနော့်မိတ်ဆွေ၏အိမ်သို့ ရောက်သည်။ ပထမ၌ ကျနော်တို့
အားတွေ့ပြီး ကျနော့်မိတ်ဆွေသည် အံ့သြ၍နေသည်။ ကျနော်အကျိုးအကြောင်းရှင်းပြ၍ သူ့ထံမှ အကူအညီတောင်းသည်။
“အရှေ့ဘက်ကမ်းကူးရင်တော့ ဒီအတိုင်းကူးလို့မဖြစ်ဘူး။ အရင်လူလွှတ်ပြီး သတင်းစုံစမ်းဦးမယ်။ အခုတလော ဟိုကောင်တွေ အ၀င်အထွက်အမြဲရှိတယ်။”
ကျနော့်မိတ်ဆွေပြောသည့် ဟိုကောင်တွေဆိုသည်မှာ ခလရ (၉၆) စစ်ကြောင်းနှင့် (သကစဖ) ဟု ခေါ်သော သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့များအား ရည်ညွှန်းခြင်းဖြစ်သည်။ အရှေ့ဘက်ကမ်းတွင်မူ ကျနော်တို့ ဟိုကောင်တွေနှင့် တွေ့၍မရတော့။ အနောက်ဘက်ကမ်းရွာကဲ့သို့ ရှင်းပြ၍လည်း မရနိုင်။ ချောင်းခြားသော ဤအရပ်က ကေအန်ယူတပ်မဟာ (၁၀) ၏ ပြောက်ကျားဒေသဖြစ်၍နေပြီ။ န၀တ
အတွက်မူ စစ်ဆင်ရေးနယ်မြေ။ အမဲရောင်အရပ်။ ဤအတွက် ဤအရပ်တွင် ကျနော်တို့ ဟိုကောင် တွေနှင့် ဆုံမိ၍မရ။ ကြိုတင်၍ သတင်းစုံစမ်းပြီးမှ ကျနော်တို့အား ကျနော့်မိတ်ဆွေမှ အရှေ့ဘက် ကမ်းသို့ လိုက်ပို့ပေးရန် စီစဉ်ခြင်းဖြစ်သည်။ ကောင်းကင်သည် ပုဇွန်ဆီရောင်အသွေးမှ ဖျော့၍လာ သည်။ ၀ါဖျော့ဖျော့...။ ထိုမှ မှိုင်းပြပြ...။ အရောင်များပြောင်းလဲ၍ သွားတော့သည်။
(ခ)
နေ၀င်ညကို ကူးဖြတ်ပြီးမှ
ရောင်နီသာတဲ့နေ့သစ်ကိုရောက်မယ်
သံသရာလမ်းဟာ မချောမွေ့တတ်တော့
ရင်ဆိုင်ရန်ခွန်အားဖြည့် မိငယ်ရေ...
(ခင်မောင်တိုး၏ “ခွန်အားဖြည့်မိငယ်” သီချင်းမှ)
တပေါင်း၊ တန်ခူးဖြစ်၍ ချောင်းပြင်သည် ရေသားနည်းပြီး သဲသောင်များဖြင့် ကျယ်၍နေသည်။ သဲသောင်အတွင်းသို့ မဆင်းမီ ကမ်းပါးစပ်ရှိ မိုးမခပင်ရိပ် အုပ်အုပ်များအောက်၌ ကျနော်တို့အားလုံး ခေတ္တထိုင်ပြီးငြိမ်၍ ချောင်းရေပြင်နှင့် ဟိုဘက်ကမ်းဆီသို့ စူးစိုက်၍ကြည့်၏။ လဆန်းရက် လရောင် သည် ရေပြင်နှင့် သဲသောင်ပြင်ပေါ်သို့ ယိုစီး၍ ဖိတ်ကျနေသည်။ ဘော်ငွေရောင် ဖျော့ဖျော့အောက်၌ အရာအားလုံးသည် ငြိမ်သက်၍နေ၏။ ချောင်းရေသည် ရေအလျင်သာ။ အရာအားလုံးသည် သက်ငြိမ်…။
အရှေ့ဘက်ကမ်းရွာဆီမှ နွားခလောက်သံများအား ကြိုးကြား၊ ကြိုးကြား ကြားရ၏။ အိမ်အပြန် နောက်ကျသည့် နွားရိုင်းတို့၏ ခလောက်သံ...။ တခါတခါတွင်မူ ကာလသားတို့၏ လရောင်ဆမ်း
သည့် ညဥ့်ဦးယံ၌ မထူးခြား...။ ဟိုကောင်တွေမရှိ။ သူတို့ရှိပါက ရွာသည် ဤသို့မဟုတ်...။ တိတ် ဆိတ်၍နေသည်။ ငြိမ်၍နေ၏။ ၀ပ်၍နေ၏။ တစပြင်ကဲ့သို့ ..။
“ကျနော်တို့ကူးကြရအောင်..”
ကျနော်တို့အားလုံး မိုးမခအရိပ်မှ ထွက်၏။ ကမ်းပါးမှဆင်းသည်။ သဲသောင်ပြင်အား ဖြတ်ကြ၏။ နွေရက်များဖြစ်၍ ချောင်းရေက တိမ်သည်။ ဒူးဆစ်မြုပ်ရုံသာ ရှိသည်။ လုံချည်အား “မ” ပြီး ရေပြင်သို့ဆင်း၏။ လရောင်သည် ကျနော်တို့အားလုံး၏ ကျောပေါ်၌ ခိုစီး၍လိုက်လာသည်။ ရေပြင်ထက်မှ လဆန်းရက်လသည် ကျနော့်အား မော့၍ကြည့်သည်။
ကျနော်ခေါင်းမော့လိုက်သည့်အခါ၌ ရွာမှကလေးများ၏အသံများကိုပင် ကြားရ၏။ ရွာသို့သွားရာ လူသွားလမ်းက ကမ်းပါးနှင့်မှေးပြီး ကပ်လျှက်သွားသည်။ ကျနော်တို့အပေါ်မှ ၀ဲ၍အော်နေသော တစ်တီတူးငှက်၏ မြည်သံက မရပ်တော့။ မှိတ်တုတ် မှိတ်တုတ်မီးရောင်များအား ဟိုမှသည်မှ တွေ့ရသည်။ အရှေ့မှသွားနေသော ကျနော့်မိတ်ဆွေသည် အိမ်ဝင်းတခုအတွင်းသို့ ၀င်လိုက်သည်။ အိမ်ရှင်အား ကျနော့်မိတ်ဆွေက ကရင်လို လှမ်း၍ခေါ်လိုက်သည်။ ကျနော်တို့က အိမ်ရှေ့ သရက်ပင် အုပ်အုပ်၏အရိပ်၌ လရောင်ကွယ်၍ မှောင်ရိပ်ခို ရပ်နေကြသည်။
ကျနော့်မိတ်ဆွေနှင့် အိမ်ရှင်သည် ကရင်လိုပြောနေကြသည်။ စကားသံအား ကြားရသော်လည်း နားမလည်။ ခဏကြာလျှင် သူတို့နှစ်ဦးလုံး ကျနော်တို့ရှိရာ သစ်ပင်အရိပ်ဆီသို့လာကြသည်။
“သူက ဒီရွာရဲ့ “ဘီဘဲလ်ခို” ပဲ။ ခင်ဗျားတို့ကိစ္စ သူဆက်စီစဉ်ပေးလိမ့်မယ်”
ကျနော့်မိတ်ဆွေပြောသည့် “ဘီဘဲလ်ခို” ဆိုသည်မှာ ကရင်လိုရွာသူကြီးဖြစ်သည်ကို နောင်မှ ကျနော်တို့သိလာကြရသည်။
ဤရွာများ၌ ရွာလူကြီးအား နှစ်ယောက်ထားကြ၏။ တယောက်က န၀တအာဏာပိုင်များနှင့် ဆက်ဆံ ရန်ဖြစ်ပြီး တယောက်က ကော်သူးလေအာဏာပိုင်များနှင့် ဆက်ဆံရန်ဖြစ်သည်။ ယခုကျနော်တို့နှင့် တွေ့သည့် ရွာသူကြီးက ကော်သူးလေပြည်နယ် အာဏာပိုင်များနှင့် ဆက်ဆံရမည့်သူဖြစ်မည်။ ကျနော်က ဆက်သွယ်လိုသည့် ကေအန်ယူမှ “ဖဒို” တယောက်၏အမည်အား “ဘီဘဲလ်ခို” ကို ပြောသည်။ သူက …။
“မနက်ဖြန်ကျမှ ဆက်သွယ်တာပေါ့။ ဒီညတော့ ခင်ဗျားတို့ မဲနခေါင်းရွာဘက်တက်အိပ်တာ ကောင်းမယ်။ ဒီမှာက အချိန်မရွေး ဟိုကောင်တွေ ၀င်ထွက်ကြတယ်။ စိတ်မချရဘူး။”
သူ့စကားအရ ကျနော်တို့ဒီည ခရီးဆက်ကြရဦးမည်။ မဲနခေါင်းရွာက အဟုန်းဝရွာ၏ အထက်ပိုင်းတွင် ရှိသည်။ ဘီးလင်းချောင်းဘေးတွင်ပင်ရှိသော်လည်း ရွာဝန်းကျင်က ကွင်းမဟုတ်။ တောတောင် လျှိုမြောင်တို့ရှိသည်။ န၀တစစ်ကြောင်းများလည်း ရုတ်တရက် ၀င်ထွက်မလှုပ်ရှားရဲ။ ကျနော်တို့အဖို့ လုံခြုံမှုရှိသည်ဟု ဆိုရမည်။ ကျနော်တို့ အဟုန်းဝရွာမှ ထွက်ခဲ့၏။ လမ်းပြသည် ပုဆိုးတထည်အား ပုခုံးပေါ်တင်၍ အရှေ့မှလျှောက်သည်။ သူ့နောက်မှ ကျနော်တို့...။ ကျနော်တို့ရွာသို့ဝင်ခဲ့သော လမ်း ဘက်ဆီမှ ခွေးဟောင်သံ စူးစူးဝါးဝါးအား ကြားရသည်။ ကျနော်တို့ခြေလှမ်းများ မြန်၍လာသည်။ စစ်ဆင်ရေးနယ်မြေ၌ လက်နက်ရှိသောရန်သူအား လက်နက်မရှိသေးသည့် ကျနော်တို့ မရင်ဆိုင် လိုသေး...။ ကြံခင်းများအား တခင်းပြီးတခင်း ဖြတ်ကျော်ခဲ့ရ၏။ လရောင်ကိုမူ ကျနော်တို့ကျောပိုး၍ ထားရဆဲ။
(ဂ)
ပိုင်ဆိုင်တာအားလုံး စွန့်ကာလေ
မနာလိုစရာလည်းပဲ မရှိတော့ပေ
ဘယ်သူမဆိုအာလုံး တန်းတူနေ
ညီအစ်ကိုလို ကြင်နာမှုနဲ့လေ
လောကအသစ်တခုတည်နေ ..
(စိုင်းထီးဆိုင်၏ “သဘာဝရင်သွေးငယ်” သီချင်းမှ)
“စောဖားကလိုး” က ကျနော်နှင့် အလယ်တန်းထိ ကျောင်းနေဘက်သူငယ်ချင်း။ ယခုမူသူက ကေအန်ယူသို့ဝင်ပြီး ကရင်လက်နက်ကိုင်တော်လှန်ရေးအား လုပ်ကိုင်၍နေသည်။ ကေအန်ယူ တပ်မဟာ (၁) မဲနခေါင်းနယ်မြေ၏ အကွက်မှူး၊ ကျနော်တို့ “စောဖားကလိုး” တို့ အဖွဲ့ထံတွင် ရောက်သည်မှာ (၃) ရက်ရှိပြီ။ မဲနခေါင်းနယ်မြေ၏ ကြံခင်းစောင့်တဲလေးတွင် ဖြစ်သည်။ မဲနခေါင်းချောင်းက ဘီးလင်းမြစ်အတွင်းသို့ စီးဝင်သည့် ရိုးငယ်လေးမျှသာ။ မိုးအခါတွင်ရေပြည့်ပြီး နွေဦးမှစ၍ ရိုးလေးအတွင်း ရေမရှိတော့။ ဟိုတကွက်၊ သည်တကွက် ရေအိုင်ငယ်လေးများသာ ကျန်ရှိတော့သည်။
နေ့ခင်းဘက်များတွင် ရေအိုင်ငယ်အတွင်းဆင်း၍ ငါးဖမ်းကြသည်။ အိုင်ပက်ကြ၏။ ငါးနုတ်ကလေး များလည်း ရတတ်ကြ၏။ အများအားဖြင့်မူ ဖားတပိုင်း၊ ငါးတပိုင်းများကိုသာ အရများ၏။ ဖားလောင်း များက လက်မခန့်ပင်ရှိသည်။ အရောင်က ညိုမည်းမည်း၊ ရေစင်အောင်ဆေးသော်လည်း အချွဲက မပျောက်။ ဖားလောင်းများအား သရက်သီးစိမ်းနဲ့ ချက်စားကြသည်။ ချက်သည်ဆိုသော်လည်း
ဆီမပါ။ “ဟန်းကော” တွင် အချိုမှုန့်၊ ဆားခပ်၍ ပြုတ်ခြင်းမျှသာ...။
ဤရက်အတွင်း ကျနော်တို့ လူတယောက်အား ရှာ၍နေကြသည်။ “ဘီဘဲလ်ခို” များ၊ ကင်းသမားများ ကိုလည်း လူလွှတ်၍ ရှာခိုင်း၏။ လမ်းလျှောက်စကားပြောစက်မှလည်း “စောဖားကလိုး” မှ ကေအန် ယူ၏ အခြားစက်များသို့ မေး၍ရှာ၏။ မတွေ့။ ပျောက်၍နေသည်။ သူက ကျနော်တို့ထက် တရက်ကြို ထွက်ခဲ့သည်။ ချောင်းကူး၍ အရှေ့ဘက်ကမ်းသို့ ရောက်ခဲ့ပြီကိုမူ ကျနော်တို့ မြို့မှ မထွက်မီကတည်း
က သိသည်။ အသေအချာပင်...။ သို့ကြောင့်ပင် ကျနော်တို့ နောက်နေ့၌ သူ့နောက်သို့ အမီလိုက်ခဲ့
ခြင်းဖြစ်သည်။ ဤသို့ထွက်ရန်အစီအစဉ်အားလုံးက ကျနော်တို့၏ အစီစဉ်ပင်။
ကေအန်ယူနှင့် အဆက်အသွယ်ရယူမှု၊ ဆက်သွယ်ပေးမည့်လမ်းပြ၊ ထွက်ခွာမည့်လမ်းကြောင်း၊ အားလုံးအား ကျနော်တို့ပင် စီမံခဲ့ကြ၏။ သူက အကြမ်းအဖျင်းမျှသာ သိ၏။ ဘယ်ရွာကို သွားမည် ဟူ၍မျှသာ...။ အသေးစိတ်ကိုမူ မသိ။ သူနှင့် ကျနော်တို့အားလုံး အတူတူထွက်ကြရန် စီမံထားကြ၏။ ဤအတွင်း သူက အစိုးရိမ်လွန်ပြီး တယောက်တည်းထွက်သွားခဲ့၏။ ယခုမူ (၄) ရက်မြောက်ခဲ့ပြီ။ သူ့သတင်းအား လုံးဝမရသေး။ ကေအန်ယူမှ မည်သည့်အဖွဲ့နှင့်မျှလည်း တွေ့သည်ဟူ၍ မကြားရ။ ရွာသားများတွေ့ခဲ့သည်ဟူ၍လည်း သတင်းမရ။ သူဘယ်ရောက်လို့ နေပြီနည်း။ မတတ်နိုင် ..။
ဖြစ်နိုင်သည်က နှစ်လမ်းရှိသည်။ ကေအန်ယူနှင့် အဆက်အသွယ်မရသည့်အတွက် ပြည်တွင်းသို့
လျှို့ဝှက်စွာပြန်ဝင်သွားပြီး တနေရာရာတွင် ရှောင်၍နေသည်လား။ ဒါမှမဟုတ် န၀တစစ်ကြောင်းနှင့် တိုးမိပြီး အဖမ်းခံသွားရပြီလား။ မြို့ရှိ သူ့နေအိမ်ကိုတော့ ပြန်၍မရ။ အဖမ်းခံရမည်သာဖြစ်မည်။ အန်အယ်လ်ဒီ၏ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး ကျနော်တို့မြို့၏ မြို့နယ်စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌတဦးဖြစ်သည့် သူသည် ကော်မရှင်သို့ မြို့နယ်စည်းရုံးရေးအမှုဆောင်အမည်စာရင်း လိမ်ညာပြီး တင်သည်ဟူသည့် စွဲချက်နှင့် သူ့အားရုံးတင်မည်ကို ကျနော်တို့ ကြို၍သိထားကြသည်။
အမှန်တော့ လျော့သွားသော မြို့နယ်စည်းရုံးရေးအမှုဆောင် အချို့နေရာတွင် အသစ်ရွေးချယ်သည့် အမှုဆောင်အမည်စာရင်းသစ်အား ကောင်မရှင်သို့ ဥက္ကဋ္ဌအနေဖြင့် လက်မှတ်ထိုးပြီး သူတင်ပြခြင်း
သာ ဖြစ်သည်။ ဤသည်ကို န၀တမှ အမည်စာရင်းနှစ်ခုမတူညီ၍ လိမ်ညာခြင်းဖြစ်သည်ဟူ၍ စွပ်စွဲပြီး ဖမ်းရန်ဖြစ်သည်။ အန်အယ်လ်ဒီ၏ လိုင်းသုံးလိုင်း မဟာဗျူဟာအလွန် န၀တမှ အန်အယ်လ်ဒီအား မြို့နယ်အထိ ထိုးစစ်ဆင်လာသော စစ်ဆင်ရေးဖြစ်သည်။
သူ့သတင်း တိတိကျကျမရဘဲ ကျနော်တို့ ဤအနီးအပါးမှ ထွက်ခွာသွား၍မရ။ မာနယ်ပလောသို့ တက်သွား၍မဖြစ်။ သူ့သတင်းအား တိတိပပ သိရမှသာ ကျနော်တို့ ဘာဆက်လုပ်ရမည်ကို ဆုံးဖြတ် ရမည်။ “စောဖားကလိုး” နှင့်ကျနော်တို့ယာယီနေထိုင်သည့်တဲငယ်သည် မဲနခေါင်းချောင်းရိုး၏ ကမ်းပါးထိပ်တွင်ပင်။ ရိုးချောင်း၏ တဘက်ကမ်းပါးသည် ကျနော်တို့ရှိသည့်ဘက်ထက် နိမ့်သဖြင့် ကျနော်တို့က အပေါ်စီးမှ နေရာယူထားသကဲ့သို့ရှိ၏။ ရေမရှိတော့သော်လည်း ချောင်းရိုးကမ်းပါး စောက်နက်သဖြင့် အလွယ်တကူ တဘက်ကမ်းမှ ကူးမလာနိုင်။ တဘက်ကမ်း၏ ဟိုမှာဘက်တွင်
လည်း ဖုန်းဆိုးတောများသာရှိ၍ မျက်ကွယ်၊ ကျည်ကွယ်ပင်မရ။ ကျနော်တို့က အပေါ်စီးမှကြို၍ တွေ့မြင်နိုင်သည်။
ညနေ သုံးနာရီဝန်းကျင်တွင် ပုံမှန်ညနေစာအား စားကြပြီးဖြစ်သည်။ မနက်ဆိုလျှင်မူ (၇) နာရီခန့် စားကြ၏။ တဲဘေး၌ မိုးကာစအား ဖြန့်ခင်း၍ ဟန်းကောများအတွင်းမှ ထမင်းကိုပုံ၏။ ထို့နောက်... နှမ်းငပိ၊ ပြီးလျှင်... ကျနော်တို့၏ ဟင်းလျာများဖြစ်သည့် ဖားလောင်းနှင့်သရက်သီး။ ကျနော်တို့ အားလုံး ထိုင်၍စားသောက်ကြသည်။ ထမင်းပူပူ၊ ငရုတ်သီးချဉ်ချဉ်နှင့် ဖားလောင်းချွဲချွဲ...။ ချောင်း ကမ်းပါးတဘက် ဖုန်းဆိုးတောမှ လက်နက်ကိုင်စစ်သားတယောက်အား ရိပ်ခနဲတွေ့လိုက်ရသည်။
“ပွိုင့်” ပြေးလာသူဖြစ်မည်။ “စောဖားကလိုး” သည် သူ့ဘေးမှ ကာဘိုင်ရိုင်ဖယ်သေနတ်အားဆွဲပြီး ကမ်းပါးထိပ်ရှိ သစ်ပင်ဘေးသို့ပြေး၍ ၀ပ်လိုက်သည်။ သူ့ရဲဘော် နှစ်ယောက်သည်လည်း သူနှင့် ယှဉ်၍နေရာယူပြီး တဘက်ကမ်းသို့ ကြည့်နေကြသည်။ ကျနော်၏အသိက ကျနော့်အားညွှန်ကြား နေ၏။ နေရာယူရန်...။ သို့သော် ကျနော့်ခန္ဓာကိုယ်က မလှုပ်ရှား...။ ထမင်းဝိုင်းတွင် ထိုင်လျှက်ရှိနေ သေး၏။ တဘက်ကမ်းဖုန်းဆိုးတောမှ နောက်ထပ်လက်နက်ကိုင်စစ်သားများ ပေါ်လာပြန်သည်။ တယောက်၊ နောက်...တယောက်။ ပစ်ခတ်သံကိုမူမကြားရ။ ကျနော်က လှုပ်၍မရသေး။
“လူမှားမယ်၊ လူမှားမယ်၊ “ကျော်ဖားလူ” လူတွေ”
“စောဖားကလိုး” မှ သူ့ရဲဘော်များအား ပြောရင်း သစ်ပင်ကွယ်မှ ပြန်ထလာသည်။ ဤအချိန်အထိ ကျနော်တို့က လှုပ်ရှား၍မရသေး။ ထမင်းလုတ်အား လက်တွင်ဆုပ်လျက်...။ တဘက်ကမ်းမှ ရဲဘော်များ ချောင်းရိုးငယ်အား ကူးလာကြသည်။ ကျနော်တို့ ထမင်းဝိုင်းဘေးတွင်ပင် ထိုင်ကြ၏။ သူတို့ကိုင်သည့် လက်နက်များတွင် န၀တစစ်တပ်မှသုံးသော ဘီအေ (၆၃) မောင်းပြန်ရိုင်ဖယ်များ လည်း ပါသည်။ ယူနီဖောင်းက ညိုပုတ်ပုတ်...။ လက်မောင်းတံဆိပ်မှာမူ မပါ။ “ကျော်ဖားလူ” အဖွဲ့က ကေအန်ယူ၏ဒေသခံ ပြည်သူ့ပြောက်ကျားတပ်ဖွဲ့ဖြစ်သည်။ ဤနယ်မြေတွင်တော့ တိုက်ခိုက်ရေးတွင် နာမည်ရသည့်အဖွဲ့ဖြစ်သည်။ “ကျော်ဖားလူ” နှင့် “စောဖားကလိုး” တို့ ကရင်လိုပြောနေကြသည်။ ကျနော်တို့က နားမလည်။ ထမင်းကိုသာဆက်၍ စားနေကြသည်။ ကရင်လိုပြောပြီး “စောဖားကလိုး” က ကျနော့်ကို မြန်မာလိုပြန်ပြောသည်။
“မနက်က အဟုန်းဝနဲ့ မြောက်သူဌေးကုန်းအကြားက တောင်ထန်းတောထဲမှာ အသားဖြူဖြူပိန်ပိန်နဲ့ အသက်လေးဆယ်ကျော်လောက်ရှိတဲ့ လူတယောက်ကို “ကျော်ဖားလူ” တို့အဖွဲ့တွေ့လို့ မေးမြန်း ကြည့်တယ်။ ဘာမှမေးလို့မရဘူး။ နာမည်လည်း မပြောဘူး။ ဒါပေမယ့် လွယ်အိတ်ထဲမှာ အင်္ဂလိပ် စာအုပ်ရယ်၊ မှတ်တမ်းစာအုပ်တအုပ်နဲ့ တိုက်ပုံအင်္ကျီတွေတွေ့တယ်... ။ ဒါနဲ့ ..။
“စောဖားကလိုး” ကသူ့စကားကို “ဒါနဲ့” ရပ်ထား၏. ကျနော်ရင်ထဲထိပ်သွား၏။ ဒါနဲ့ … ဘာဖြစ်”
သလဲ...။
“ဘာမှမေးလို့မရလို့ ဖမ်းပြီး ဗိုလ်မိချောင်းဆီ သွားပို့ခဲ့တယ်”
ဗိုလ်မိချောင်းက ကေအန်ယူတပ်မဟာ (၁) သထုံခရိုင်အုပ်ချုပ်ရေး၏ သထုံမြို့နယ် ဥက္ကဋ္ဌဖြစ်သည်။ ကျနော်တို့က သူ့ထံသို့လည်း ကျနော်တို့ရှာနေသည့်သူ၏ ပုံသဏ္ဍာန်နှင့် အကျိုးအကြောင်းအား ဆက်သွယ်ရေးစက်ဖြင့် အကြောင်းကြားထားပြီးပြီ။ စိုးရိမ်စရာမရှိတော့...။ ကျနော်တို့အမတ်မင်းအား ပြန်တွေ့ပြီ။ ကျနော်တို့သုံးယောက် တယောက်မျက်နှာတယောက်ကြည့်ပြီး ပြုံးနိုင်တော့၏။ ဖား လောင်းတကောင်အား ဟန်းကောထဲမှခပ်၍ စားလိုက်၏။ လည်ချောင်းထဲတွင် ချွဲ၍ ၀င်သွားသည်။ ဗိုလ်မိချောင်းတို့က ကျခပ်ချောင်းတောင်ပေါ်တွင် စခန်းချနေကြသည်။
(ဃ)
ဒီကမ္ဘာမှာ စစ်... စစ်၊ စစ်မဖြစ်ရာမြေ
တနေရာရှိ... ရှိ၊ ရှိရမယ်လေ
ထာဝရငြိမ်းချမ်းမှုရှာကာပျော်ရွှင်နေ
သဘာဝရဲ့ ရင်သွေးငယ်တွေ...။
(စိုင်းထီးဆိုင်၏ “သဘာဝရင်သွေးငယ်” သီချင်းမှ)
ကျခပ်ချောင်းတောင်ပေါ်သို့ရောက်လျှင် တောင်ရိုးအတိုင်းလျှောက်၏။ တောင်ပေါ်ကကြည့်လျှင် ဘီးလင်းမြို့အား လှမ်း၍မြင်ရသည်။ သဲသဲကွဲကွဲမဟုတ်။ ဤအရာကဈေး၊ ဟိုအရာက စာသင်
ကျောင်း၊ ထိုအရာက ဆေးရုံဟူ၍မူ ခွဲခြား၍ရ၏။ တောင်ရိုးပေါ်မှတဆင့် သွယ်ဆင်းသွားသော တောင်နှာမောင်းအတိုင်း ဖဲ့၍ဆင်းကြသည်။ ဤအတိုင်း ဆက်၍ဆင်းသွားပါက ကျခပ်ချောင်းရွာသို့ ရောက်မည်။ ကျနော်တို့က ရွာဆီသို့မသွား...။ ဂငယ်သဏ္ဍာန်ပြန်၍ ကွေ့ပတ်နေသည့် လက်မောင်း သွယ်တောင်ရိုးအတိုင်း လျှောက်ခဲ့၏။ ၀ါးရုံတောများအတွင်းသို့ တိုးဝင်ခဲ့ကြ၏။ လူသွားလမ်းဟူ၍ မတွေ့ရတော့...။ လမ်းဖျောက်ထားသည်လား။ ၀ါးရွက်ကြွေများဖုံးလွှမ်းနေ၍ လမ်းမတွေ့ရတော့ သည်လား မပြောတတ်။
ဝါးရုံပင်အောက်၌ ကေအန်အယ်လ်အေ ရဲဘော်လေးနှစ်ဦး ကင်းစောင့်နေသည်ကို တွေ့ရ၏။
သူတို့နှစ်ယောက်၏ အနောက်ဘက်၌ နောက်ထပ်သုံးယောက်အား တွေ့ရပြန်သည်။ RPG နံပါတ်
(၅) တလက်အား သူတို့ထဲမှ တယောက်က ကိုင်ဆောင်ထားသည်။ ကင်းရှည်ထုတ်ထားသော ကင်းတပ်စိတ် တစိတ်ဖြစ်မည်။ ကျနော်တို့လာမည်ကို ကြိုသိ၍လားမသိ။ သူတို့မည်သို့မျှ မေးမြန်း ခြင်းမရှိ။ ကင်းတပ်စိတ်အား လွန်ခဲ့သည်။ ၀ါးရုံရိပ်များအောက်၌ ကေအန်အယ်လ်အေရဲဘော်များ
အား တွေ့ရ၏။ ဟိုနားတစု၊ သည်နားတစု။ အချို့က ပုခက်ပေါ်တွင် လဲလျောင်း၍ နားနေကြသည်။
ဗိုလ်မိချောင်းတို့နှင့်အတူ သူလည်း ထမင်းစားနေသည်။ကျနော်တို့ သူ့အနားတွင် ၀င်ထိုင်လိုက်ကြ သည်။ ကျနော်တို့အားမြင်၍ သူ့မျက်လုံးသည် ၀င်းလက်၍သွားသည်။ ပြီးလျှင်...။ ကျနော်တို့အား ကြည့်နေသော သူ့အကြည့်က မှုန်မှိုင်းသွားပြန်သည်။ သူ့အကြည့်အား ကျနော်အားမရ။ သုံးလေး ရက်အတွင်းတွင်သူသည် “ချုံ့” ကျသွားသည်။ ပိန်ပါးသော ခန္ဓာသည် အောက်ခံအင်္ကျီမပါသော တိုက်ပုံအင်္ကျီအနက်အောက်၌ သေးငယ်သွားသည်ဟု ထင်မိ၏။ လက်ကောက်ဝတ်နေရာတွင် ကြိုးရာအစင်းကြောင်းသည် ဖြူသောသူ့အသား၌ ထင်နေသည်။ ကျနော်က မျက်လုံးအကြည့်အား လွှဲလိုက်၏။ “ဟ” နေသည့် တိုက်ပုံအင်္ကျီအောက်မှ သူ့၏ရင်သည် မို့လာလိုက်၊ ချပ်သွားလိုက်နှင့် လှုပ်ရှားမှုမြန်နေသည်။
(ခေတ်ပြိုင် အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြသည်။)
သူနှင့်ပြန်ဆုံပြီဖြစ်၍ ကျနော်တို့၏ ခရီးအား ဆက်ကြရတော့မည်။ မာနယ်ပလောဆီသို့...။ မာနယ် ပလောက တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုကရက်တစ်အင်အားစုတို့ ပေါင်းဆုံစုစည်းရာအရပ်...။ ပြီးလျှင် စစ်အာဏာရှင်တို့အား လက်နက်ကိုင်တော်လှန်သော ခံတပ်...။ လွတ်မြောက်ရေးတိုက်ပွဲ
တို့၏ လွတ်မြောက်နယ်မြေ။ စစ်တိုက်လေယာဉ်အုပ်စုတစု ပျံသန်းလာသော အသံများအား ဆူညံ စွာကြားရ၏။ PC – 6၊ PC – 7 အမျိုးအစားတိုက်လေယာဉ်များ ..။ ကျနော်တို့အပေါ်မှ ဖြတ်၍ ပျံသန်းသွားကြသည်။ ထွီးပါးဝီးကျိုး၊ နော်တ၊ မယ်ညောခီးနှင့် မာနယ်ပလော လွတ်မြောက်ရေး နယ်မြေများသို့ စစ်အုပ်စုမှ ထိုးစစ်ဆင်ရန် ပျံသန်းသွားကြခြင်းဖြစ်သည်။ န၀တက ပြည်တွင်းစစ်အား လေကြောင်းမှပင် စစ်ဆင်၍ တိုက်နေကြပါပကောလား။ ။
(ခေတ်ပြိုင် အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြသည်။)
Monday, February 11, 2008
သူပုန်တယောက်၏ ဖွင့်ဟ၀န်ခံချက်၊ ပထမည အစီရင်ခံစာ (အကျဉ်း)
Posted by ကိုဈာန် at 9:43 AM
Labels: အက်ဆေး/၀တ္ထုတို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment